သတင်း

သန်းခေါင်စာရင်းကို သတ်မှတ်ရက်ထက် စောပြီး စစ်ကောင်စီ ကောက်ယူ

ရာဂီသန်းခေါင်စာရင်းကောက်ယူမှုသည် နောက်မဆုတ်ရုံသာမက တစ်ရက်ကြိုပြီး ပေါ်ပေါက်လာသည်။

အောက်တိုဘာ ၁ရက်နေ့မှ ၁၅ရက်နေ့ထိ သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက  ကြေညာခဲ့သော်လည်း  မြို့နယ်အချို့တွင် တစ်ရက်ကြိုပြီး ကောက်ယူနေပြီဖြစ်သည်။

ကောက်ယူနေသည့် မြို့များတွင် နိုင်ငံအလယ်ပိုင်းမန္တလေးမြို့၊ စစ်တက္ကသိုလ်ကြီးများအခြေစိုက်ရာ ပြင်ဦးလွင်မြို့တို့ ပါဝင်ကြောင်း ဒေသခံများထံမှသိရသည်။

နံနက်ပိုင်းမှစတင်ကာ  အိမ်သုံး မော်တော်ယာဉ်များဖြင့် ရောက်လာသည့် ကွင်းဆင်းကောက်ယူသည့် အဖွဲ့များတွင် လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများ၊ ရဲ၊ စစ်သား၊   ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ  စုစုပေါင်း  ၁၂ဦးခန့်စီ ပါဝင်သည်၊ ဆေးရုံဆေးခန်းများ၊ ဟိုတယ်နှင့်တည်းခိုခန်းများသို့ ဝင်ရောက် ကောက်ယူနေသည်ဟု ပြင်ဦးလွင်မြို့ ဒေသခံများထံမှသိရသည်။ 

ထိုအုပ်စု၏ လှုပ်ရှားမှုသည် စစ်ဆင်ရေးနယ်မြေတွင် လှုပ်ရှားနေသည့် တပ်ဖွဲ့နှင့် ဆင်တူနေသည်ဟု ပြင်ဦးလွင်မြို့တွင်  သန်းခေါင်စာရင်းကောက်ခံခဲ့ရသူ တစ်ဦးကဆိုသည်။

“ကျွန်တော်တည်းခိုတဲ့ အဆောင်တစ်ခုလုံးကို ပိတ်ချလိုက်ပြီး အခန်းတိုင်း တစ်ဖွဲ့စီခေါ်ပြီး စာရင်းကောက်တာ။ ထွက်ပြေးလို့မရအောင် တံခါးပေါက်မှာက စစ်သားနှစ်ဦးက လက်နက်အသင့်နဲ့စောင့်နေတယ်”ဟု  သူက ပြောသည်။

“ရဲ နှစ်ပွင့်နဲ့ အရာရှိက နှစ်ဦးပါတယ်။ စစ်သားတွေက အစောင့်အကြပ်သဘောပဲ။ ကျန်တာက လဝက ဝန်ထမ်းအမျိုးသမီးတွေနဲ့ ရာအိမ်မှူးအုပ်ချုပ်ရေးမှူးက တစ်ဦးတစ်ယောက်ချင်းစီခေါ်ပြီး ထိုင်မေးမြန်းတယ်”  

စစ်ဆေးမေးမြန်းသူတို့က အမည်၊ အသက်၊နေရပ်လိပ်စာ၊မှတ်ပုံတင်ပန်းရောင်ကဒ်ကိုင်ဆောင်ခြင်း ဟုတ်၊မဟုတ်စစ်ဆေးပြီး အလုပ်အကိုင်များအား ဦးစားပေး မေးမြန်းသည်။ ရက်သတ္တပတ်အတွင်း လုပ်ကိုင်ခဲ့ရသော အလုပ်အကိုင်ကိုလည်း  မေးမြန်းမှတ်ယူသည်ဟု ထိုသူကဆိုသည်။

“စိတ်ထဲမှာ အတော်မသက်မသာဖြစ်တယ်။ တစ်ဦးတည်းက မေးမြန်းနေပေမယ့် လူဆယ်ယောက်လောက်က ဝိုင်းပြီး ကြည့်နေတော့။ လက်နက်အသင့်နဲ့စစ်သားတွေကလည်း စောင့်ကြပ်နေတာ”ဟု ထိုသူက ပြောပြသည်။

အမျိုးသားတစ်ဦးကလည်း  ပြင်ဦးလွင်မြို့ ဆေးခန်းတစ်ခုတွင် လူနာစောင့်ရန်ရောက်ရှိနေချိန် သန်းခေါင်စာရင်းကောက်ယူခံလိုက်ရသည်ဟု  Myanmar Now ကို ပြောပြသည်။

“အင်အားများတယ်။ မသိရင် ဆေးခန်းလာတာတောင် တရားခံဝင်ဖမ်းနေတဲ့ပုံစံနဲ့ လာကောက်တာ။ အဓိကကတော့ အသက်အရွယ်၊ အလုပ်အကိုင်တို့ကို မေးတယ်။ နောက်ပြီး အခြားဘာသာစကား ဘာကျွမ်းကျင်လဲ၊  မှတ်ပုံတင်က ပန်းရောင်ကိုင်တာလားတို့မေးတယ်။ မေးနေချိန် ရဲက ဖုန်းနဲ့ ဓာတ်ပုံရိုက်သွားသေးတယ်”ဟု ဆိုသည်။

ယနေ့နေ့လယ်၂နာရီခန့်တွင်လည်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တွင်လည်း ဆရာဝန်၊ သူနာပြု၊ လူနာနှင့် လူနာစောင့်များပါမကျန် သန်းခေါင်စာရင်းများကောက်ယူနေကြောင်း ယင်းအမျိုးသားကဆိုသည်။

“ဒီနေ့ကတော့ ပြင်ဦးလွင်မြို့ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတွေနဲ့ ဆေးရုံတွေကို ကောက်တာများတယ်။ ရွာတချို့လည်း စကောက်နေပြီကြားတယ်”ဟု သူက ဆက်ပြောသည်။

ရန်ကုန်၊ နေပြည်တော်

ရန်ကုန်၊ ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ၎င်း၏နေအိမ်သို့ မည်သည့်နေ့တွင် သန်းခေါင်စာရင်း  ကောက်ယူသူတို့ လာကြမည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ကြိုတင်အသိပေးထားသည်ဟု ပြောသည်။  

နေပြည်တော်၊ ဗုဗ္ဗသိရိမြို့နယ်တွင်လည်း သန်းခေါင်စာရင်းကောက်ယူသေးခြင်းမရှိသေးသော်လည်း မြို့နယ်အချို့တွင် အကြောင်းကြားစာ လာရောက်ပို့ဆောင်ပေးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သန်းခေါင်စာရင်း လာကောက်မယ်။ လူကြီးမင်းတို့ နေအိမ်တွင်ရှိပေးပါ ဆိုပြီး ကွက်လပ်မှာကတော့ ဘယ်နေ့လာကောက်မလဲဆိုတဲ့ နေ့ရက်နဲ့ နာရီတွေမပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

နေပြည်တော်ရှိ သန်းခေါင်စာရင်း ကောက်ယူရေးတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းတစ်ဦးက လိုအပ်သည့်  Mobile Tablet ပစ္စည်းများကို ထုတ်ပေးထားပြီး အောက်တိုဘာ ၁ရက်နေ့တွင် ကောက်ယူရန်သာ ညွှန်ကြားထားကြောင်းဆိုသည်။

အောက်တိုဘာ ၁ရက်နေ့မှ ၁၅ရက်နေ့ထိကောက်ယူသွားမည်ဖြစ်ပြီး လိုအပ်ပါက ရက်တိုးကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းသည် နို်ငငံတော်အတွက် လိုအပ်သော အချက်လက်များကို ကောက်ယူခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် အချက်လက်အလွဲသုံးမှုတို့ မဖြစ်ပေါ်စေရန် ဥပဒေဖြင့် ကာကွယ်ပေးထားသည်ဟု စစ်ကောင်စီက ဆိုသော်လည်း အာဏာသိမ်းမှု ဆန့်ကျင်သူ အများအပြားက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။  

ချင်းလက်နက်ကိုင် ၆ ဖွဲ့ ပါဝင်သည့် ချင်းညီနောင်အဖွဲ့က ၎င်းတို့ဒေသအတွင်း  သန်းခေါင်စာရင်း ကောက်ယူမှုကို တားမြစ်သည်၊  ပူးပေါင်းပါဝင်သူတို့ကို အရေးယူမည်ဟု  စက်တင်ဘာ ၃၀ တွင် ကြေညာချက် ထုတ်သည်။

စစ်ကောင်စီက ကောက်ယူပြီး ရလာသည့် အချက်အလက်များကို စစ်သားသစ်စုဆောင်းရေး၊ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အသုံးချဖွယ်ရှိသည်ဟု ကြေညာချက်က ဆိုသည်။

နိုင်ငံအနှံ့စစ်မက်ဖြစ်ပွားနေပြီး ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး အိုးအိမ်ပျက်စီး၊ လူဦးရေသိန်းနှင့်ချီရေဘေးသင့်နေချိန်တွင် စစ်ကောင်စီက  သန်းခေါင်စာရင်းကောက်ယူရေး အစီအစဉ်ကို ဦးစားပေး ဆောင်ရွက်နေသည်မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် အသေအပျောက်၊ အပျက်အစီး များပြားချိန် အခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲကို ရက်မရွှေ့တော့ဘဲ ပြုလုပ်ခဲ့ပုံနှင့် ဆင်တူနေသည်။ နာဂစ်ဖြစ်နေသည့်အခြေအနေတွင် အတည်ပြုခဲ့သောကြောင့်   တချို့က နာဂစ်အခြေခံဥပဒေဟု ဝေဖန်ကြသည်။

မဲစာရင်းမှားယွင်းမှု အကြောင်းပြ အာဏာသိမ်းထားသည့် စစ်ကောင်စီကမူ ယခု ကောက်ယူနေသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် “ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည်” ဟု အကြောင်းပြထားသည်။

၂၀၁၄ခုနှစ်က ကုလသမဂ္ဂ၏ အကူအညီဖြင့် သန်းခေါင်စာရင်းကောက်ခဲ့ဖူးသည်။ ယင်းမတိုင်မီက ကောက်ယူခဲ့သည်မှာ ၁၉၇၃၊ ၁၉၈၃ ခုနှစ်များတွင် ဖြစ်သည်။

Show More

Related Articles

Back to top button