
စစ်ကောင်စီလက်ထက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံရသူ ၁၅ ယောက်ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ တွင် စစ်ကောင်စီဆန့်ကျင်ရေး ကျိုင်းတုံမြို့တွင် ဆန္ဒပြခဲ့ကြပြီးနောက် လူငယ် လေးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ အသက် ၂၀ အရွယ်ရှိ မယွန်းလဲ့နန္ဒာအပါအဝင် လူငယ် ၄ ဦး ယင်းနေ့က အဖမ်းခံရပြီး မယွန်းလဲ့နန္ဒာကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားသည်။
“ကျွန်မသမီးက ၁၅ ရက်က ဖမ်းခံရတာပါ။ ဖမ်းဆီးခံရချိန် သမီး ရိုက်ခံရတယ်လို့လည်း သူ့အသံနဲ့ Video ဖိုင် တက်လာတယ်။ အခုချိန်ထိ ကျွန်မသမီးနဲ့ တွေ့ခွင့်မရပါဘူး။ ကျိုင်းတုံအကျဉ်းထောင်မှာ ချုပ်ထားပါတယ်။ ပစ္စည်းပေးလို့တော့ ရတယ်။ လူတွေ့ခွင့် မရဘူး” ဟု ဖမ်းဆီးခံရသူ မယွန်းလဲ့နန္ဒာ၏ မိခင်က ပြောသည်။
သမီးဖြစ်သူ၏ လက်ကိုင်ဖုန်းကိုလည်း သိမ်းဆည်းခံထားရပြီး နမူနာသဘောအနေဖြင့် အမှုပိုကြီးအောင် ပုဒ်မထပ်တိုးရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။
လာမည့် မတ်လ ၁ တွင် ရုံးထုတ်မည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
ဆန္ဒပြပွဲမှာ ပါဝင်သူများအပြင် အခြားသူများပါ ဖမ်းဆီးခံရပြီး အချို့မှာ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် မသိရကြောင်း မိသားစုဝင်များက ဆိုသည်။
ကျိုင်းတုံမြို့မှ ဒေါ်နီလာဝင်း ၊ စိုင်းလုံခမ်း (ဝမ်းမိတ္တူ)၊ ကျိုင်းတုံဟစ်တိုင်ပေ့ချ် အက်ဒမင် ဦးသီဟ၊ ကျိုင်းတုံသတင်းမှန်ပေ့ချ် အက်ဒမင် ဦးမင်းလွင်တို့လည်း ဖေဖော်ဝါရီ ၁ ကတည်းက ဖမ်းဆီးခံထားရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၉ တွင် ရုံးမတက်သည့် လှုပ်ရှားမှု CDM တွင်ပါဝင်သည့် ကျောင်းဆရာမ မီဆော (ခ) နန်းရှဲန်လာ၊ တစ်ကိုယ်တော်ပရဟိတသမားတစ်ဦး၊ မချော (ခ) ဒေါ်ခင်မမလှိုင် (မြရတနာရွှေဆိုင်) ၊ ဦးမြင့်စိုး (NLD မြို့နယ်အတွင်းရေးမှူး)၊ ဦးမိုးအောင် (တက်စီဆရာ) တို့ ထပ်မံဖမ်းဆီးခံထားရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအနက် သုံးဦးမှာ ၅၀၅ (က) ဖြင့် အမူဖွင့်ခံထားရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်လည်း အမှုဖွင့်ခံရသူများရှိကြောင်း ကျိုင်းတုံဒေသခံများက ပြောသည်။
ဖမ်းဆီးထားသူများကို ကျိုင်းတုံအကျဉ်းထောင်နှင့် စစ်တပ်အတွင်း ချုပ်နှောင်ထားသည်ဟု ဒေသခံများထံမှ ကြားသိရသည်။
စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုကြောင့် နေပြည်တော်တွင် အထက်တန်းကျောင်းသား ၄၀ ဦး (၂၇ ဦး ပြန်လွှတ်) နှင့် ကျည်တောင်တန်ကျေးရွာ ဒေသခံ ၂၀ ဦး၊ မြောင်းမြမှ ကျောင်းဆရာတစ်ဦး၊ အမ်းမှ လူငယ် ၅ ဦး၊ သံတွဲမှ ၄ ဦး၊ တောင်ကုတ်မှ ၆ ဦး၊ CDM လုပ်နေသည့် နေပြည်တော်သမဝါယမမှ ၈ ဦး၊ ပုသိမ်တွင် ၅ ဦး ၊ ဘားအံတွင် နည်းပညာအထက်တန်းကျောင်းအုပ်ဆရာမတစ်ဦး၊ မကွေးတွင် ဝန်ကြီးဟောင်းတစ်ဦး၊ CDM တွင် ပါဝင်သော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၁၁ ဦးတို့ ဖမ်းဆီးခံထားရသည်။
ဖေဖော်ဝါရီ ၁၈ အထိ စစ်ကောင်စီက ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၅၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။