သတင်း

ပြည်ပရောက်အလုပ်သမားများလစာ ပြန်လွှဲရန် အေဂျင်စီများကို စစ်ကောင်စီ ဖိအားပေး

ပြည်ပရောက်အလုပ်သမားများ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ထိန်းချုပ်ထားသည့် ဘဏ်နှင့် ငွေလွှဲလမ်းကြောင်းများမှ ပြန်လွှဲရန် အလုပ်သမားအေဂျင်စီများကို စစ်ကောင်စီက ဖိအားပေး အကျပ် ကိုင်နေသည်။

ပြည်ပရောက်အလုပ်သမားများ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ထိန်းချုပ်ထားသည့် ဘဏ်နှင့် ငွေလွှဲလမ်းကြောင်းများမှ ပြန်လွှဲရန် အလုပ်သမားအေဂျင်စီများကို စစ်ကောင်စီက ဖိအားပေးနေကြောင်း သိရသည်။ 

ယမန်နှစ် စက်တင်ဘာမှစတင်၍ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများနှင့် အလုပ်သမားများကြား လစာ ၂၅ ရာခိုင်နှုန်းပြန်လွှဲမည်ဟု သဘောတူစာချုပ်ချုပ်ကာ ငွေပြန်လွှဲပို့ခြင်းရှိမရှိ လေးလတစ်ကြိမ် စစ်ဆေးနေပြီး အလုပ်သမား ၄၁ ရာခိုင်နှုန်း ငွေလွှဲပို့ထားခြင်းမရှိပါက အေဂျင်စီများကို စစ်ဆေးမည်ဟု စစ်ကောင်စီက ဖိအားပေးနေခြင်းဖြစ်သည်။

မြန်မာတွင် အလုပ်အကိုင်အေဂျင်စီပေါင်း ၅၅၀ ကျော်ရှိသည့်အနက် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း အလုပ်သမားပို့ခဲ့သည့် အေဂျင်စီ ၃၀၀ ကျော်ကို တစ်ရက်လျှင် ကုမ္ပဏီ ၅၀ ခုနှုန်းဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၈ မိုင် အလုပ်သမားရုံးတွင် စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန် မြို့မှ အမည်မဖော်လိုသည့် အလုပ်သမားအေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ဆေးရာတွင် သတ်မှတ်လစာအရေအတွက် ပြန်လွှဲပို့နိုင်ကြောင်း အထောက်အထားမတင်ပြနိုင်သည့် အေဂျင်စီများကို  အလုပ်ခေါ်စာအသစ် တင်ပြခွင့်ရပ်ဆိုင်းသွားမည့်အပြင် စာချုပ်ချုပ်ဆိုထားပြီးသော အလုပ်သမားများကို ပြည်ပစေလွှတ်ခွင့် ရပ်ဆိုင်းရန် စီစဉ်နေသည်ဟုလည်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

“တစ်ချို့အေဂျင်စီတွေက အလုပ်သမားတွေကို တောင်းပန်ပြီး သွားပြောကြတယ်။ ပြဿနာပေါင်းစုံနဲ့ ပေါ့။ အလုပ်သမားတွေကလည်းမပေးချင်ကြဘူး။ ဘယ်သူက ပေးမှာလဲ။ နောက်ဆုံးမှာတော့ အေဂျင်စီ တွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် အသွင်းပြနေရတဲ့ ပြဿနာတွေလည်းရှိနေတယ်” ဟု ၎င်းက ဆိုသည်။ 

၂၀၂၃ စက်တင်ဘာမှ ဒီဇင်ဘာထိ အလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်၍ အေဂျင်စီ ၃၀၀ ဝန်းကျင်ကို ယခုနှစ် ဩဂုတ်လလယ်တွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနတွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး သတ်မှတ်မမာဏ မပြည့်သည့် အေဂျင်စီ ၁၂၀ ခန့်ကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ဆိုသည်။ 

စစ်ဆေးမှုနှင့်ပတ်သက်၍ တုံ့ပြန်မှုမရှိသည့်‌ အေဂျင်စီ ၈ ခုကိုလည်း အလုပ်သမားတစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ငွေဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က အလုပ်သမားများ တစ်လစာလွှဲပို့ငွေပမာဏကို စစ်ဆေးခဲ့ပြီး ယခုတစ်ကြိမ်းတွင် အနည်းဆုံး ၃ လစာပမာဏကို စစ်ဆေးမည်ဟု သိရသည်။ 

“အယောက် ၁၀၀ ပို့ရင် ၄၁ ယောက်က ၃ လစာ (၂၅) ရာခိုင်နှုန်းကို မဖြစ်မနေလွှဲတဲ့အလွှဲပြရမယ်။ စာရွက်စာတမ်းပြရမယ်။ လွှဲရမယ့်တာဝန်က ကလေးတွေတာဝန်ပါ။ ကျွန်တော်တို့နဲ့ သိပ်မဆိုင်ဘူး။ ကလေးတွေဆီ ကောက်ပေးတယ်။ သူတို့က ဟိုဘက်ရောက်သွားတဲ့အချိန်မှာ သူတို့ပိုက်ဆံကို ကိုယ်က သွားလုပ်လို့မှမရတာ” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ရငွေများ ကျဆင်းလာရာ နိုင်ငံခြားငွေရှားပါးလာသည့် စစ်ကောင်စီအတွက် ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေများသည် အရေးပါသည့် နိုင်ငံခြားငွေအရင်းအမြစ်ဖြစ်လာသည်။ ဤအခြေအနေတွင် အလုပ်သမားတို့၏ ပေးပို့ငွေ များ နိုင်ငံအတွင်း စီးဝင်လာစေရန် နည်းမျိုးစုံဖြင့် တင်းကျပ်လာခြင်းဖြစ်သည်။

ပြည်ပရောက်အလုပ်သမားများအနေဖြင့် သတ်မှတ်လမ်းကြောင်းများမှ ငွေမလွှဲပါက နိုင်ငံကူးလက်မှတ် သက်တမ်း မတိုးပေးခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ် (OWIC) ထုတ်မပေး ခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်း စသည်ဖြင့် အရေးယူမည်ဟု စစ်ကောင်စီက စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။ 

ထိုသို့တင်းကျပ်ထားသော်လည်း နိုင်ငံကူးလက်မှတ်သည် ၅ နှစ်ပြည့်မှ သက်တမ်းတိုးရသည်ဖြစ်ရာ နိုင်ငံခြားသို့ ထွက်ခွာခွင့်ရပြီးနောက် ထိုတင်းကျပ်မှုများကို အလုပ်သမားများက အလေးမထားသဖြင့် ပြည်တွင်း၌ ရှိနေသည့် အလုပ်အကိုင်အေဂျင်စီများကို ဖိအားပေးခြင်းဖြစ်သည်ဟု အေဂျင်စီများက ဆိုသည်။

နည်းလမ်းမျိုးစုံတင်းကျပ်၍ လစာငွေလွှဲခိုင်းနေသည့် စစ်ကောင်စီ၏ ညွှန်ကြားချက်များကို လိုက်နာသူ နည်းပါးသည်ဟု နှစ်နိုင်ငံနားလည်မှုဖြင့် (MoU) ဖြင့် ထိုင်းနိုင်ငံ၊ ချန်ထဘူရီခရိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အလုပ်သမားလစာအပေါ် အခွန်ကောက်ခြင်း၊ လစာငွေပြန်လွှဲခိုင်းခြင်းနှင့်ပတ်သက်၍ မပူးပေါင်းရန်၊ စစ်တပ်၏ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)နှင့် နိုင်ငံတကာက အရေးယူရန်တောင်းဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာ ၂၀ တွင် ထုတ်ပြန်ထားသည်။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ထုတ်ပြန်ချက်အရ ၂၀၂၀ တွင် ပြည်ပနိုင်ငံများသို့ သွား ရောက်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၄ သန်းကျော်ရှိသည်ဟု ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းကြောင့် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသား အများအပြားထွက်ခွာနေသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း နိုင်ငံခြားငွေလိုအပ်ချက်ရှိနေကြောင်း ဝန်ခံထားပြီး သုံးစွဲမှု ထိန်းသိမ်းနေကြောင်း စက်တင်ဘာ ၁ တွင် ၎င်းခန့်ထားသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တွေဆုံပွဲတွင် ပြောဆိုထားသည်။

Show More

Related Articles

Back to top button