
လက်နက်ကိုင်ခုခံနေသူများ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းကြရန် စစ်ကောင်စီက ရုတ်တရက် ကမ်းလှမ်းထားရာ ထိုကမ်းလှမ်းချက်သည် စစ်တပ်အာဏာတည်မြဲရေး ဟန်ပြသက်သက်သာဖြစ်၍ လက်မခံနိုင်ဟု တော်လှန်ရေး အင်အားစုက တုံ့ပြန်သည်။
စစ်ကောင်စီ၏ စက်တင်ဘာ ၂၆ ရက်ထုတ်ပြန်ချက်တွင် လက်နက်ကိုင်တော်လှန်သည့် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲဝင်သည့် နည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းထားသည်။ ကမ်းလှမ်းချက်တွင် တော်လှန်ရေးအင်အားစုကို အကြမ်းဖက်အဖွဲ့များ၊ သောင်းကျန်းသူများဟု သုံးနှုန်းထားသည်။
သို့သော် ရွေးကောက်ပွဲသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် နိုင်ငံရေးထွက်ပေါက်တစ်ခုရန် ဖန်တီးသည့် လုပ်ရပ်သာဖြစ်ပြီး ပြသာနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု တော်လှန်ရေးအင်အားစုက မှတ်ချက်ပြုကြသည်။
စစ်ကောင်စီတပ်များကို ပြောင်မြောက်စွာတိုက်ခိုက်နေပြီး ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲမြို့များကို သိမ်းပိုက်ထားသည့် တအာင်းအမျိုးသားတပ်မတော် (TNLA) ပြောခွင့်ရကလည်း ထိုဖိတ်ခေါ်မှုကို လက်မခံနိုင်ဟု Myanmar Now သို့ ပြောသည်။
စစ်ကောင်စီနိုင်ငံရေး စကားဝိုင်းတောင်းဆိုချက်သည် စစ်ပွဲရှုံးနိမ့်နေသည့် ရှေ့တန်းရောက် စစ်သားများအတွက် စိတ်ဓာတ်စစ်ဆင်ရေးနှင့် နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်သာ ဖြစ်သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
ထိုကစားကွက်အစား အကြမ်းဖက်သူသည် စစ်ကောင်စီသာဖြစ်ကြောင်း ကြေညာချက်ထုတ်ဝန်ခံကာ လူထုကိုတောင်းပန်သည့် နည်းလမ်းကို အသုံးပြုသင့်သည်ဟု ၎င်းက ပြောသည်။
“အကြမ်းဖက်တဲ့သူ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဝန်ခံရမယ်၊ လူထုကို တောင်းပန်ရမယ်၊ အဲသလိုရှိရင် ကျွန်မတို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့တော့ အခြေအနေက ပြောင်းလဲသွားနိုင်တယ်” ဟု လွေးယေဦးက ပြောသည်။
တော်လှန်ရေးအင်အားစုသည် အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေခြင်းဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်နေသည့် စစ်တပ်သည် နိုင်ငံရေးဆွေးနွေးပွဲ ခေါ်ယူပိုင်ခွင့်မရှိဟု ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။
“သူကခေါ်တိုင်း ကျွန်တော်တို့သွားရအောင်လည်း အရူးမဟုတ်ဘူး။ ဒါ သူတို့အတွက်ပဲ ဖန်တီးတာ၊ တကယ် မြန်မာ့နိုင်ငံရေးအခင်းကျင်းနဲ့ မြန်မာ့နိုင်ငံရေး ပြသာနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၂ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA, AA, MWDAAတို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပြီး တစ်လမပြည့်မီမှာပင် ရွေးကောက်ပွဲဝင်ကြရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီကမ်းလှမ်းမှုတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပါဝင်သော်လည်း PDFကို ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထည့်သွင်းခဲ့ခြင်းမရှိပေ။
ထို့ကြောင့် စစ်ကောင်စီ၏ ထိုကမ်းလှမ်းချက်သည် ဟန်သာရှိပြီး အဆံမရှိသည့် သင်္ကြန်အမြောက်ဖြစ်နေပြီး တော်လှန်ရေး အင်အားစုဘက်ကလည်း လက်ခံကြမည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“PDFဆိုတာ သီးခြားရပ်တည်တဲ့ အင်အားစုတွေမဟုတ်ဘဲ နိုင်ငံရေးအင်အားစု၊ လက်နက်ကိုင် အင်အားစုတစ်စုစုရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့အတွက် အဲအဖွဲ့အစည်းတွေကို မဖိတ်ခေါ်ဘဲနဲ့၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကို မရုပ်သိမ်းဘဲနဲ့ ဘယ်သူကမှလာပြီး ဆွေးနွေးမှာ၊ တက်ရောက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကလည်း ၎င်းတို့၏ ရည်မှန်းချက်သည် အာဏာရှင် ပြုတ်ကျရေးသာဖြစ်ပြီး ယခု စစ်ကောင်စီ၏ ကမ်းလှမ်းမှုကြောင့် PDF တို့ လျှောက်လှမ်းနေသည့် လမ်းမှသွဖြည်သွားမည်မဟုတ်ဟု ဆိုသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေသည်လည်း ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အထက်ပါအတိုင်း ကမ်းလှမ်းခဲ့ဖူးသည်။ ထိုစဉ်က စစ်တပ်၏အစီမံကို သဘောတူခဲ့သည့် လက်နက်ကိုင်အဖွဲ့များသည် စစ်တပ်အောက် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ဖြစ်သွားခဲ့သည်။
စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်မည်ဖြစ်ပြီး ထိုသန်းခေါင်စာရင်းကို အခြေခံ၍ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည်။ ရွေးကောက်ပွဲ နေ့ကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါ။
စစ်တပ်ဦးစီးမည့် ထိုရွေးကောက်ပွဲသည်လည်း စစ်တပ်အာဏာတည်မြဲရေးနှင့် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်နိုင်ရန် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကျင်းပမည်ဖြစ်သည်။
ထိုရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်ခြယ်လှယ်မည့် လွှတ်တော်၊ နိုင်ငံရေးတွင် စစ်တပ်ဆက်လက်ကြီးစိုးဦးမည့် အလားအလာနှင့် နောက်ထပ် အာဏာသိမ်းမှု သံသရာသာ လည်နေလိမ့်ဦးမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။ စစ်ခေါင်းဆောင်သည် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ယင်းတို့ကိုထောက်ခံပံ့ပိုးနေသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးမည်မဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသည်အထိ နှိမ်နင်းသွားမည်ဟု ပြောဆိုခဲ့သည်။