
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီလေတပ်က ယမန်နေ့(စက်တင်ဘာ ၂၄ )၊ ည ၈ နာရီခန့်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၂ ဦးသေဆုံး၊ ၃ ဦးဒဏ် ရာရသွား သည်ဟု သိရသည်။
သေဆုံးသူများထဲတွင် ရူဗဗေဒ အထူးပြု တတိယနှစ် ကျောင်းသားတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူများကို တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့နေဒေသခံတစ်ဦးက တန်းလွဲရွာမမှ ရွာသားတစ်ဦးကို ကိုးကား၍ ပြောသည်။
“ရွာမရဲစခန်းရှေ့ရယ်၊စျေးနားလေးရယ်ကို ကြဲခဲ့တယ်။ ရွှေပြည်သာ ကူးတို့ဆိပ်ချောင်းထဲကို ကျသွားတဲ့အလုံးက မပေါက်ဘူး။ ကမ်းနားကိုကျတဲ့အလုံးကတော့ အိမ်တစ်လုံး မီးလောင်ကျွမ်းသွားတယ်။ ဗုံးငါးလုံး ကြဲချခဲ့တာ” ဟု ၎င်းက ဆိုသည်။
ထိခိုက်သူများမှာ အရပ်သားများဖြစ်သည်ဟု ထိုရွာအနီးမှဒေသခံတစ်ဦးက အခင်းဖြစ်ရာသို့သွားရောက်ကြည့်ရှုသူများကို ကိုးကား၍ ပြောသည်။
“ဗုံးနှစ်နေရာလောက် ချခဲ့တာမှာ တစ်နေရာလောက်ပဲ ကြားလိုက်တယ်။ ရွာမရဲစခန်းဘက်ကျတဲ့ အလုံးမှာ အသံမကြားရဘဲ မီးရောင်ပဲ တောက်သွားတယ်။ ဆိုတော့ လေယာဉ် သွားပြီ ဆိုပြီး အိမ်အောက်ထဲမှာ ဝပ်နေရာက ပြန်ထွက်ပြီး ရွာမဘက်ကို ကြည့်နေတယ်။ အဲဒီမှာ မီးရောင် တအားတောက်လာလို့ အိမ်အောက်ထဲကို ထပ်ဝင်ရတယ်” ဟု သူက ပြောသည်။
“ရွာမမှာချတဲ့အလုံးမှာ ချတဲ့ဟာနဲ့ကပ်လို့ အိမ်နားက ယောကျ်ားတစ်ယောက်ရယ်၊ ရွာသာယာဘက်မှာ ဘုန်းကြီးကျောင်းက ဦးပဥ္ဇင်းတစ်ပါး ဒဏ်ရာရသွားတယ်။ ရွှေပြည်သာဘက်မှာကျတော့ ကျောင်းသားလေးတစ်ယောက် သေသွားတယ်။ ကလေးတစ်ယောက်မှာ လက်ပြတ်သွားတယ်။ နောက်ထပ်တစ်ယောက်ကတော့ ခေါင်းကို ဗုံးစ မှန်သွားလို့ဆေးရုံဝင်နေတယ် တဲ့။ အဲ့တစ်ယောက်တောင်မှ ရှင်မှာမဟုတ်လို့ပြောနေကြတယ်”
အဆိုပါဖြစ်စဥ်အသေးစိတ်သိရှိနိုင်ရန် ဒေသခံများကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ယနေ့ နံနက် ၉ နာရီခွဲနောက်ပိုင်းကပင် ဖုန်းလိုင်းပြတ်တောက်နေသောကြောင့် အဆက်အသွယ်မရခဲ့ပေ။
သေဆုံးသူနှစ်ဦးမှာ တန်းလွဲရွာမမြို့၊ အမှတ်(၁) ရပ်ကွက်မှ ဦးကျော်ကျော်နိုင်(၄၁ နှစ်) နှင့် စစ်ရှောင် ရောက်နေသော တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ကိုအောင်သူရ(၂၁ နှစ်) တို့ ဖြစ်ကြသည်ဟု ဒေသသတင်းဌာနဖြစ်သော အာရက္ခမင်းသမီး မီဒီယာက ဖော်ပြထားသည်။
တန်းလွဲရွာမမြို့၊ ရွာမတောင်ကျောင်းမှ ကိုရင်ကြီး ဦးသီဟ(သက်တော် ၄၅ နှစ်)၊အမှတ်(၄) ရပ်ကွက်မှ မောင်မင်းထက်ကျော်(၁၁ နှစ်)၊ မောင်စိုးမင်းမြတ်(၁၃ နှစ်)၊ အမှတ်(၆) ရပ်ကွက်မှ ဦးညီညီထွန်း(၄၁ နှစ်) နှင့် အမှတ်(၁) ရပ်ကွက်သို့ အလည်ရောက်နေသော လက်ပံကျွန်းရွာက ဒေါ်စိုးယုမာ(၃၇ နှစ်) တို့ ဒဏ်ရာရခဲ့ကြသည်။
တောင်ကုတ်မြို့မှ ၁၄ မိုင်အကွာ တန်းလွဲရွာမမြို့ရှိရဲစခန်းမှ ရဲများသည် ရခိုင်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ စခန်းစွန့်ထွက်ခွာသွားပြီးနောက် ထိုမြို့ကို AA က ထိန်းချုပ်ထားသည်။

သို့သော်လည်း စစ်ကောင်စီက ထိုရွာများလျှပ်စစ်ဓာတ်အား ပေးနေဆဲဖြစ်သော်လည်း ယခုလအတွင်း လျှပ်စစ် ဝန်ထမ်းများကို ဒေသခံတို့ထံမှ မီတာခ မကောက်ခံရန် AA က ပြောဆိုရာမှ စက်တင်ဘာ ၂၀ နေ့မှစ၍ မီးဖြတ်တောက်ထားသည်ဟု သိရသည်။
လက်ရှိတွင် တောင်ကုတ်မြို့နယ်တွင် ပစ်ခတ်မှုများ မရှိသေးသော်လည်း တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားလာနိုင်၍ စိုးရိမ်နေရသည်ဟု အထက်ပါဒေသခံက ဆိုသည်။
“စိုးရိမ်တယ်ဆိုတာက အကြီးအကျယ်ကြောက်နေရတယ်။ အရင်တုန်းက ကျွန်မတို့လည်း နယ်မှာ စစ်ဘေးရှောင်နေရတယ်။ အခုတစ်ခါ မြို့ထဲ ရောက်တယ်။ မြို့ထဲမှာလည်း ဘယ်လိုမှန်းမသိဘူး” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့လက်ချက်ဖြင့် အရပ်သားများထိခိုက်လျှင် နုတ်ဆိတ်ခြင်း၊ ငြင်းဆိုခြင်းများ ရှိသည်။ သို့သော်လည်း အွန်လိုင်းတွင် စစ်ကောင်စီဘက်မှ စည်းရုံးလှုံ့ဆော်နေသူများသည် AA ထိန်းချုပ်ထားသည့် မြို့နယ်များကို ဗုံးကြဲရန် တွန်းအားပေးနေပြီး ဗုံးကြဲလျှင် ဝမ်းသာအားရ ဖြစ်နေကြသည်ကို တွေ့ရသည်။
စစ်ကောင်စီလော်ဘီ မင်းချစ်ဦး ဆိုသည့် တယ်လီဂရမ်စာမျက်နှာတွင်လည်း တန်းလွဲရွာမမြို့ ဗုံးကြဲခံရအပြီး အလားတူ ပြောဆို ရေးသားထားသည်။
“AA ရှိရင် လေယာဉ်ဗုံးလာမယ်။ မလာစေချင်ရင် AA ကို လက်ခံမထားနဲ့။ အကြမ်းဖက် ကြေညာထားပြီးသားမို့ လုပ်ချင်တာနဲ့လုပ်လို့ရတာကို သိစေချင်တယ်”ဟု ထိုစာမျက်နှာတွင် ရေးထားသည်။
စက်တင်ဘာ ၂၂ ရက်နေ့ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပေါက်တူးရွာ ကို စစ်ကောင်စီလေတပ်ကဗုံးကြဲသဖြင့် ဒေသခံ ၃ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ကိုဇော်မင်းထွန်း (၃၉ နှစ်)၊ မခင်သူဇာနိုင် (၃၃ နှစ်)၊ ကိုရာဇာမင်း (၉ နှစ်) တို့ ပွဲချင်းပြီး သေဆုံးသွားသည်။
ကိုရာဇာထွန်း (၁၅ နှစ်)၊ ဒေါ်ညိုအေး (၅၅ နှစ်)၊ မငွေဇင်ကျော် (၁၉ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာရရှိသွား ပြီး ဆယ်ကျော်သက်လူငယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
စက်တင်ဘာ ၁၆ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ပေါက်တူးရွာကို ထပ်ဗုံးကြဲသဖြင့် ၂ ဦးသေကာ ၇ ဦး ဒဏ်ရာရ ရှိသွားသည်။ အလားတူ စက်တင်ဘာ ၁၇ ကလည်း ပုဏ္ဏားကျွန်းမြို့ကိုဗုံးကြဲတိုက်ခိုက်၍ နယ်မှစျေးဝယ်လာသူ တစ်ဦး ပြင်းထန်စွာဒဏ်ရာရသွားသည်။
ထို့ပြင် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် နေပူတောင်ကျောက်ထုတ်ရေးစခန်းကို ဗုံးကြဲတိုက် ခိုက်၍ ပိန္နဲစမ်းရွာမှဒေသခံတစ်ဦး သေဆုံးသည်။ စစ်ကောင်စီသည် ပြည်နယ်မြို့တော် စစ်တွေ အနီးတဝိုက်မှ ကျေးရွာများကိုလည်း မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ထိုသို့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ စစ်ရှုံးနေ၍ ကြွက်မနိုင်၊ကျီကို မီးရှို့ဆိုသည့်ပုံစံ ဖြစ်နေကြောင်း ၊ စစ်ကောင်စီကို နိုင်ငံတကာက ထိထိရောက်ရောက်အရေးယူသင့်ကြောင်း ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရပ်သားတွေကို မကြာခဏ ဗုံးကြဲနေတယ်။ အရပ်သားတွေ ထိခိုက်နေပါတယ်လို့ အော်ပြောရင်လည်း စကစ က AA ကိုလုပ်တာပါလို့ ကလေးအကွက်နဲ့ပြန်ပြောနေကျပါ” ဟု ထိုအမျိုးသမီးက ဆိုသည်။
“အရပ်သားတစ်ယောက်အနေနဲ့ အရပ်သားတွေကို လေကြောင်းနဲ့ပစ်ပါတယ်လို့ ဘယ်လောက်ထိပြောပြော နိုင်ငံတကာက စကစ ကို အရေးယူမှုနဲ့ပတ်သက်ပြီး လက်တွေ့ကျကျ မလုပ်ဆောင်သရွေ့ ရပ်မှာ မဟုတ်လို့ မြင်ပါတယ်”
စက်တင်ဘာ ပထမပတ်အတွင်း ရခိုင်တပ် (AA) ထိန်းချုပ်ထားသည့် ရသေ့တောင်၊ မြောက်ဦးနှင့် တိုက်ပွဲ ပြင်းထန်နေသည့် ဂွမြို့နယ် ကျိန္တိလီမြို့တို့တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရသည်။
စက်တင်ဘာ ၇ ရက် ညနေက သံတွဲမြို့တွင် လေတပ်က ဗုံးကြဲသဖြင့် အမှတ်( ၇ ) ဗောဓိကုန်းရပ်ကွက် နေ ဗလီဆရာ ဦးမောင်ဆန်း အပါအဝင် ၅ ဦး ဒဏ်ရာရကာ အံတော် (၈) ရပ်ကွက်မှ ကျောင်းဆရာ ဦးသိန်းဇံ သေဆုံးသွားသည်။
အလားတူ စက်တင်ဘာ ၈ နှင့် ၉ ရက်တို့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ် ရှိ အာရက္ခ တပ်တော် (AA) ၏ အကျဉ်းသားများထားရာနေရာကို လေတပ်က ၂ ရက်ဆက်ဗုံးကြဲခဲ့ရာ စစ်သုံ့ပန်း ၇ ဦး အပါအဝင် အကျဉ်းသား ၅၀ ကျော်၊ ဆယ်ကျော်သက်၂ ဦးတို့ သေဆုံးသွားကြသည်။
စစ်ကောင်စီသည် လူနေထူထပ်သောနေရာများ၊ ၎င်းတို့ စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများ ကို ဗုံးကြဲနေ ရာ ပြည်သူလူထုများနှင့် သုံ့ပန်းများ သေဆုံးလျက်ရှိသည်ဟု AA (ရခိုင်)၊ TNLA (တအာင်း)၊ MNDAA (ကိုးကန့်) တို့က က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာပြင်တွင်အရှုံးနှင့်ရင်ဆိုင်နေရပြီး စစ်တွေ၊ ကျောက်ဖြူကဲ့သို့ မြို့ကြီးများကိုပင် AA က တိုက်ခိုက်ရန်အသင့်အနေအထားဖြစ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြသည်။
လက်ရှိတွင် မောင်တောမြို့နှင့် ဂွမြို့နယ်၊ကျိန္တလီမြို့အနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
AA သည် မြေပုံ၊ မင်းပြား ၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်၊ ဘူးသီးတောင် ၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
