သတင်း

ဖားကန့်နှင့်ဗန်းမော်တွင် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်

ဖားကန့်နှင့် ဗန်းမော်မြို့တို့တွင် KIA၊ KPDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒရုန်းများအပါအဝင် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်ဟု သိရသည်။

ကချင်ပြည်နယ် ဖားကန့်နှင့် ဗန်းမော်မြို့တို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒရုန်းနှင့်လေယာဉ်များသုံးကာ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်ဟု သိရသည်။

စက်တင်ဘာ ၇ ရက်တွင် ဖားကန်မြို့ ဆိုင်းတောင်ရွာ ရပ်ကွက်(၄)ရှိ Lucky Men ဟိုတယ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှ ဖြစ်ပွားသည့် တိုက်ပွဲများမှာ သီတင်းနှစ်ပတ်ကျော်လာသည့်အထိ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

Lucky Men ဟိုတယ်နှင့် ဖားကန့်မြို့ ယူမာရပ်ကွက်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို KIA နှင့် KPDF တပ်များက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်က လက်နက်ကြီးများအပြင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“Lucky Men ဟိုတယ်မှာ ရောက်နေတဲ့ စစ်ကြောင်းတွေမထွက်တာက အဓိကပါ။ သူတို့မထွက်လို့ ကျွန်တော်တို့ KIA နဲ့တပ်ပေါင်းစုအဖွဲ့တွေကတော့ ဝိုင်းထားတယ်၊ ဝိုင်းထားတော့ (ဖားကန့်မြို့) ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သူတို့ပစ်ကူတာ၊ နောက် လေကြောင်းခေါ်ပြီးမှ လေကြောင်းနဲ့ ဗုံးကြဲတာက အဓိကပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၅ ရက်) ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဆိုင်းတောင်ရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။ 

သို့သော် ထိခိုက်သေဆုံးမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စက်တင်ဘာ ၂၂ ရက်ကလည်း တိုက်ပွဲများ ညနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဆိုင်းတောင်ရွာတွင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးသလို ထိခိုက်သေဆုံးမှုများလည်း ရှိသည်ဟုသိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀ ကျော်သေဆုံးခဲ့ပြီး နေအိမ် ၁၅၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့သည်။

ဖားကန့်မြို့ အနောက်တောင်ဘက် ၆ မိုင်အကွာတွင်ရှိသည့် ဆိုင်းတောင်ရွာကြီးပေါ်ရှိ ရပ်ကွက်အများစုမှ ဒေသခံများမှာတိုက်ပွဲများကြောင့် အားလုံးနီးပါး တိမ်းရှောင်သွားကြပြီဖြစ်သည်။ တစ်မြို့လုံးတွင် ဈေးဆိုင်အနည်းငယ်သာ ဖွင့်လှစ်ထားပြီး နေရာအများစုမှ တိတ်ဆိတ်နေသည်ဟု သိရသည်။

ဖားကန့်တိုက်ပွဲနှင့် အပြိုင် ဗန်းမော်နှင့် မိုးမောက်မြို့နယ်ကြားတွင်လည်း စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ်ကြောင့်တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

ဩဂုတ် ၁၉ ရက်တွင် မိုးမောက်မြို့ရှိ နောက်ဆုံးကျန်ရစ်နေသည့် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ(၄၃၇) တပ်ရင်းဌာနချုပ်ကို KIA, KPDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ရက်ပိုင်းအကြာ ဩဂုတ် ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နခြင်းဖြစ်သည်။

ဗန်းမော်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသည့် ခမရ(၄၃၇)တပ်ရင်းကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်က သံချပ်ကာကားများကိုပါ အသုံးပြုတိုက်ခိုက်နေသည့်အတွက် နေ့စဉ်ဆက်ရက် တိုက်ပွဲများ ပြင်းထန်နေသည်ဟုKIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့မှ ၅ မိုင်နှင့် ၇ မိုင်ခန့်ကွာဝေးသည့်နေရာများတွင် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး နေ့စဉ်နီးပါးလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီမနက် ၅ နာရီဝန်းကျင်လောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ အခြေအနေရှိပါတယ်၊ မြေပြင်အခြေအနေကိုတော့ မကြားရသေးပါဘူး၊ မနေ့ကတေ့ မြေပြင်တိုက်ပွဲတွေရှိပါတယ်။ စကစက လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ လာပစ်တာတွေ၊ နောက် သံချပ်ကာကားနဲ့ လာပြီးမှ (စစ်ကြောင်း)ထိုးတာတွေရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်မြို့နှင့် ခမရ(၄၃၇)တပ်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) တပ်ထိုင်ထားသည့် ဗန်းမော်မြို့အတွက်ကာကင်းစခန်းတစ်ခုလိုဖြစ်ပြီး ဗန်းမော်မြို့လုံခြုံရေးအတွက် အလွန်အရေးကြီးသည့် တပ်ရင်းတစ်ခုဖြစ်သည်။

ထို့ကြောင့် အဆိုပါ ခမရ(၄၃၇)နှင့် မိုးမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်က အပြင်းအထန်ကြိုးစားနေခြင်းဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Show More

Related Articles

Back to top button