သတင်း

စစ်ရေး အချက်အချာကျသည့် နောင်ချို တောင်ခမ်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ပြင်ဦးလွင်နှင့် နီးသော၊ ရှမ်းတောင်ဝင်ပေါက်ဖြစ်သော တောင်ခမ်းဒေသတွင် TNLA ပူးပေါင်းတပ်က စစ်ကောင်စီတပ်ကို ရင်ဆိုင်နေချိန် တစ်လကျော်လာရာ နှစ်ဘက်အကျအဆုံး များလာသည်ဟု သိရသည်။

တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တောင်ဘက် စစ်ကောင်စီ အမြောက် စခန်းကွပ်ကဲမှု ဌာနချုပ်ရှိရာ တောင်ခမ်းကျေးရွာတွင်  စက်တင်ဘာ ၂၃ ရက် အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေကြောင်း တအာင်းတပ် (TNLA) ထံမှ သိရသည်။

စစ်ရေးအရ အချက်အချာကျသည့် အဆိုပါကျေးရွာတွင် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် ရှိပြီး ထိုဌာနချုပ်လက်အောက်  အမြောက်တပ်ရင်းများအနက်မှ တပ်ရင်း အမှတ် (၃၅၄)  သာ ကျန်တော့ပြီး တပ်ရင်းနှစ်ခုကို TNLA က သိမ်းလိုက်ပြီဖြစ်သည်။

TNLA ဦးဆောင်သည့် မဟာမိတ်တပ်များသည် ဇူလိုင် ၁၀ ရက်နေ့တွင် နောင်ချိုမြို့ပေါ်ကို သိမ်းပိုက်ပြီး နောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ တောင်ခမ်းရွာကို ဩဂုတ် ၁၀ ရက်နေ့မှ စတင်ကာ ထိုးစစ် ဆင်ခဲ့သည်။

အမြောက်တပ်ရင်း၂၀၆ နှင့်  ၄၀၆ တို့ကို TNLA က ဩဂုတ် ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ထိုစခန်း ၂ ခု မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် သို့ ဆုတ်ခွာသွားခဲ့ပြီး တန်ပြန်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။

“တောင်ခမ်းကတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေတုန်းပဲ။ သူတို့က ၂၀၆ ၊ ၄၀၆ က ဟာတွေ အကုန်လုံး ကို မစခ ၉၀၂ မှာ အကုန်စုပြီးတော့မှ သူတို့ဘက်က ပြန်ပြီးထိုးစစ်ဆင်တာမျိုးလုပ်တယ်။ ကာကင်းကုန်းတွေကို ပြန်သိမ်းနိုင် ဖို့ သူတို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ဘက်က ကောင်းကောင်းလေး ခုခံထားတယ်” ဟု ထိုသူက ဆိုသည်။

စစ်ကောင်စီ တပ်ပြန်ဆုတ်သွားလျှင်လည်း TNLA က ထိုးစစ်ဆင်နေသဖြင့် စစ်ပွဲသည် သူတစ်ပြန် ကိုယ်တစ်ပြန်အခြေအနေဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အခြေစိုက် တပ်မ (၅၅) မှ ဗိုလ်မှူးချုပ်တစ်ဦး ဦးဆောင်သည့် စစ်ကူများက တောင်ခမ်းတိုက်ပွဲတွင် အားဖြည့် တိုက်ခိုက်နေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

TNLA ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA) စသည့် တော်လှန်ရေးတပ်များ ပါဝင်တိုက်ခိုက်နေသည်။

တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

တောင်ခမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် အခြားသတင်း ရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်သည် လေကြောင်း၊ လက်နက်ကြီး၊ စစ်ကူများ ဖြည့်တင်း၍ တိုက်ခိုက်နေသည်ဟု ဆိုသည်။ 

တောင်ခမ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မြို့နယ်သို့သွားနိုင်သည့် အဓိကကျသည့် လမ်း ဖြစ်ပြီး မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်သို့လည်းသွားနိုင်သဖြင့် အချက်အချာကျသောနေရာ ဖြစ်သောကြောင့် စစ်ကောင်စီက အပြင်းအထန်ခုခံနေခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က သုံးသပ်သည်။

စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ကာ ကျန်စခန်း ၂ ခု မကျစေရေး ခုခံနေသော တောင်ခမ်းတိုက်ပွဲ များတွင်  နှစ်ဖက် အထိအခိုက်အကျအဆုံးရှိကြောင်း မြေပြင်စစ်ရေးရင်းမြစ်များထံမှ သိရသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း တောင်ခမ်းတွင် တိုက်ပွဲဆက်ပြင်းထန်နေသည်ဟု  Myanmar Now ကို အတည်ပြုသည်။

လက်ကျန် စခန်း ၂ ခုဖြစ်သော အမြောက်တပ်ရင်း (၂၀၆)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်နေကြောင်း စက်တင်ဘာ ၂၂ ရက် TNLA ထုတ်ပြန်ချက်အရ သိရသည်။ 

Y8 လေယာဉ်ဖြင့် အမြောက်စခန်းဌာနချုပ် (၉၀၂) အတွင်း လက်နက်ခဲယမ်းထုပ် ၄၅ ထုပ် ကြဲချခဲ့ကြောင်း TNLA ဘက်က ဆိုသည်။

ရှမ်းတောင်ဘက်မှ လာသော စစ်ကူများကို မဖြတ်တောက်နိုင်သေးသဖြင့် တိုက်ပွဲကြာမြင့်နေခြင်း ဖြစ်သည် ဟု TNLA နှင့် နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“ရှမ်းတောင်ဘက်မှာ စစ်ကူပို့နေတာကို တားဆီးနိုင်ဖို့ အခက်အခဲရှိနေတဲ့အတွက် တိုက်ပွဲကြာတာလို့ သုံးသပ်လို့ ရပါတယ်။ SSPP ဘက်ကလည်း စစ်ကောင်စီကို မတိုက်ဘူး။ စစ်ကောင်စီတပ်ကို လွတ်လပ်စွာ သွားလာခွင့်ပေးနေတယ်” ဟု သူက ပြောသည်။

တောင်ခမ်းတောင်ဘက်ရှိ ရပ်စောက်မြို့နယ်တွင် TNLA ၏ နိုင်ငံရေးမဟာမိတ် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊  ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လည်း စစ်ရေးလှုပ်ရှားသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဗိုလ်ကြီးဇင်ယော်ကလည်း “ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း” တွင် TNLA တိုက်ခဲ့သမျှ အကြာဆုံးတိုက်ပွဲမှာ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ် ဗျူဟာကုန်း တိုက်ပွဲဖြစ်ပြီး “ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် အကြာဆုံးတိုက်ရသည့် တိုက်ပွဲမှာ တောင်ခမ်းတိုက်ပွဲဖြစ်သည်ဟု ဆိုသည်။

နမ့်ခမ်းမြို့ကို ရပြီးဖြစ်သော်လည်း မြို့အနီးရှိ စခန်းသစ်ဗျူဟာကုန်းကို သိမ်းပိုက်ရန် TNLA ဘက်က  ၂ လနီးပါး ကြာသည်အထိ တိုက်ခိုက်ခဲ့ရသည်။

“တောင်ခမ်းက ဘာဖြစ်လို့ ဒီလောက်ကြာနေရသလဲဆိုရင် သီပေါ၊ ကျောက်မဲ ၊ နောင်ချိုကနေ တပ်ပျက်ပြီး ဆုတ်ခွာ လာတဲ့ စကစရဲ့တပ်တွေက အဲဒီမှာ စုနေတာ ၁ ချက်ရှိတယ်။ ပြီးတော့ ရပ်စောက် -အင်တော -ကျောက်ဂူလမ်း အတိုင်း စကစကလည်း စစ်ကူအချို့ ဖြည့်တင်းထားနိုင်တာရှိတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ  တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း ဌာနချုပ်များ ကိုင်တွယ်ရသည့် အရာရှိကြီးတချို့  အလွယ်တကူ လက်နက်ချခြင်းမှာ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင် များအပေါ် ငဲ့ညှာမှုကြောင့် ဖြစ်နိုင်ကြောင်း  သူက ပြောသည်။

တောင်ခမ်းတွင် လက်နက်မချဘဲ ဆက်တိုက်ခိုက်နိုင်ရန်  တပ်မိသားစုဝင်များကို တောင်ခမ်းတိုက်ပွဲ စကတည်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတပ်နယ်သို့ ကြိုတင်ရွှေ့ထားသည်ဟု ဆိုသည်။

ဗိုလ်ကြီးဇင်ယော်က ၎င်းစုံစမ်းထားသည့် စစ်ဘက်သတင်းများကို အခြေခံ၍ ပြောဆိုခြင်းဖြစ်သည်။

၎င်းက တောင်ခမ်းသည် TNLA နှင့် စစ်ကောင်စီတပ်အတွက် ပထဝီအနေအထားအရ အရေးပါသည့် တိုက်ပွဲဖြစ်သည်ဟု  မှတ်ချက်ပေးသည်။

စစ်ကောင်စီက ထိုဒေသ တိုက်ပွဲအခြေအနေကို သတင်းအမှောင်ချထားသော်လည်း ၎င်းတို့၏ ဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင် တောင်ခမ်းတိုက်ပွဲ၌ TNLA ဘက်မှ အကျအဆုံးများပြီး အထိနာကြောင်း ဖော်ပြထားကြသည်။ 

TNLA သိမ်းထားသည့် နောင်ချိုမြို့ကိုလည်း စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်က လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။ နောင်ချိုမြို့ကို TNLA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ၏ ဒေသတွင်း နေ့စဉ် ခုခံတိုက်ခိုက်မှုများထဲတွင် လက်နက်ကြီးပစ်ခတ်မှုများအပြင်   ပေါင်  ၅၀၀ ဗုံး ပါဝင်သည့် လေကြောင်းတိုက်ခိုက်မှုများလည်း ပါဝင်သည်၊ ထိုတိုက်ခိုက်မှုများကြောင့် ဒေသခံများလည်း ထိခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယမန်နေ့က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၃ ရက်အထိ တိုက်ခိုက်မှုများအတွင်း နောင်ချိုမြို့ရှိ ဒေသခံနေအိမ် ၂၇ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

Related Articles

Back to top button