သတင်း

သေဒဏ်စီရင်မှုမှာ နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း IIMM သတိပေး

နိုင်ကျဉ်းတချို့ကို ကွပ်မျက်ရန် စီစဉ်နေသည်ဟူသော သတင်းနှင့်ပတ်သက်၍ အနီးကပ်စောင့် ကြည့်နေသည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုက ပြောသည်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်၌ သေဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို စစ်ကောင်စီက ကွပ်မျက်ရန် စီစဉ်နေသည်ဟူသော သတင်းများနှင့်ပတ်သက်၍ အနီးကပ်စောင့် ကြည့်နေသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က ယမန်နေ့(စက်တင်ဘာ ၂၃)တွင်  ထုတ်ပြန်ထားသည်။ 

အမျိုးသမီးတစ်ဦးအပါဝင် နိုင်ကျဉ်း ငါးဦးကို ကွပ်မျက်မည်ဟူသော သတင်းတချို့ထွက်ပေါ်လာပြီးနောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းထားသည့် IIMMက ထိုသို့ တုံ့ပြန်ခြင်းဖြစ်သည်။ 

အဆိုပါ နိုင်ကျဉ်းငါးဦးမှာ ၂၀၂၁ ခုနှစ်က ရန်ကုန်မြို့ပတ်ရထားပေါ်ရှိ ရဲများကို တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု စစ်တပ်က စွပ်စွဲကာ ယမန်နှစ် (၂၀၂၃ မေ ၁၈)တွင် သေဒဏ် စီရင်ချက်ချမှတ်ခံထားရသူများဖြစ်သည်။ 

အင်းစိန်ထောင်တွင်း တရားရုံးတွင် တခါးပိတ်စစ်ဆေးပြီး  သေဒဏ်ချမှတ်ခံထားရသူများမှာ ကွပ်မျက်မှုကို ရင်ဆိုင်ရနိုင်သည်၊ တရားမျှတသည့် စစ်ဆေးမှုဖြစ်ရန် အခြေခံလိုအပ်ချက်များ မကျင့်သုံးဘဲ သေဒဏ်စီရင်မှု၊ ချုပ်နှောင်ထားမှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုမြောက်သည်ဟု IIMM အကြီးအကဲဖြစ်သူ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)က ပြောဆိုထားသည်။ 

IIMMအနေဖြင့် စစ်တပ်က လျှို့ဝှက်စွာ စစ်ဆေးပြီး သေဒဏ်ချမှတ်ခံရသော လူပုဂ္ဂိုလ်များနှင့် အမှုများကို စောင့်ကြည့်နေကာ အချက်အလက်များစုဆောင်းလျက်ရှိသည်ဟု နီကိုလပ်စ် ကုမ်ဂျန်က ကြေညာချက်တွင် ရေးသားထားသည်။ 

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က  ရန်ကုန် မြို့ပတ်ရထား အလုံဘူတာအရောက်တွင်  ရထားပေါ်လိုက်ပါလာသည့် ရဲများ တိုက်ခိုက်ခံခဲ့ရပြီး တပ်ကြပ်အဆင့်၊ ဒုတိယတပ်ကြပ်အဆင့် ရဲနှစ်ဦးအပါဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုအပြီး ကို​ကောင်းပြည့်စုံဦး၊ ကို​ဇေယျာဖြိုး၊ ကို​​ကျော်စိုးလင်း၊ ကိုဆန်းလင်း​မောင်နှင့် မမြတ်ဖြိုးပွင့်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်​ရေး ဥပ​ဒေပုဒ်မ ၅၀(က) အရ ​သေဒဏ်၊  ၁၉၄၉ ခုနှစ်လက်နက်နှင့် အ​ရေး​ပေါ်စီမံမှု ဥပ​ဒေ ပုဒ်မ ၂/၂(က) အရ ​​ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ 

စွပ်စွဲခံရသူများထဲမှ ကို​ကောင်းပြည့်စုံဦးသည်  သေဒဏ် ၂ ကြိမ် ချမှတ်ခံထားရသူဖြစ်သည်။ သူ သေဒဏ်ချခံရသည့် အခြားအမှုတစ်ခုမှာ  ၁၉၄၉ ခုနှစ် လက်နက်နှင့် အ​ရေး​ပေါ်စီမံမှု ဥပ​ဒေ ပုဒ်မ ၂/၂(က)  နှင့် စွဲဆိုခံရသည့် အမှု ဖြစ်သည်ဟု ဆိုသည်။  အဆိုပါငါးဦးကို အင်းစိန်​ထောင်တွင်း အလုံခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီး ​ဒေါ်ခင်နီနီ​အေးက  စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ကလည်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ရန် စီစဉ်နေမှုသည်ဟူသော သတင်းများအပေါ် အလွန်စိုးရိမ်ထိတ်လန့်မိပြီး စစ်ကောင်စီအနေဖြင့် ထိုလုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် ယမန်နေ့က ထုတ်ဖော်ပြောဆိုထားသည်။  

 စက်တင်ဘာ ၂၃ တွင် စစ်ကောင်စီက သေဒဏ်စီရင်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ (စက်တင်ဘာလ၂၄) အထိ ကြိုးပေးသတ်ဖြတ်သည့်သတင်းကို မကြားရသေးကြောင်း  စုံစမ်းသိရရှိရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောသည်။ 

“လက်ရှိ သူတို့ (သတင်းထွက်နေသူ ၅ဦး)ကိုတော့ တိုက် ၂ ထဲမှာ ထားတယ်လို့တော့ သိထားတယ်။ လက်ရှိ အဲဒီနေရာတွေ အားလုံးကိုတော့ ကန့်သတ်နယ်မြေပုံစံမျိုးထားထားတယ်။ ဝန်ထမ်းတွေလည်း ဝင်ချင်တိုင်းဝင်လို့ရတဲ့ အခြေအနေမှာတော့ မရှိဘူး။ အခြားနိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇဝတ်အကျဉ်းသားတွေလည်း သွားလို့မရဘူး”ဟု  ကိုသိုက်ထွန်းဦးက ပြောပြသည်။
နိုင်ငံရေးအကျဉ်းသား ငါးဦးကို  သေဒဏ်ပေးသည့်သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ၎င်းအနေဖြင့် ကြားသိထားခြင်းမရှိသေးကြောင်း BBCသတင်းဌာနသို့ ဖြေကြားထားသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button