
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်သူ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုသန့်စင်ထွန်းအား ပြန်လွှတ်ပေးရန် ရာနှင့်ချီသည့် လူထုက ပြည်ခရိုင် ရဲတပ်ဖွဲ့ရုံးရှေ့တွင် စုဝေးတောင်းဆိုခဲ့သည်။
ကိုသန့်စင်ထွန်းအား ယနေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်လိုက်သည်။
ပြည်လူငယ်စင်တာဥက္ကဋ္ဌ ကိုစောသီဟက “လက်ဖ္ဘက်ရည်ဆိုင် ထိုင်နေတုန်း ဝင်ဖမ်းသွားတာ။ စစ်ကားတွေလည်း ပါတယ်။ ရဲကားတွေလည်း ပါတယ်။ ဆန္ဒပြတာကို ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို ဖမ်းတာ။ ပုဒ်မကတော့ သူတို့ (ရဲ) တပ်ချင်တာတပ်တာပဲ” ဟု ပြောသည်။
ကိုသန့်စင်ထွန်းအား လတ်တလောတွင် ပြည်မြို့တစ်ဖက်ကမ်းရှိ ပန်းတောင်းမြို့ရှိ အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း ကိုစောသီဟက ပြောသည်။
ပြည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖေဖော်ဝါရီ ၄ မှစ၍ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ပြီး လူထုအင်အား သောင်းချီပါဝင်ဆန္ဒပြနေခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံ့ခေါင်းဆောင်များ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထားသည်။
ထို့နောက် ဆန္ဒပြပွဲများ၊ ရုံးမတက်သည့် CDM လှုပ်ရှားမှု ဦးဆောင်သူများနှင့် ပါဝင်သူများကို ဖမ်းဆီးမှုများ ရှိလာခဲ့သည်။

စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုကြောင့် နေပြည်တော်တွင် အထက်တန်းကျောင်းသား ၄၀ ဦး (၂၇ ဦး ပြန်လွှတ်) နှင့် ကျည်တောင်တန်ကျေးရွာ ဒေသခံ ၂၀ ဦး၊ မြောင်းမြမှ ကျောင်းဆရာတစ်ဦး၊ အမ်းမှ လူငယ် ၅ ဦး၊ သံတွဲမှ ၄ ဦး၊ တောင်ကုတ်မှ ၆ ဦး၊ CDM လုပ်နေသည့် နေပြည်တော် သမဝါယမ မှ ၈ ဦး ၊ ပုသိမ်တွင် ၅ ဦး ၊ ဘားအံတွင် နည်းပညာအထက်တန်းကျောင်းအုပ်ဆရာမ တစ်ဦး၊ မကွေးတွင် ဝန်ကြီးဟောင်းတစ်ဦးတို့ ဖမ်းဆီးခံထားရသည်။
မန္တလေးနှင့် ရခိုင် ဝန်ကြီးချုပ်နှစ်ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရပြီး မန္တလေးနှင့် ရှမ်းပြည်နယ် ဝန်ကြီးနှစ်ဦးလည်း ယင်းပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်။
သရုပ်ဆောင် လူမင်းနှင့် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ကိုပေါက်၊ အဆိုတော် အနဂ္ဂတို့ ပုဒ်မ ၅၀၅ (က) ဖြင့် ယမန်နေ့က အမှုဖွင့်ခံထားရသည်။
စစ်ကောင်စီမှ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၄၆၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။