
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသည့် စစ်ကြောင်းက အနီးဝန်းကျင်ရွာများကို စီးနင်းကာ အရပ်သား ၂ ဦး နှင့် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
စက်တင်ဘာ ၂၀ ရက်နေ့က ဘုတလင်မြို့အနီး ကျွဲသေချောင်းရွာကို ဝင်ရောက်စီးနင်းချိန် အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရသည်ဟု ဆိုသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ၊ စစ်တပ်၏ စက်တင်ဘာ ၂၃ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်တွင်မူ ထိုရွာမှ ရိက္ခာနှင့်ငွေကြေးများ ၎င်းတို့ လုယူခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသော်လည်း အမျိုးသားတစ်ဦး သတ်ဖြတ်ခံရသည်ဟူသောအချက် ဖော်ပြမထားပေ။
စက်တင်ဘာ ၂၁ တွင် ကူတော်ရွာသို့ စစ်ကြောင်း ရောက်ရှိလာသည်၊ စက်တင်ဘာ ၂၂ တွင် ကူတော် ရွာအရှေ့ဘက်ရှိ ၃ မိုင်ခန့်အကွာရှိ ကတိုးရွာကို ဝင်ရောက်စီးနင်းကာ ရွာကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
ရွာကိုစီးနင်းပြီး ပြန်ထွက်လာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစု ပစ်ခတ်မှုဖြစ်ပွားခဲ့သည်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရွာထဲသို့ ပြန်ဝင်သွားပြီးနောက် နေအိမ် ၁၉ လုံးကို မီးရှို့ခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
“အဲ့တော့ သူတို့ထွက်လာမှာကို ကျွန်တော်တို့က စောင့်ပြီးတော့ ထွက်လာ တဲ့ အချိန်မှာ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ သူတို့က ပြန်ဝင်သွားပြီးတော့ မီးထပ်တင်တာ”ဟု သူက ပြောသည်။
စက်တင်ဘာ ၂၃ တွင် ကတိုးရွာခံ အသက် ၇၈ နှစ်အရွယ် သက်ကြီးရွယ်အို တစ်ဦး၊ ရွာထဲသို့ ကင်းထောက် ဝင်ရောက်သွားသည့် ဝန်တုံ့ ရွာသား ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံရသည်။
လက်ရှိတွင် ထိုစစ်ကြောင်းသည် ကူတော်ရွာကို ပြန်ရောက်သွားပြီးနောက် ယနေ့ (စက်တင်ဘာ ၂၄) နံနက် က စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။
ကူတော်ရွာအနီး စစ်တပ်က လှည့်လည် စစ်ကြောင်းထိုးနေသဖြင့် ရွာအနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာ ခန့်မှ ရာနှင့်ချီသည့် ဒေသခံများမှာ လယ်ထဲတွင် ဆောက်ထားသည့် တောတိုက်များနှင့် ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးခိုလှုံနေရကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှသိရသည်။

စစ်သားနှင့် ရဲ အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသည့် ဘုတလင်မြို့ အရှေ့ဘက် ကူတော်ရွာရှိ စစ်စခန်းကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။
ဘုတလင်နှင့်ကပ်လျက် မုံရွာမြိုအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်စခန်းနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် ထိုစခန်းကို လက်မလွှတ်ရရေး အတွက် လေကြောင်းမှ အပြင်းအထန် ပစ်ခတ်ခဲ့သည့်အပြင် ဘုတလင်မြို့ပေါ်မှ အင်အား ၆၀ ခန့်ကို ချက်ချင်း စစ်ကူပို့ခဲ့သည်။
စခန်းတိုက်ခိုက်ပြီး တစ်နာရီခန့်အကြာတွင် လေတပ် လာရောက်ပစ်ခတ်ခဲ့သဖြင့် စခန်းမသိမ်း နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ဆိုသည်။
“ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် လာပစ်သွားတယ်။ ၁၂ လုံးပစ်သွားတယ်။ ပွဲကတော့ အဆုံးထိမသိမ်းနိုင်ခဲ့ဘူး။ ၃ ပုံပဲ ၂ ပုံလောက်ထိ တိုက်ခိုက်ပြီး ပြန်ဆုတ်ခဲ့ရတယ်” ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် တော်လှန်ရေး အဖွဲ့ ဝင် တစ်ဦးက ပြောသည်။
စခန်းကို သံဆန်ကာ ၃ ထပ်ကာထားပြီး ဆက်သွယ်ရေးမြောင်းများ ဖောက်ကာ ဘန်ကာ ၁၈ လုံးဖြင့် တည်ဆောက် ထားသည်၊ တော်လှန်ရေးအင်အားစုက ဆက်သွယ်ရေးမြောင်းများအနီးထိ ဝင် ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များ နယ်မြေစိုးမိုးထားရာ ဘုတလင်မြို့ပေါ် ရပ်ကွက်များနှင့် မြို့ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ ကူတော်ရွာမှအပ ကျန်ဒေသများတွင် တော်လှန်ရေးအင်အားစုက နယ်မြေ စိုးမိုးထားသည်ဟု ဒေသခံများထံမှ သိရသည်။
ကူတော်ရွာရဲစခန်းကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက် ပြီးနောက် ပြန်ထွက်ခွာသွားရာ စစ်တပ်နှင့်ရဲများက ပြန်နေရာယူ၍ စခန်း အခိုင်အမာတည်ဆောက်ထား ခြင်း ဖြစ်သည်။
လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ ဘုတလင်မြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များကို နယ်မြေစိုးမိုး ထားသော်လည်း အုပ်ချုပ်ရေးယန္တရားအပြည့်အဝ လည်ပတ်နိုင်ခြင်းမရှိဘဲ မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများမှာလည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကပင် ဆေးရုံကို စွန့်ခွာသွားကြသည်။