သတင်း

တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည့် ဖားကန့်မြို့ကို  ဒေသခံအများအပြား စွန့်ခွာ

ကျောက်စိမ်းမြို့တော်ဖားကန့်ကို KIA ပူးပေါင်းတပ်က ဝိုင်းထားပြီး တိုက်ပွဲနှင့် လေတပ်ဗုံးကြဲမှုကို ဆက်လက် ရင်ဆိုင်နေရသည့် ဒေသခံတို့က ဆိုင်များကို ပိတ်ပြီး ဘေးလွတ်ရာသို့ သွားနေကြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်ကို ပိတ်ဆို့ထားလိုက်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာရာ ဒေသခံတို့ မြို့ကို စွန့်ခွာနေသည်ဟု သိရသည်။

စက်တင်ဘာ ၇ ရက်နေ့က စတင်သည့် ဖားကန့်မြို့အနီးရှိ ဆိုင်းတောင်ကျေးရွာ တိုက်ပွဲမှာ သီတင်းနှစ်ပတ်ကြာမြင့် လာသော်လည်း တိုက်ပွဲအရှိန်ကျသွားခြင်းမရှိသည့်အပြင် လေကြောင်းမှ ဗုံးကြဲမှုများ၊ လက်နက်ကြီးပစ်ခတ်မှု များကြောင့် ဒေသခံသေဆုံးသူအရေအတွက် ၃၀ ကျော်လာပြီဖြစ်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်မှစတင်ကာ ထောင်နှင့်ချီသည့် ဒေသခံများ မြို့ကို စွန့်ခွာနေကြသည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဖားကန့်မြို့ပေါ်ကဟာတွေ ရှောင်ကြတာများတယ်၊ ဒီနေ့ဆို ဒီအနီးအနား တဝိုက်ကဟာတွေက၊ အောက်ပိုင်းမှာ အိမ်ရှိတဲ့သူတွေက အောက်ပိုင်းကို ပြေးဆင်းကြတာများတယ်” ဟု သူက ပြောသည်။

“မနက်ဖြန်လည်း ပြန်ကြလိမ့်မယ် မြို့ပေါ်မှာက ဆိုင်အတော်များများ အကုန်နီးပါး ပိတ်ထားတယ်၊ ပစ္စည်းတွေရွှေ့ကြတယ်၊ တိုက်ပွဲဖြစ်မှာဆိုပြီးတော့။ လောလောဆယ် ဖားကန့်ပတ်ပတ်လည်က (KIA) အကုန်ဝိုင်းထားတယ်” 

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဆိုင်းတောင်ရွာကြီးမှ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ စပေါ့၊ ဘစံချောင်၊ မှော်တောင်း၊ ယူမာ၊ ကျောက်သွေးတောင်၊ စသည့် ရပ်ကွက်များမှ ဒေသခံများမှာ ယခုလဆန်းကတည်းက တိမ်းရှောင်ခဲ့ကြသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ ဖားကန့်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ငှက်ပျောတော၊ မြို့မ၊ မှော်ဝမ်း၊ မရှီကထောင် စသည့် ရပ်ကွက်များမှ ဈေးဆိုင်များ အားလုံးပိတ်ထားပြီး ပစ္စည်းများ ရွှေ့ပြောင်းနေကြသည်ဟု သိရသည်။

ယမန်နေ့က ဖားကန့်မြို့ကို စစ်ကောင်စီ လေတပ်က  ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းမှ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်များအပြင် မြို့ အနှံ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်၊ ယမန်နေ့ မွန်းလွဲတွင် စပေါ့ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

 ဖားကန့်မြို့တွင်းတစ်နေရာကို ယနေ့ စက်တင်ဘာ ၂၀ တွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Tarlin Mg)

“မနေ့ကလည်း ဖြစ်တယ်၊ လေယာဉ်လာကြဲပြီးနောက်ပိုင်း ဖြစ်တယ်၊ ဒီနေ့လည်း လက်နက်ကြီးတွေပစ်နေတုန်း၊ ဆိုင်းတောင်မှာလည်း ချကြတုန်း၊ သူတို့က မနက်ပိုင်းဆိုနားပြီး ညနေပိုင်းမှ ချကြတာ” ဟု အထက်ပါ ဖားကန့် ဒေသခံ အမျိုးသားက ပြောသည်။

“အခြေအနေက ရှုပ်နေတယ် ဖားကန့်ပတ်ပတ်လည်ကို KIA, KPDF  (ကချင်ဒေသပြည်သူ့ကာကွယ် ရေးတပ်) တွေက ဝိုင်းထားတယ်။ ဒီနေ့ လည်း လက်နက်ကြီးတွေပစ်နေကြတုန်း၊ ၁၄ ရက်ရှိသွားပြီ ဒီနေ့နဲ့ဆို” 

ဖားကန့်မြို့ပေါ်တွင် ဗျူဟာကုန်း ဟု ခေါ်ကြသည့် ဖားကန့်တပ်မကုန်း၊ အထိုင်ချတပ်စွဲထားကာ ရဲစခန်းလည်း ရှိသလို အနီးဝန်းကျင်တွင် စစ်တပ်စခန်း အများအပြားရှိသည်။

ဖားကန့်၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိသော ဆိုင်းတောင်ရွာရှိ Lucky Men ဟိုတယ်ကို စက်တင်ဘာ ၇ ရက်နေ့တွင် စစ်တပ်က စီးနင်းခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်မှာ သီတင်းနှစ်ပတ် ကြာမြင့်နေပြီဖြစ်သည်။

တိုက်ပွဲ၏ အဓိကဗဟိုချက်ဖြစ်သည့် ဆိုင်းတောင်ရွာတွင်   စက်တင်ဘာ ၁၆ ရက်နေ့အထိ အိမ်ခြေ ၁၅၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံအများအပြားလည်း သေဆုံးခဲ့သည်။

Lucky Men ဟိုတယ်အနီးတဝိုက်တွင် စစ်တပ်က ဆက်လက်တပ်စွဲထားသည့်အတွက် KIA, KPDF ပူးပေါင်းတပ် များနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

စစ်တပ်နှင့် ရဲများ ပူးပေါင်းတပ်စွဲထားသည့် ဆိုင်းတောင်ကျေးရွာ ရဲစခန်းကုန်းကိုမူ  စက်တင်ဘာ ၁၂ ရက် နံနက် တွင် ပူးပေါင်းတပ်များ သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများအပြင် ယခုနှစ်မတ်လမှ စတင်သည့် KIA ထိုးစစ် များကြောင့် ဖားကန့်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်၏ အရေးကြီးစစ်စခန်း ၁၉ ခုကို သိမ်းပိုက်ထားပြီး မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားနိုင်သည်။

သို့သော် ဖားကန့်မြို့အနီးဝန်းကျင်နှင့် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တပ်စခန်းများဖြစ်သည့် ဖားကန့်တပ်မကုန်း၊ ကံဆီးဗျူဟာကုန်း၊ ကန်းကောင်ဘွမ်စခန်း၊ ဖားကန့်ရဲစခန်း၊ မဇွပ်ယန်ထောင်၊ လယ်ပြင် ယမ်းချက်စခန်း၊ ကာမိုင်းဗျုဟာကုန်း၊ ကာမိုင်းရဲစခန်း၊ လုံးခင်းမျောက်ကုန်းစခန်းတို့ ကျန်ရှိနေသေးသည်။

Show More

Related Articles

Back to top button