သတင်း

ရေဘေးကြောင့် ကယ်ဆယ်ရေးသမားအချို့အပါအဝင်သေဆုံးသူဆက်တိုးလာ

နိုင်ငံဒေသအများအပြားတွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ပေးသူများအပါအဝင် စုစုပေါင်း သေဆုံးသူ ၂၀၀ ကျော်ရှိနိုင်ပြီး ပျောက်ဆုံးနေသူများလည်းရှိနေသည်။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် မိုးဆက်တိုက်ရွာသွန်းနေမှု၊ ဆည်ရေလွှတ်မှုတို့ကြောင့် ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန်ကြုံတွေ့နေရသည်။

နိုင်ငံဒေသအများအပြားတွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ပေးသူများအပါအဝင် စုစုပေါင်း သေဆုံးသူ ၂၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ပျောက်ဆုံးနေသူများလည်းရှိသည်ဟု ကယ်ဆယ်ရေးသမားတို့က ပြောသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် မိုးဆက်တိုက်ရွာသွန်းနေမှု၊ ဆည်ရေလွှတ်မှုတို့ကြောင့် ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန်ကြုံတွေ့နေရကာ သေဆုံးသူဦးရေးမှာ ၅၀ ထက်မနည်းရှိလာသည်ဟု ၎င်းတို့က ဆိုသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်တွင်းမှာပင် အသက် ၅ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ၁၃ ဦး၊ ပျဉ်းမနားမြို့နယ်အတွင်းရေဘေးကြောင့် သေဆုံးသူ ၄၀ နီးပါးရှိသည်ဟု ရှာဖွေကယ်ဆယ်ရေးသမားများက ပြောသည်။

ပေါင်းလောင်းဆည်အနောက်ဘက်ရှိ ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးကြောင့် သေဆုံးသူ ၃၄ ဦးရှိပြီး အများစုမှာ ကျေးရွာများကဖြစ်သည်ဟု ပျဉ်းမနားရေဘေးကို သွားရောက်ကူညီနေသည့် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ထို့ပြင် ပျဉ်းမနားမြို့ခံ ပရဟိတသမားတစ်ဦးကလည်း ၎င်းတို့ရရှိထားသည့် စာရင်းအရ သေဆုံးသူဦးရေမှာ ၄၀ ဝန်းကျင်ရှိပြီးယမန်နေ့ စက်တင်ဘာ (၁၅ ရက်) ညနေပိုင်းအထိ သေဆုံးသူများဆက်ရှိနေရာ စာရင်းအတိအကျပြုစုရန် ခက်ခဲနေသေးကြောင်း ပြောသည်။

“နေပြည်တော်တိုင်းစစ်ဌာနချုပ်နားက ဘဲကုန်းမှာဆိုရင် အလောင်းက ပေါ်လာတုန်းပဲ။ တစ်နေ့ကို နှစ်လောင်း အနည်းဆုံးပေါ်တယ်။ ပျဉ်းမနားက ပရဟိအသင်းတွေမှာ အလောင်းက အနည်းဆုံး ငါးလောင်းအထက်ရတာ” ဟု ၎င်းက ပြောသည်။

ပျဉ်းမနားတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့်အဖွဲ့ အနည်းဆုံး ၅၀ ခန့်ရှိပြီး ရေကြီးနစ်မြုပ်ခဲ့သည့်နေရာများတွင် ရှာဖွေနေဆဲဖြစ်သည်ဟုလည်း သူက ပြောသည်။

ရေကြီးမှုဖြစ်ဉ်အတွင်း ရမည်းသင်းမြို့နယ် သပြေပင်ရွာ အိမ်ခြေထက်ဝက်ကျော်မှာ ရွှံ့နွံများအောက် မြောပါ၊ နှစ်မြုပ်သွားခဲ့သည်

ထို့အတူ ပျော်ဘွယ်မြို့တွင်လည်း သေဆုံးသူ ၃ ဦးရှိသည်ဟု ဒေသခံကယ်ဆယ်ရေးသမားတို့က စက်တင်ဘာ ၁၂ တွင် ပြောသည်။

ရမည်းသင်းမြို့တွင် မကြုံစဖူး ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမှုများကြောင့် အနည်းဆုံး လူဦးရေး ၁၀၀ နီးပါးသေဆုံးနိုင်ကြောင်း၊ လတ်တလောကြုံတွေ့လိုက်ရသည့် ရေဘေးအတွင်း သပြေပင်ရွာမှာ လူအသေအပျောက်အများဆုံး ရှိခဲ့သည်ဟု မြို့ခံ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

သပြေပင်ရွာတွင် ၎င်းတို့အနေဖြင့် မြို့နယ်မီးသတ်သမားများနှင့် ပူးပေါင်း၍ ဆယ်ယူထားနိုင်သည့် အလောင်း ၁၇ လောင်းရှိပြီး၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အထက်ပါ ကယ်ဆယ်ရေးသမားက ပြောသည်။

“ဒီဘက်မှာတော့ ရှာဖွေရေးတွေမရှိတော့ဘူး။ ရွာခံတွေ၊ လယ်သမားတွေက အလောင်းတွေလို အကြောင်းကြားမှသာ သိရမှာ။ ဒီဘက်က တောနက်တယ်လေ။ နယ်မြေလည်း မကျွမ်းကျင်တော့ ရွာခံတွေ ညွှန်တဲ့အတိုင်းပဲ သွားရတာ” ဟု ၎င်းက ဆက်ပြောသည်။​

အခြားကယ်ဆယ်ရေးသမားတစ်ဦးကလည်း ရမည်သင်းမြို့နယ်မှာ ဆယ်ယူရရှိထားသည့်အလောင်း ၁၀၀ ခန့်ရှိပြီး ၎င်းအနည်းထက်ဝက်ထက်မနည်းမှာ သပြေပင်ရွာခံများဖြစ်သည်ဟု ပြောသည်။

ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသများ အခြေပြမြေပုံ 

ကယ်ဆယ်ရေးသမားအချို့လည်း သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့နယ်တွင်လည်း ရေဘေးဒုက္ခသည်များကို ကူညီဆယ်ကယ်နေသည့် ပရဟိတသမားများ သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများလည်း ရှိနေသည်။

စက်တင်ဘာ ၁၅ရက်နေ့တွင် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ရေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် သွားရောက်စဉ် ရှင်ပေါလုအသင်းတော်မှ အသက် ၂၆နှစ်အရွယ် စောနော်ဂြသေဆုံးခဲ့ကြောင်း တောင်ငူမြို့နယ်မှ ပရိဟိတအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးတို့က အတည်ပြုသည်။

“ပိတ်မိတဲ့သူတွေကို သွားကယ်ရင်း၊ ရေစီးနဲ့ ပါသွားပြီး၊ သစ်ပင်နဲ့ တိုက်မိတာ ခေါင်းကို” ဟု တောင်ငူတွင် ရေဘေးကူညီကယ်ဆယ်နေသူတစ်ဦးက ဆိုသည်။

ထို့ပြင် တောင်ငူ ပရဟိတအသင်းအဖွဲ့တစ်ခုမှ အသက် ၂၀ကျော်အရွယ် တောင်ငူဒေသခံ အမျိုးသားတစ်ဦးလည်း ပျောက်ဆုံးသူလည်းရှိနေပြီး ယနေ့ ညနေ (စက်တင်ဘာ ၁၆ ရက်) အထိ အဆက်သွယ်မရရှိသေးဟု ဒေသခံတို့က ဆိုသည်။

ရေကြီးမြေပြိုမှုကြောင့် ကလောမြို့တွင် လူဦးရေ နှစ်ရာကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

ထိုသို့ ပျောက်ဆုံးနေသူကို တောင်ငူမြို့နယ်ရှိ ပရဟိအဖွဲ့များမှာ လူအင်အားဖြင့် ရှာဖွေပေးနေကြသည်။

ကလောမြို့နယ်တွင်လည်း ရေဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်သူ သုံးဦးလည်း သေဆုံးကြောင်း ဒေသခံတစ်ဦးနှင့် ကူညီသူအချို့က အတည်ပြုသည်။ သို့သော် အသေးစိတ်အချက်လက်များကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရာတွင် ဒေသခံများကို ပြောင်းရွှေ့ရန် သတိပေးသော်လည်း သက်ကြီးရွယ်အိုးများနှင့် ကလေးသူငယ်များကိုသာ ပြောင်းရွှေ့ကြပြီး အချို့ကျန်ရစ်ခဲ့ကြရာ ရေတက်လာသည့်အချိန်ရောက်မှ အကူအညီတောင်းသည့်အခါ အခက်အခဲအချို့ကြုံရသည်ဟုလည်း တောင်ငူမြို့နယ် ပရဟိအဖွဲ့တခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရေက နင်လားငါလား ထိုးတက်ပြီး ညမိုးချုပ်တွေ ဖြစ်တော့ ဘာမှ မမြင်ရမစးမ်းရနဲ့ သွားပြီးတော့ ခေါ်ရရင် အဓိက အလင်းရောင်မရှိတဲ့အခါကတော့ ရေပြင်ထဲမှာ အရမ်းကို အခက်ခဲရှိတယ်။ ကျွန်တော်တို့‌ခေါ်တဲ့အချိန်လိုက်ရင် အချိန်မှီတယ် ” ၎င်းက ဆိုသည်။

ရေဘေးဒုက္ခသည်များကို ကူညီနေသူ ပရဟိတသမားများသည် စက်လှေမောင်းနှင်ရာတွင် အတွေ့ကြုံမရှိ ကျွမ်းကျင်သူများမဟုတ်၍ ရေပြင်ထဲတွင် တိမ်းမှောက်မှုများလည်းရှိသည်ဟု အထက်ပါ ပရဟိတ တာဝန်ရှိသူက ပြောသည်။

နေပြည်တော် ရေဘေးဒုက္ခသည်များကို ထောင်နှင့်ချီ ရွှေ့ပြောင်းကယ်ဆယ်ပေးနေသည့် မိုးစေတနာပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကလည်း ပရဟိတသမားများအနေဖြင့် ကူညီကယ်ဆယ်ရာတွင် အခက်အခဲရှိသည်ဟု ဆိုသည်။

ဗုဗ္ဗသီရိမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် အိမ်တစ်အိမ်တွင် ကျန်ရစ်သည့် ကလေးနှစ်ယောက်နှင့် လူကြီးနှစ်ယောက်ကို ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရသည်ဟု ကိုယ်တိုင်ကယ်ဆယ်ရေးလုပ်ခဲ့သူ ထိုအမျိုးသားက ဆက်ပြောသည်။

“ရွာက ရေမြုပ်နေတော့ အဲနေရာကို သုံးယောက် ရေကူးသွားရတာ၊။ ညနေခင်း ၃နာရီကနေ ည ၈နာရီကျမှ ကုန်းကို ပြန်ရောက်တာ အသက်ကယ်အင်္ကျီနဲ့ ကြိုးတော့ပါတာပေါ့၊ အကြာကြီး ကူးရတာ” ဟု ၎င်းက ဆိုသည်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်ခဲ့သည့် “ရာဂိ” တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊ ဝဒေသ မိုင်းပေါက်၊ ပန်ဆန်းမြို့များအပါဝင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး၊ အောင်ပန်းနှင့် ကလောမြို့များတွင်ရေကြီးနစ်မြုပ်မှုဒဏ်ကို စက်တင်ဘာ ၁၁ ကနဦးကြုံတွေ့ခဲ့ရသည်။

ထိုနေ့ညပိုင်းမှစတင်ကာ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကောင်စီရုံစိုက်ရာ နေပြည်တော်အပါဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်လည်း ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခဲ့ရသည်။

ထို့ပြင် တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် ကလောမြို့တွင်လည်း ရေကြီးရေလျှံမှု၊ မြေပြိုမှုဒဏ်များကို စက်တင်ဘာ ၁၁ကတည်းက ကြုံတွေ့နေရသည်။ လက်ရှိတွင် ကလေးမြို့၌ ရေကျသွားပြီဖြစ်သော်လည်း ရေလွမ်းခဲ့ခံခဲ့ရသည့် အိမ် ၆၇၂ လုံးမှာရွှံ့နွံများနစ်မြုပ်နေဆဲဖြစ်သည်ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

ရေကြီး၊ မြေပြိုမှုဖြစ်စဉ်အတွင်း ကလေးမြို့မှာ ၂၅၅ လုံးမှာ ပြိုကျပျက်စီးသွားခဲ့သည်။ ထို့အပြင် လူဦးရေ ၂၀၀ ကျော်မှာပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွရေးများဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် ကလောမြို့အပါအဝင် အချို့သော ဒေသများ၏ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးသူများ၏ အသေးစိတ်အချက်အလက် ရရန် Myanmar Nowအနေဖြင့် ကြိုးစားနေဆဲဖြစ်သည်။

ပျဉ်းမနားမြို့နယ် ရာဇဌာနေလမ်းမပေါ်ရှိ မဂ်လာဗျူဟာသာသနာဗိမာန်ရောက် ရေဘေးဒုက္ခသည်များကို တွေ့ရစဉ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အနီးရှိ တပ်ကုန်မြို့နယ်တွင်ပင် ကယ်ဆယ်ရေးအတွက် အသက်ကယ်အင်္ကျီ၊ ကြိုး၊ အသက်ကယ်လှေ လုံလောက်မှုမရှိ ရန်ကုန်နှင့် မန္တလေးတို့မှ အကူအညီများ လာရောက်မှသာ ကူညီနိုင်သည်ဟု နေပြည်တော်တွင် ကယ်ဆယ်ရေးလုပ်နေသည့် ပရဟိတသမားတစ်ဦးက ပြောသည်။

“တပ်ကုန်းဆိုရင် မိသားစုခြောက်ယောက်လောက်ရှိတယ်၊ ငါးယောက်ပါသွားတာ ကျွန်တော်တို့ရှေ့တင်ပဲ၊ လိုက်ဆယ်တာ၊ အိမ်အလုံးလိုက်ပါသွားပြီး ဆယ်လို့မရဘူး၊ ကျွန်တော်တို့လည်း ကြိုးတွေပြတ်ပြီး လွတ်ထွက်သွားတာပေါ့” ဟု ဆိုသည်။

တစ်နိုင်ငံလုံးတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၂၀,၀၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ဦးထိရှိသည်ဟု စက်တင်ဘာ ၁၅ ရက်က စစ်ကောင်စီထုတ်ပြန်ထားသည်။ သို့သော် မြေပြင်တွင် သေဆုံးသူသည် ယင်းပမာဏာထက် ပိုမိုများပြားနိုင်သည်ဟု ကူညီကယ်ဆယ်သူများက ခန့်မှန်းထားကြသည်။

Show More

Related Articles

Back to top button