သတင်း

နိုင်ငံအနှံ့ရေဘေးကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိလာ

ဒေသအများအပြား ရေဘေးသင့်နေရာ သေဆုံး၊ ပျောက်ဆုံးသူ များစွာ ရှိနေပြီး ထိုအထဲတွင် ကလေးများလည်း ပါဝင်သည်။


Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် >

“ရာဂိ” တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် နိုင်ငံတွင်း ဒေသအများအပြား ရေကြီးရေလျှံမှုကို ကြုံတွေ့လျက်ရှိရာ ၂၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၄၀ ကျော်ပျောက်ဆုံးနေသည်ဟု မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေးလုပ်သားများထံမှ သိရသည်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်ခဲ့သည့် “ရာဂိ” တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသတွင်  မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေချောင်းရေ ရုတ်တရက်တက်လာခဲ့ကြောင်း၊ နေပြည်တော်၊ ရှမ်း၊ ကယားနှင့် ပဲခူးတို့မှ လူ ၈၀၀၀၀ ကျော်ရေဘေးသင့်နေကြောင်း စစ်ကောင်စီမိုးလေဝသဌာနက ယနေ့ (စက်တင်ဘာ ၁၂) တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၉ မှစ၍ ဒေသအများအပြားတွင် မိုးသန်းထန်ခဲ့ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စက်တင်ဘာ ၁၀ မှစတင်ကာ ရေဘေးကြုံတွေ့ခဲ့ရသည်။ ထို့နောက် ကရင်ပြည်နယ် မြဝတီ၊ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ပေါ်ဒေသများပါ ရေဘေးကြုံတွေ့လာရသည်။ 

ထို့အပြင်  နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းရှိ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ မြစ်သား၊ သာစည်မြို့များအပြင် နေပြည်တော်ကောင်စီနယ်မြေထဲရှိ ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းစသည့် မြို့နယ်များတွင်ပါ ယမန်နေ့(စက်တင်ဘာ ၁၁)မှ စတင်ကာ  ရေဘေး  ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်ဟု ကယ်ဆယ်ရေးသမားတို့က ပြောသည်။ 

ရေဘေးကြောင့် ရမည်းသင်းမြို့နယ်တွင် သေဆုံးသူ ၁၀ ဦး၊ ပျောက်ဆုံးသူ  ၃၀ ခန့် ရှိနေကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင်လည်း ပျောက်ဆုံးနေသူ ၁၅ ဦးခန့်ရှိကာ ၎င်းတို့ထဲက ၃ ဦး၏ ရုပ်အလောင်းကို  ကောက်ယူရရှိထားကြောင်း မြို့ခံကယ်ဆယ်ရေးသမားတို့က ပြောသည်။ 

ထို့အပြင် နေပြည်တော်အနီးရှိ တပ်ကုန်းမြို့တွင်လည်း သေဆုံးသူ ၁၃ ဦး ထက်မနည်းရှိလာရာ ထိုအထဲတွင် ကလေးငယ် ၂ ဦး ပါဝင်သည်။

နေပြည်တော်၊ ကျိုက်ထို၊ ပျော်ဘွယ်နှင့် ဟိုပုံးမြို့များတွင် မိုးသည်းထန်စွာရွာသွန်းအပြီး ရေဝင်ရောက်နေမှုကို ကြုံတွေ့နေရကြောင်း၊  ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း စစ်ကောင်စီက  စက်တင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်အပါဝင် အခြားသော ရေနစ်မြုပ်နေသည့် မြို့နယ်များအခြေနေကိုမူ ဖော်ပြထားခြင်းမရှိပေ။ အလားတူ စက်တင်ဘာ ၉ မတိုင်မီကလည်း မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်  ပေါ်လာနိုင်မည့်အခြေ နေများ၊ ကြိုတင်ကာကွယ်ရေးအခြေနေများနှင့် ပတ်သက်၍ ထုတ်ပြန် သတိပေးမှုများမရှိခဲ့ပေ။

ကလေးငယ်အပါဝင် ရှစ်ဦးသေဆုံးခဲ့ရသည့် တပ်ကုန်းမြို့နယ် မကျီးပင်ရွာရှိ ရေကြီးနစ်မြုပ်နေမှုအခြေနေ

နေပြည်တော်အနီးရှိ ပျဉ်းမနားမြို့နယ်အတွင်းမှ မကျီးကန်ဆည်ကျိုးသွားပြီးနောက် နေပြည်တော်နယ်မြေရှိ မြို့နယ်များတွင် ရေးဘေးကို ဆိုးဆိုးရွားရွားကြုံတွေ့နေရခြင်းဖြစ်ပြီး ယခုကဲ့သို့ မိုးဆက်တိုက် ရွာသွန်းလာနိုင်သည့် အခြေအနေအပေါ်  ကြိုတင်ကာကွယ်ရန် သတိပေးချက် ထုတ်ပြန်ရန် ပျက်ကွက်သည့်အတွက်  နေရာအများအပြားတွင် ရေဘေးဒဏ် ပိုခံနေရသည်ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုလည်း မြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ (ရေဘေးရှောင်သူတွေ) အများကြီးပဲ ရောက်လာတာ။ ပရဟိတအဖွဲ့တွေပဲ ကယ်နေတာတွေ့တယ်။ ဒီမှာ တော်တော်ဒုက္ခရောက်တယ်။ ကျွဲနွားတွေ အကုန်သေတယ်”ဟု အထက်ပါ မြို့ခံ အမျိုးသမီးက ပြောသည်။

“မုန်တိုင်းရှိတယ်ဆိုတာတော့ သိတယ်။ ဒီလောက်ကြီးမိုးများမယ်ဆိုတာ မသိဘူး။..သူတို့(စစ်ကောင်စီ)ကလည်း မကြေညာဘူးလေ။ မကြေညာလို့ လူတွေ ပိုပြီးတော့ ဒုက္ခရောက်တာပေ့ါ”ဟု ၎င်းက ဆက်ပြော ပြောသည်။

ရမည်းသင်းမြို့နယ်တွင် လူဦးရေ ၅သောင်းကျော် (၅၃၉၇၂) ရေဘေးကြုံတွေ့နေရပြီး ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ 

လက်ရှိကောက်ယူထားသည့် စာရင်းအရ ရေဘေးအတွင်း ဒေသခံ ၃၀ ကျော် ဆက်လက်ပျောက်ဆုံးနေသည်၊ အမျိုးသား ၃ ဦးနှင့်  အမျိုးသမီး ၇ ဦး သေဆုံးပြီး သေဆုံးသူဦးရေ များပြားလာနိုင်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ 

အာဏာသိမ်းစစ်တပ်ရုံးစိုက်ရာ နေပြည်တော်နယ်မြေရှိ ပျဉ်းမနား၊ တပ်ကုန်း၊ ဇယျာသီရိမြို့နယ်တို့တွင်လည်း လူဦးရေထောင်နှင့်ချီရေဘေးသင့်နေပြီး ပိတ်မိနေသူ အများအပြားရှိသည်ဟု ကယ်ဆယ်ရေးသမားများက ပြောသည်။ 

တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်နှင့် မကျီးပင်ရွာတို့တွင် စက်တင်ဘာ ၁၁ မှစ၍ ကြုံတွေ့နေရသည့် ရေဘေးကြောင့် သေဆုံးသူ ၁၃ ဦးခန့်ရှိသည်ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။ 

တပ်ကုန်းမြို့နယ်အတွင်းမှာ ရေစီးသန်နေမှုကြောင့် ပိတ်မိနေသူများကိုပင် မြင်နေရသော်လည်း သွားကယ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း၊ ချိုင့်ဝှမ်းကဲ့သို့ အနေအထားရှိသည့် တပ်ကုန်းမြို့နေရာအများအပြားမှာ ရေပြင်ချည်းသာဖြစ်နေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ကိုင်သည့် ရန်ကုန်မြို့မှ ပရဟိတသမားတစ်ဦးက ပြောသည်။

ဇေယျာသိရိမြို့နယ်ရှိ စစ်ကောင်စီ စစ်ရုံးချုပ်သို့သွားရာ ၂၀ လမ်းသွားလမ်းမပေါ် ရေနစ်မြုပ်နေမှုအခြေနေ

ယမန်နေ့ည ၁နာရီခန့် မကျီးပင်ရွာသို့ ၎င်းရောက်ချိန်တွင် အသက် ၅ နှစ်အရွယ် ကလေးနှစ်ဦး ရေထဲမြောပါသေဆုံးသွားပြီး ကလေးနှစ်ဦး၏ မိခင်ကိုသာ ကယ်ဆယ်နိုင်ခဲ့သည်ဟု အထက်ပါ ပရဟိတသမားက ပြောပြသည်။ 

၎င်းရရှိထားသည့် စာရင်းကို အဆိုပါ ကလေးနှစ်ဦးအပြင် မကျီးပင်ရွာအနီး သေဆုံးသူ စုစုပေါင်း ၈ ဦးရှိကြောင်း၊ တပ်ကုန်းမြို့စွန်ရပ်ကွက်ဖြစ်သည့် ဘုရင့်နောင်ရပ်ကွက်အစွန်မှာလည်း သေဆုံးသူ ၅ ဦးရှိကြောင်း ပြောပြသည်။ 

“တပ်ကုန်းမြို့က ချိုင့်ဝှမ်းကြီးဖြစ်နေတာ။ ဝက်တွေ၊ နွားတွေ တော်တော်များများသေတာတွေ့ခဲ့တယ်။ အိမ်တွေက မြောပါတာတွေရှိတယ်။ မြှုပ်ကုန်တာတွေရှိတယ်။ တိရိစ္ဆာန်တွေကတော့ တော်တော်သေတာများတယ်” ဟု သူက ပြောသည်။

တပ်ကုန်းမြို့အတွင်းမှာပင် နေရာတိုင်းနီးပါး ရေစီးကြမ်းနေမှုကြောင့် ရှာဖွေကယ်ဆယ်မှုများကို သတိထားလုပ်ကိုင်နေရသည်၊ ပျဉ်းမနားမြို့ဘက်တွင်လည်း အလားတူ ရေကြီးနစ်မြှုပ်မှုကြောင့် သေဆုံးသူများရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သို့သော် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ကိုင်နေရဆဲဖြစ်သည်၊ စာရင်းအတိအကျ သိရန် လတ်တလော အခက်အခဲရှိသည်ဟု ၎င်းက ပြောသည်။ 

“ပျဉ်းမနားဘက်က တော်တော်ဆိုးနေတယ်။ အိမ်ခြေတော်တော်များများမှာဖြစ်နေတာ။ ရွာလုံးကျွတ်တွေပဲ။  သေဆုံးတွေပျောက်ဆုံးတွေကတော့ အများကြီးပဲ” ဟု ၎င်းက ပြောသည်။

“လက်ရှိက မြေပြင်မှာရှိနေတော့ စာရင်းတော့ မကောက်နိုင်ဘူး။ တွေ့သမျှလူကယ်ထုတ်လိုက်တဲ့လူဦးရေတောင် ရေချိန်မရသေးဘူး”

ထို့အတူ ပျော်ဘွယ်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုအတွင်း ၁၅ ဦး ပျောက်ဆုံးနေပြီး  ရုပ်အလောင်း ၃ လောင်း ဆယ်ယူရရှိထားသည်ဟု ပျော်ဖွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ 

အခြား အမျိုးသား ၂ ဦးကိုမူ အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ကြောင်း ပြောသည်။ 

ပျော်ဘွယ်မြို့ပေါ်ရပ်ကွက် ၅ ခုတွင်လည်း ရေဘေးဒဏ်ခံစားခဲ့ရပြီး မြို့ပေါ်နှင့် မြို့စွန်နေရာများတွင်  ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်ထားသည်ဟုဆိုသည်။

ရေးဘေးတွင် သေဆုံးသူ၊ ပျောက်နေသူများစာရင်းအတိအကျကိုမူ ကောက်ယူရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု အခြားကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။ 

ထို့အတူ မန္တလေးတိုင်းအတွင်း ဝမ်းတွင်း၊ ကျောက်ဆည်မြို့များတွင်လည်း ရေဘေးသင့်နေသည်ဟု သိရသည်။

 ပဲခူးတိုင်း တောင်ငူမြို့နယ်တွင်လည်း စစ်တောင်းမြစ်‌ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးတလျှောက်ရှိကျေးရွာများတွင်လည်း ရေကြီးရေလျှံပြီး ဒေသခံများကို ဘေးလွတ်ရာကို ဆက်လက် ရွှေ့ပြောင်းပေးနေရဆဲဖြစ်သည်ဟု အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကပြောသည်။

သာစည်မြို့နယ်ရှိ ကျေးရွာများတွင်လည်း မုန်တိုင်းအရှိန်ကြောင့် ရေလွှမ်းမိုးခံနေရပြီး ကယ်ဆယ်ရေးအဖွဲ့များ မရောက်နိုင်သေးသဖြင့် ရေဘေးသင့်ပြည်သူများမှာ ရေလွတ်ရာ နေရာများသို့  ရွှေ့ပြောင်းနေကြရသည်ဟု အိမ်ခြေ ၅၀၀ ခန့်ရှိသည့် မောင်းမဆည်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။​

လက်ရှိိတွင် မောင်းမဆည်ရွာသားများမှာ ရွာဘုန်းကြီးကျောင်းနှင့်ဆေးရုံတွင် ခိုလှုံနေကြရသည်၊ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုကို ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။

“နှစ်ထပ်အိမ်တွေတောင်မြုပ်ကုန်တယ်။ တစ်ခါမှ ဒီလိုမျိုးဆိုးဆိုးရွားရွားမကြုံဖူးဘူး။ ကိုယ်ကရေလည်းမကူးတတ်ဘူး၊  လသားအရွယ် ကလေးလည်း ရှိတော့ ရွှေ့ပြောင်းဖို့လည်း အခက်ခဲတွေကြုံခဲ့ရတယ်” ဟု အဆိုပါ အမျိုးသမီးကပြောသည်။

လာရောက် ကယ်ဆယ်မည့်သူမရှိသောကြောင့် ရေကူးတတ်သည့် အဘိုးဖြစ်သူက  လေးလသားအရွယ် ကလေးငယ်ကို ရေဇလားထဲထည့်ကာ ဘုန်းကြီးကျောင်းသို့ ကူးခတ်ကာ ဦးစွာ ပို့ဆောင်လိုက်သည်၊  ကျန်မိသားစုဝင်များ   ဘုန်းကြီးကျောင်းသို့ ရောက်ရန် အဘိုးဖြစ်သူကပင်   မိုးထဲရေထဲတွင် တစ်ယောက်ချင်းစီ ခက်ခက်ခဲခဲ ခေါ်ယူခဲ့ရသည်ဟုဆိုသည်။

မောင်းမဆည်ရွာတွင် စိုက်ခင်းများလည်း ရေမြုပ်ကာ ပျက်စီးသွားသည့်အပြင် ကျွဲ၊နွားစသည့် မွေးမြူရေးတိရိစ္ဆာန်များလည်း သေဆုံးကြောင်း ၎င်းက ပြောသည်။

သတင်းထုတ်လုပ်မှုများ ရေရှည်လည်ပတ်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ နိုင်ပါသည်။

Show More

Related Articles

Back to top button