သတင်း

စစ်ကောင်စီ၏ အီလက်ထရောနစ်ဥပဒေက အများကို ထိခိုက်နိုင်

အာဏာသိမ်းစစ်ကောင်စီက အတည်ပြုပြဋ္ဌာန်းလိုက်သည့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပြင်ဆင်ချက်ပုဒ်မများသည် အင်တာနက်ပေါ်တွင် မိမိယုံကြည်ချက်ကို ထုတ်ဖော်ရေးသားသူများအပေါ် ပစ်မှတ်ထားဖိနှိပ်လာနိုင်ကြောင်း အိုင်တီပညာရှင်အချို့က သုံးသပ်သည်။

အင်တာနက်ကို အသုံးပြု၍ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သူများကို ဖိနှိပ်အရေးယူရန် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပူတပြင်း ပြဋ္ဌာန်းရန်ပြင်ဆင်ခဲ့သော်လည်း ဝိုင်းဝန်းကန့်ကွက်ခံခဲ့ရသည်။

ထိုသို့ ကန့်ကွက်ခံရသဖြင့် အလားတူ အရေးယူနိုင်မည့်ပုဒ်မများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ဖြည့်စွက်ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အိုင်တီပညာရှင်တစ်ဦးက ဆိုသည်။ 

“MCF (မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)တို့၊ ကုန်သည်လုပ်ငန်းရှင်အသင်းချုပ် UMFCCI တို့နဲ့ တယ်လီနောတို့က Cyber Law (ဆိုက်ဘာလုံခြုံရေးဥပဒေကို ) ကို ကန့်ကွက်ကြောင်း ထုတ်ပြန်တဲ့အခါကျတော့ နောက်တစ်နည်း အနေနဲ့ ဖိနှိပ်လို့ရမယ့်ဥပဒေတစ်ရပ်ကို အမြန်ပြင်လိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ၂၀၀၄ တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ တွင် ပထမအကြိမ် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်ပတ်အကြာတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးကာ ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ထပ်မံပြင်ဆင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုဥပဒေ၏ မူလရည်ရွယ်ချက်သည် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ်မှတ်တမ်းနှင့် အချက်အလက်များ၊ အီလက်ထရောနစ်သတင်းလွှာများကို အတည်ပြုပေးရန် ဖြစ်ပြီး ဆိုက်ဘာမှုခင်းဆိုင်ရာ အရေးယူနိုင်သည့်ပုဒ်မများနှင့် မသက်ဆိုင်ကြောင်း ၎င်းအိုင်တီပညာရှင်က ဆိုသည်။

ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည့် ပုဒ်မများသည် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ထည့်သွင်းရမည့်ပုဒ်မများဖြစ်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်ရန် ရည်ရွက်ချက်ဖြင့် သတင်းတု၊ သတင်းမှားဖြန့်ချိခြင်း၊ ကွန်ပျူတာ Malware များ ဖြန့်ချိခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည်ဟု ပါရှိသည်။

ထို့ကြောင့် Facebook အပါအဝင် အခြားအင်တာနက်လူမှုကွန်ရက် အသုံးပြုသူများ၏ ရေးသားမျှဝေမှုများသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်သည်ဟု ယူဆပါက သတင်းမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပုဒ်မတပ် အရေးယူလာနိုင်သည့်အခြေအနေဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီဆန့်ကျင်ရေးတွင် သံဃာတော်များပါ ပါဝင်ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီ ၁၆ က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

အသက် ၂၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက အသစ်ပြဋ္ဌာန်းလိုက်သော ယင်းဥပဒေသည် လွတ်လပ်စွာပြောရေးဆိုခွင့် (Freedom of Expression) ကို ထိခိုက်သည်ဟု ဆိုသည်။ 

“အဓိကကတော့ Freedom of Expression ပေါ့ဗျာ။ နောက် စီးပွားရေးလုပ်မယ့်သူအနေနဲ့ Facebook သုံးမရတာမျိုးဆိုရင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်မှာမျိုး မြင်တယ်” ဟု ၎င်းက သုံးသပ်သည်။ 

လတ်တလောတွင် Facebook, Twitter ကဲ့သို့ လူမှုကွန်ရက်အများကို အသုံးမပြုနိုင်ရန် စစ်ကောင်စီက ပိတ်ဆို့ ဟန့်တားနေသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁၅ က ထပ်မံပြင်ဆင် အတည်ပြုလိုက်သော အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ပြစ်ဒဏ်များတွင် ထောင်ဒဏ်နှင့် ငွေဒဏ်များပါ ဖော်ပြထားသည်။ 

အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်၊ အယုံအကြည်ပျက်ပြားစေရန်၊ အသင်းအဖွဲ့ကွဲစေရန် သတင်းတု၊ သတင်းမှား ပြုလုပ်ဖန်တီးပါက ထောင်ဒဏ်တစ် ၁ နှစ်မှ ၃ နှစ်၊ ကျပ်သိန်း ၅၀ ထက်မပိုသော ဒဏ်ငွေအပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန် Malware များထည့်သွင်းပြီး ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ခွင့်ပြုထားသည်ထက် ပိုသုံးခြင်းပြုလုပ်ပါက ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်၊ ကျပ်သိန်း ၃၀၀ ထက်မပိုသော ဒဏ်ငွေနှင့် ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်နှင့် အခြားနိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် လုံခြုံရေးအရ လျှို့ဝှက်ထားသည့် ဆိုက်ဘာအရင်းအမြစ်များကို တိုက်ခိုက်ပါက ထောင် ၃ နှစ်မှ ၇ နှစ်၊ ကျပ်သိန်း ၅၀၀ထက်မပိုသော ဒဏ်ငွေအပြင် ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်ဟု ပါရှိသည်။

မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူအများအပြားသည် ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီဆန့်ကျင်ရေးကို ဖေ့ဘွတ်အပါအဝင် လူမှုကွန်ရက်များတွင် ရှုတ်ချပြောဆိုခြင်းများ ပြုလုပ်နေပြီး နှစ်ပတ်ခန့်အကြာတွင် ယင်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ 

ပြည်သူ့က​ ရွေးချယ်တင်​မြှောက်သောသူများကို ဖမ်းဆီးခြင်း၊ ရွေး​ကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းခြင်း စသည့် လုပ်ရပ်များကို ဆောင်ရွက်သူတို့သည် ဥပ​ဒေပြဋ္ဌာန်းပိုင်ခွင့်မရှိဟု ဒီမိုကရေစီဘက်တော်သားတို့က ထောက်ပြပြီး ကန့်ကွက်နေကြသည်။

ဥပ​ဒေသည် ပြည်သူလူထုကို အကာအကွယ်​ပေးရမည်ဖြစ်ပြီး အုပ်ချုပ်သူ​တို့ကို ထင်သလို လုပ်ပိုင်ခွင့်ပေးရန် အခွင့်အရေးပေးခြင်းမဟုတ်ကြောင်း၊ ဥပ​ဒေပါအချက်​တချို့မှာ လူ့အခွင့်အ​ရေးစံနှုန်းနှင့် သွေဖည်နေကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးဥပဒေကို ပြင်သည့်နည်းဖြင့် ဒီမိုကရေစီနိုင်ငံများတွင် မရှိသည့် ဧည့်စာရင်းတိုင်ကြားသည့် စနစ်ဆိုးကို ပြန်အသက်သွင်းရန် ကြိုးစားလိုက်သည်။

နိုင်လွတ်လုံဥပဒေကိုလည်း ပြင်ဆင်လိုက်ရာ နိုင်ငံသားတစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုတို့ကို ထိခိုက်စေမည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူတို့က ပြောသည်။

နိုင်ငံသားတစ်ဦး၏နေအိမ်ကို ဥပဒေအရ ဝင်ရောက်ရှာဖွေမည်ဆိုပါက အုပ်ချုပ်ရေးဘက်က သက်သေအနည်းဆုံး နှစ်ဦးခေါ်ရမည်ဟူသော အချက်ကို ပယ်ဖျက်လိုက်သဖြင့် အာဏာသိမ်းစစ်ကောင်စီက ရဲ၊ စစ်သားတို့ကို ထင်သလို ဝင်ရောက်ရှာဖွေခွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြသည်။

ဥပဒေအရ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခွင့်ရရန် စီစဉ်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးသမားတို့က ထောက်ပြသော်လည်း အာဏာသိမ်းစစ်ကောင်စီကမူ ဒီမိုကရေစီအခွင့်အရေးများကို အာမခံမည်ဟု ဆိုနေသည်။ 

ရွေးကောက်ပွဲကျင်းပပြီး နိုင်သည့်ပါတီကို အာဏာအပ်မည်ဟုလည်း ဆိုသည်။

စစ်ကောင်စီကို ဆန့်ကျင်သူတို့ကမူ ၂၀၂၀ နိုဝင်ဘာတွင် ပြည်သူတို့ပေးခဲ့သည့်မဲကို လေးစားရန် နိုင်ငံအနှံ့တွင် နေ့စဉ်တောင်းဆိုနေကြသည်။   

Show More

Related Articles

Back to top button