ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်ရာမှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ၃ ရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး နှစ်ဖက်တပ်ကြား ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးလည်း ပစ်ခတ်ခံရသည်ဟု သိရသည်။
စက်တင်ဘာ ၇ ညပိုင်းတွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကြောင့် စည်ကားသည့် ဆိုင်းတောင်ရွာအတွင်း ဝင်ရောက်လာပြီး Lucky Man ဟိုတယ်နှင့် အနီးဝန်းကျင်တွင် နေရာယူလိုက်ရာမှ တိုက်ပွဲစတင်ခြင်းဖြစ်သည်။
စစ်တပ်က ရောက်သည့်ညမှာပင် ရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သည်၊ ဟိုတယ်အတွင်း အရပ်သားတချို့လည်း ပိတ်မိသွားသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဖားကန့်ဘက်က တိုက်ပွဲအခြေနေက သုံးရက်လောက်တော့ရှိပြီ။ (စစ်ကောင်စီ) အင်အား ၁၀၀ လောက် လုံခြုံရေးပတ်နေတဲ့အဖွဲ့နဲ့ ကျွန်တော်တို့ KIAတပ်ပေါင်းစုတွေနဲ့ ရင်ဆိုင်တိုက်ပွဲပေ့ါ” ဟု သူက
ယနေ့ (စက်တင်ဘာ ၉)တွင် ပြောသည်။
“မနေ့ကတော့ ဆိုင်းတောင် ဟိုတယ်မှာတောင်မှ ပြည်သူလူထုတွေကို စစ်ကောင်စီဘက်က ဝိုင်းထားတယ်လို့ပြောတယ်။ ဝိုင်းထားတဲ့အဖွဲ့ကို KIAကနေ ပြန်ပစ်ပြီးမှ ဆိုင်းတောင်မှာတောင်မှ တိုက်ပွဲဖြစ်တယ်လို့သိရတယ်”
တိုက်ပွဲပထမနေ့တွင် စစ်တပ်က ဆိုင်းတောင်ရွာအတွင်း သွားလာနေသူ လူငယ်သုံးဦးကို ပစ်သတ်ထားခဲ့ရာ နောက်တစ်ရက်မှ အလောင်းကောက်နိုင်သည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဒုတိယနေ့တွင် တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး လက်နက်ကြီးများဖြင့်အပြန်အလှန် ပစ်ခတ်နေကြသည်ဟု သူက ဆက်ပြောသည်။
တိုက်ပွဲ တတိယနေ့ နံနက်တွင် ပူးပေါင်းတပ်က ရွာအတွင်း ဝင်ရောက်နိုင်သည့် လမ်းကြောင်းများ၊ Lucky Man ဟိုတယ်တွင်တပ်စွဲထားသည့် စစ်တပ်တို့ကို ပိတ်ဆို့ထားသည်ဟု သိရသည်။
ဖားကန့်-ဆိုင်းတောင်လမ်းပိုင်း၊ ဆန်းကြွယ်စက်လှေဆိပ်၊ မမုံ၊ ကျောက်တူးတောင်စက်လှေဆိပ် စသည့် ဆိုင်းတောင်သို့ ဝင်ရောက်နိုင်သည့် လမ်းများအားလုံး ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
“Lucky Man မှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတွေကို PDF ပူးပေါင်းအဖွဲ့က အကုန်ပိတ်ဆို့ထားတာပေါ့နော်၊ အကုန် ထွက်လို့မရအောင်ပေါ့” ဟု ထိုအမျိုးသားက ပြောသည်။
“အဲဒီမှာလည်း တချို့ KIA နဲ့ PDF တွေ ဖမ်းခံထားရတာလည်း ရှိတယ်လို့ ကြားတယ်။ ပြည်သူတွေ ဓားစားခံအနေနဲ့ ဖမ်းထားတာလည်းရှိတယ်လို့ ကြားတယ်”
ပိတ်ဆို့၊ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် တိုက်ပွဲ ဒုတိယနေ့တွင် သွားရောက်ညှိနှိုင်းသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) မှ ဦးယွပ်ဇော်ခေါင်ကို စစ်တပ်က ပစ်ခတ်ရာ ပေါင်တွင်ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
ရွှေမှောင်ခိုတူးနေသည့် ကျောက်စိမ်းသူဌေး ဦးယွပ်ဇော်ခေါင်သည် စစ်ကောင်စီနှင့် နီးစပ်သူဖြစ်သည်ဟုလည်း သိရသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ PCG အဖွဲ့ဝင် ပစ်ခတ်ခံရသည့် သတင်းကိုကြားရကြောင်းနှင့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ပြောသည်။
“အတိအကျတော့ မသိဘူး။ ပိတ်မိတဲ့ပြည်သူလူထုတွေကို ကယ်ဖို့ PCG အဖွဲ့တွေ လာတယ် တဲ့။ အဲဒီအဖွဲ့တွေကိုလည်း (စစ်တပ်)သူတို့ပြန်ပစ်လို့ PCGက လူကြီးတစ်ယောက်တောင် ဒဏ်ရာရတယ်လို့ပြောတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယနေ့နံနက်တွင်လည်း ဆိုင်းတောင်မှ သေနတ်သံများ ဆက်လက်ကြားနေရဆဲဖြစ်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်မည့် အခြေအနေတွင်ရှိသည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည်များမှာ ဆိုင်းတောင်ရွာတွင်းနှင့် ဆန်းကြွယ်၊ မော်တောင်း၊ ယူမာစသည့် အနီးဝန်းကျင်ကျေးရွာများသို့ပါ ကျရောက်ခဲ့ပြီး တိုက်ပွဲကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ဆိုင်းတောင်နှင့် အနီးအနားရွာများမှ နေအိမ်များ ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟုလည်း သိရသည်။
တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေမှုကြောင့် ဆိုင်းတောင်ဒေသခံများမှာ အလံဖြူထောင်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။
KIA နှင့် ပူးပေါင်းတပ်များက ဩဂုတ် ၁၅ ရက်နေ့က ဖားကန့်မြို့ အနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ လမောင်ကုန်းနှင့် အနောက်မြောက်ဘက်ရှိ တောမှော်စခန်းကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဖားကန့်မြို့တွင် ယခုတိုက်ပွဲဖြစ်ပွားနေသည့် ဆိုင်းတောင်ရွာမှ စခန်းကုန်းတစ်ခု၊ ကံစီးဗျူဟာကုန်း၊ လုံးခင်းကျေးရွာအနီးရှိ ယမ်းချက်စခန်းနှင့် မြို့ပေါ်ရှိ ဗျူဟာကုန်းစသည့် စခန်းများကို စစ်ကောင်စီက ဆက်လက် တပ်စွဲနေဆဲ ဖြစ်သည်။
ထို့ပြင် ဖားကန့်မြို့အရှေ့ဘက် ၃၅ မိုင်ခန့်အကွာတွင်ရှိပြီး ဖားကန့်မြို့ဝင်ပေါက်တစ်ခုဟု ပြော၍ရနိုင်သည့် ကာမိုင်းဗျူဟာကုန်းလည်း သိမ်းပိုက်ခံရခြင်း မရှိသေးဟု သိရသည်။
ယခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့်
တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့တို့ကို သိမ်းပိုက်ထားသည်။
မေလမှစတင်ကာ ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ရပ်တန့်နေခဲ့သည်။ ထို့နောက် ဇူလိုင် ၁၅ မှစတင်ကာ မိုးမောက်မြို့နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သလို ဖားကန့်မြို့တွင်လည်း ဩဂုတ် ၁၄ ရက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာသည်။