ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ကမ်းနံဘေးတွင် ရှိပြီး “ဝ”ဒေသနှင့်ထိစပ်နေသည့် တန့်ယန်းမြို့ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)က စစ်အင်အားတိုးချဲ့ချထားပြီးနောက် သံလွင်မြစ်တွင် ရေကာတာ စီမံကိန်းစတင်နိုင်ရန် စိုင်းပြင်းနေသည်ဟု ဒေသတွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ယနေ့ (စက်တင်ဘာ ၅) တွင် သတင်းထုတ်ပြန်သည်။
“ဝ”ဒေသရှိ သံလွင်မြစ်၏ မြစ်လက်တက် နမ့်မမြစ်ကိုပိတ်ကာ လျှပ်စစ် ၂၂၅ မဂ္ဂဝပ် ထုတ်လုပ်မည့် မန်တုံရေကာတာစီမံကိန်း တည်ဆောက်ခွင့်ပြုထားသလို တန့်ယန်းမြို့နယ် သံလွင်မြစ်ပေါ်တွင် ၁,၂၀၀ မဂ္ဂဝပ်ထုတ်လုပ်နိုင်မည့် နောင်ဖာရေကာတာစီမံကိန်းစတင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ပဋိပက္ခများကို စောင့်ကြည့်နေသည့် Shan State Frontline Investment Monitor(SSFIM) အဖွဲ့က ဆိုသည်။
အဆိုပါစီမံကိန်းနှစ်ခုကို စစ်အစိုးရလက်ထက် ၂၀၀၉ တွင် သဘောတူခဲ့ပြီး တရုတ်အစိုးရပိုင် Hydrochina ကော်ပိုရေးရှင်း၊ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားနှစ်ဦးဖြစ်သည့် ဦးနေအောင်နှင့် ဦးပြည်အောင်တို့ တည်ထောင်ခဲ့သည့် IGE ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုစီမံကိန်းနှစ်ခုလုံးကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း(BOT) စနစ်ဖြင့်တည်ဆောက်မည်ဖြစ်ပြီး ထွက်လာမည့်စွမ်းအင်၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို တရုတ်ကိုရောင်းချရန် သဘောတူထားသည်။
ထိုစီမံကိန်းအတွက် လူမှုသဘာဝပတ်ဝန်းကျင်စစ်တမ်းကို ဩစတေးလျအခြေစိုက် အင်ဂျင်နီယာ အတိုင်ပင်ခံအဖွဲ့အစည်း SMEC Holding ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး ယနေ့တိုင် တရားဝင်အဆက်အသွယ် အဖြစ် ရှိနေသည်ဟု ဆိုသည်။
SMECကို စင်ကာပူအစိုးရပိုင် Surbana Jurong ကုမ္ပဏီက ၂၀၁၆ တွင် လွဲပြောင်းရယူထားသည်။
ယခုအခါ နောင်ဖာစီမံကိန်းတည်ရှိရာ သံလွင်မြစ်အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းကို “ဝ”တပ်ဖွဲ့က ထိန်းချုပ်ထားပြီး စီမံကိန်းအမှန်တကယ်အကောင်ထည်ဖော်ရန် စီစဉ်နေဖွယ်ရှိကြောင်း SSFIM အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် ဩဂုတ် ဒုတိယပတ်တွင် ဝတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် တရုတ်လုပ်ငန်းရှင် ၁၂ ဦးသည် သံလွင်မြစ်အရှေ့ဘက်ရှိ တာကော်အက်တံတားကိုဖြတ်၍ နောင်ဖာရေကာတာ စီမံကိန်းတည်နေရာကို သွားရောက်လေ့လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။
“ဝ”ဒေသအတွင်းရှိ မန်တုံစီမံကိန်းမှာမူ ဖောင်ဒေးရှင်းများတည်ဆောက်ရန် ဆက်လက်ပြင်ဆင်နေသည်ဟု ဂြိုလ်တုဓာတ်ပုံများကိုကိုးကား၍ SSFIM အဖွဲ့က ထုတ်ပြန်သည်။
အစိုးရအဆက်ဆက် ဒေသခံတို့ ဆန့်ကျင်ကန့်ကွက်သည့် ထိုစီမံကိန်းကို ပြန်စတင်ရန် “ဝ” တပ်ဖွဲ့က မြေနေရာရှင်းလင်းနေသည်၊ ဒေသခံတို့က ထိုဆောင်ရွက်ချက်များကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုရန် ကြိုးစားနေသည်ဟု SSFIM ၏ ပြောရေးဆိုခွင့်ရှိသူ ခမ်းလူက Myanmar Now ကို ပြောသည်။
“သံလွင်မြစ်က ရေကာတာတွေက တကယ်လို့ တစ်ခုဆောက်မယ်ဆိုရင် ရှိတဲ့ရေကာတာ အကုန် မဖြစ်မနေ ဆက်ဆောက်ရမှာပါ။ ခု နောင်ဖာနဲ့မန်တုံရေကာတာစီမံကိန်းသာ ဖြစ်သွားရင် ရှမ်းပြည်တွင်းတင်သာမက မြန်မာတစ်ပြည်လုံးက သံလွင်ရေကာတာစီမံကိန်းတွေကို ဆက်ပြီးတော့ လုပ်ရမှာပါ။ ဒီအရာတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုက အရမ်းကို ကြောက်စရာကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။
စီမံကိန်းနေရာသည် ငလျင်ပြတ်ရွေ့နေရာတွင်ရှိပြီး ငလျင်နှင့် ရေကြီးရေလွှမ်းမှုအန္တရာယ်ရှိနိုင်သည်ဟု သိရသည်။
နောင်ဖာစီမံကိန်းစတင်ရန် ပြင်ဆင်မှုနှင့်ပတ်သက်၍ UWSA ၏ လားရှိုးမြို့နယ် ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုအစီအစဉ်နှင့် ပတ်သက်ပြီး မကြားမိကြောင်း တုံ့ပြန်သည်။
စီမံကိန်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းတိုင်းတာမှုများလုပ်နိုင်သော်လည်း ငွေကြေးအကြီးအကျယ် စိုက်ထုတ်တည်ဆောက်မည့်အဆင့်ကို တရုတ်ဗဟိုအစိုးရကဖွဲ့စည်းထားသည့် ကြီးကြပ်ရေးကော်မတီက အတည်ပြုဆုံးဖြတ်ရန်လိုကြောင်း လျှပ်စစ်ဓာတ်အား စီမံကိန်းကြီးများနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် အစိုးရအရာရှိဟောင်းတစ်ဦးက ပြောသည်။
“မြစ်ဆုံအရေးအခင်းပြီးတည်းက တရုတ်က မြန်မာနဲ့ပတ်သက်ပြီး သင်ခန်းစာအကြီးကြီး ရယူထား ပါတယ်” ဟု သူက ပြောသည်။
သို့သော် တရုတ်သည် ၎င်းတို့လုပ်ကိုင်လိုသည့် စီမံကိန်းများနှင့်ပတ်သက်၍ အုပ်ချုပ်သူအစိုးရမရွေးဘဲ လုပ်ခွင့်ရရေးသာ အာရုံစိုက်လေ့ရှိကြောင်း၊ ယခု ဝ တပ်ဖွဲ့နှင့် ဆက်ဆံပြီး ကွင်းဆင်းလေ့လာနေသည်ဟူသော သတင်းသည် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများကို သိက္ခာကျဆင်းစေကြောင်း ၎င်းက ဆိုသည်။
အမှန်တကယ်စီမံကိန်းစတင်လျှင် စစ်ကောင်စီ ဝင်ငွေထိခိုက်နိုင်ကြောင်း၊ ဝတပ်ဖွဲ့အပေါ် တရုတ်အစိုးရက နိုင်ငံရေးဖိအားပေးမှုများရှိရာ ယခုစီမံကိန်းကြောင့် ဖိအားများကို လျှော့ချနိုင်ဖွယ် ရှိကြောင်း ၎င်းက သုံးသပ်သည်။
နောင်ဖာစီမံကိန်းသည် သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်းများအနက် ရှမ်းပြည်နယ်အတွင်း အကြီးဆုံးရေကာတာတစ်ခုဖြစ်ပြီး အခြားနှစ်ခုမှာ မြောက်ပိုင်းရှိ ၁၄၀၀ မဂ္ဂ၀ပ်ရှိ ကွန်လုံရေကာတာနှင့် ရှမ်းပြည်တောင်ပိုင်းရှိ ၇၀၀၀ မဂ္ဂ၀ပ်ရှိ မန်တုံရေကာတာတို့ဖြစ်ကြောင်း SSFIM အဖွဲ့က ဆိုသည်။