သတင်း

မိုးမောက်မြို့ ပြန်ရရန်စစ်ကောင်စီအပြင်းအထန် ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်တောင်ပိုင်း မိုးမောက်မြို့ကို လက်လွှတ်လိုက်ရပြီး ၅ ရက် အကြာတွင် စစ်ကောင်စီက ထိုဒေသကို ပြန်လည်သိမ်းပိုက်နိုင်ရန် တန်ပြန်ထိုးစစ်ဆင်နေသည်ဟု KIA က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ သိမ်းယူထားသည့် ကချင်ပြည်နယ်တောင်ပိုင်း မိုးမောက်မြို့ကို  စစ်ကောင်စီတပ်က အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။


ပူးပေါင်းတပ်က မိုးမောက်မြို့မှ နောက်ဆုံးကျန်ရှိသည့် စစ်စခန်းကို တစ်လကျော်ကြာ ထိုးစစ်ဆင်ကာ ဩဂုတ် ၁၉ တွင်  သိမ်းပိုက်ခဲ့သည်၊ သို့သော်လည်း ၁၀ မိုင်ခန့်အကွာတွင်ရှိသည့်  ဗန်းမော်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက သံချပ်ကာကားများကို အသုံးပြုကာ  ဩဂုတ် ၂၄ မှ စတင်ကာ တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း မိုးမောက်ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်တပ်ထောက်ခံသည့် တယ်လီဂရန် ချန်နယ်များတွင် ဖော်ပြခဲ့သေးသည်။ 

KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ  စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်နေသည်ဟု ဆိုသည်။

“မိုးမောက်ကို မရပါဘူး၊ မိုးမောက်ကတော့ အဝေးကြီးပါ။ ဗန်းမော်ဘက်ကနေတက်လာတဲ့ စစ်ကြောင်းတွေကတော့ (မိုးမောက်မြို့အနီး) ၆ မိုင်အထိ ရောက်လာတယ်၊ ရောက်ပြီးမှ အဲဒီမှာ ရပ်တန့်နေတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“လေကြောင်းနဲ့ ပစ်တာ၊ လက်နက်ကြီးနဲ့ထုတာ၊ ဒရုန်းနဲ့ ပစ်တာ၊ အဲဒါကို အားပြုပြီးမှနေတာ။ သူတို့ ဆက်မတက်နိုင်ဘူး၊ ကျွန်တော်တို့ KIA တပ်ပေါင်းစုတွေနဲ့ ခုခံတိုက်ပွဲတွေဖြစ်တာ ဖြစ်ပါတယ်”

ယမန်နေ့ (စက်တင်ဘာ ၁ ရက်)က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်သို့ ထွက်ခွာလာသည့်   စစ်သ​င်္ဘော ငါးစင်းပါ ရေယာဉ်စုတွင် စစ်သားများ၊ လက်နက်၊ ခဲယမ်း ရိက္ခာများတင်ဆောင်လာသည်ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့အချို့က ပြောသည်။

အဆိုပါ စစ်သင်္ဘောများမှာ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သွားသည်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကလည်း အဆိုပါ ရေယာဉ်တန်းကို လုံခြုံရေး အစောင့်လိုက်ပေးခဲ့သည်ဟု ကသာမြို့ ပကဖအဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ သင်္ဘောများမှာ ယမန်နေ့ညက တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့တွင် ရပ်နားခဲ့ပြီး ယနေ့(စက်တင်ဘာ ၂) မွန်းလွဲ ၂ နာရီခန့်တွင် ကသာမြို့သို့ ရောက်ရှိနေသည်ဟု သိရသည်။

“ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ ကသာဘက်ကို ဆန်တက်တယ်၊ စဆန်ကတည်းက ဂျက်ဖိုက်တာ (တိုက်ခိုက်ရေး ရဟတ်ယာဉ်) တစ်စီးပြီး တစ်စီး၊ တစ်စီးပြန်သွားလိုက်၊ နောက်တစ်စီးတက်လာလိုက်နဲ့ အစောင့်လိုက်ပြီး ဆန်တက်လာလိုက်တာ လောလောဆယ်တော့ ကသာမှာ ကပ်ထားပြီ” ဟု အဆိုပါ ပကဖအဖွဲ့ဝင်က ပြောသည်။

အဆိုပါ သင်္ဘော ငါးစင်းမှာ တိုက်သင်္ဘောအမျိုးအစား နှစ်စင်း၊ ထောက်ပံရေးတွဲ သင်္ဘောနှစ်စင်းနှင့် တွန်းသင်္ဘောတစ်စင်းဖြစ်သည်ဟု သိရသည်။

ထိုသင်္ဘောများသည် တိုက်ပွဲပြင်းထန်သည့် ထီးချိုင့်မြို့ကို ကျော်လွန်ပြီး ကသာမြို့အထိ ဆက်တက်လာကာ ကသာတွင်လက်နက်၊ ရိက္ခာများ ဆက်တင်နေသည့်အတွက် ဗန်းမော်မြို့သို့ စစ်ကူရန် သွားနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်အချို့ကလည်း သုံးသပ်နေကြသည်။

“ဆက်ထွက်ရင် ဗန်းမော်မှာဖြစ်နေတဲ့ (တိုက်)ပွဲတွေအရ ဗန်းမော်ကို ထပ်ဖြည့်တာလို့ ဆိုနိုင်တယ်” ဟု အဆိုပါ ပကဖ အဖွဲ့ဝင်က ပြောသည်။

မိုးမောက်မြို့နှင့် အပြိုင် မံစီမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့သော်လည်း ဗန်းမော်မြို့၏ တောင်ဘက် ငါးမိုင်ကျော်အကွာရှိ ကောင်ဂျာယန်ကျေးရွာအနီးတွင်  တပ်ပေါင်းစုက ခုခံတိုက်ခိုက်နေသဖြင့် ရှေ့တက်မတက်နိုင်ဘဲ ဖြစ်နေသည်။

တိုက်ပွဲများကြောင့် မိုးမောက်မြို့နှင့် မံစီမြို့မှ စစ်ရှောင်များမှာ ယခုနှစ် မေလမှ စတင်ကာ မြို့မှတိမ်းရှောင်သွားကြပြီဖြစ်ပြီး အနည်းစုသာ အဆိုပါ မြို့များတွင် ဆက်လက်နေထိုင်နေကြသည်။

ထို့ပြင် ဗန်းမော်မြို့အနီး မိုင်အနည်းငယ်အကွာအထိ တိုက်ပွဲများ နီးကပ်လာသောကြောင့် ဗန်းမော်မြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်များနှင့် မြို့ခံအချို့လည်း မြစ်ကြီးနား၊ မန္တလေးစသည့် မြို့များ၊ နီးစပ်ရာ KIA ထိန်းချုပ်ဒေသများသို့တိမ်းရှောင်နေကြသည်ဟု ဒေသခံအချို့က ပြောသည်။

ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ဗန်းမော်မြို့အခြေအနေ အသေးစိတ်ကို မသိရသေးပေ။ မြို့တွင် ကျန်ရစ်နေခဲ့သည် မိသားစုဝင်များကို စိတ်ပူနေရသည်ဟု စစ်ကိုင်းတိုင်းအတွင်း တိမ်းရှောင်နေသည့် ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သေနတ်သံတွေ တအားကပ်လာတယ် တဲ့၊ ညညဆို လက်နက်ကြီးသံတွေကြောင့် ကောင်းကောင်းအိပ်မရဘူး တဲ့၊ ကျွန်မလည်း သွားမကူနိုင်ဘူး၊ ကျန်ခဲ့တဲ့ မောင်လေးနဲ့ ကျန်တဲ့မိသားစုတွေ တစ်အိမ်တည်း စုနေပြီး နေနေကြရတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

စစ်ရှောင်အများစုမှာ KIA သိမ်းပိုက်ထားသည့် အခြားမြို့များသို့ စစ်ဘေးရှောင်နေရပြီး နေရာသစ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ရောက်လာမည်ကို စိုးရိမ်နေကြရသည်။

 စစ်ကောင်စီက ကချင်ပြည်နယ်ကို ဇူလိုင် ၂၁ ရက်မှ စတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်၊  ဩဂုတ် လလယ်ခန့်တွင်  ပြည်နယ်အတွင်း  ဖုန်းလိုင်တချို့ပြန်ရသည့် ဒေသများလည်း ရှိသည်ဟု သိရသည်။

ယခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ KIA  က စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဒေါ့ဖုန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘို၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာကြီးတို့ကို သိမ်းပိုက်ထားနိုင်သည်။

Show More

Related Articles

Back to top button