သတင်း

အာဏာသိမ်းပြီးနောက် အလွှာစုံမှ ၂၆၂ ဦး ထိန်းသိမ်းခံရဟု AAPP ထုတ်ပြန်

အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ မှ ၁၁ အထိ တပ်မတော်က နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ခံအမတ်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ စသည့်အလွှာစုံမှ လူပုဂ္ဂိုလ်၂၆၂ ဦးအထိ ထိန်းသိမ်းဖမ်းဆီးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။ 

ထိန်းသိမ်းခံထားရသူများတွင် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အကြီးအကဲများအားလုံးနှင့် ရွေးကောက်ခံအမတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အနည်းဆုံး ၁၅၀ ခန့် ပါဝင်သည်။

ကျန်သူများမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်အချို့နှင့် အာဏာသိမ်းဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြသူအချို့ ဖြစ်သည်။

အဆိုပါ ၂၆၂ ဦးအနက် လက်ရှိအချိန်အထိ ၂၁ ဦး ပြန်လည်လွတ်မြောက်လာပြီး ၂၄၁ ဦး ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု AAPP ၏ စာရင်းများအရ သိရသည်။ 

ဖေဖော်ဝါရီ ၁ နံနက်မိုးမသောက်မီအချိန်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားခေါင်းဆောင်အချို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် အင်တာနက်နှင့် ဖုန်းလိုင်းများ ယာယီဖြတ်တောက်ပစ်ခဲ့သည်။

တပ်မတော်က ရွေးချယ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာလွှဲအပ်လိုက်သည်ဟု ဆိုသည်။ 

ဗိုလ်ချုပ်မှူးကြီးက ဖေဖော်ဝါရီ ၂ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကာ ၎င်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်၍ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း ကူးစက်ခဲ့ပြီး လူထုအုံကြွမှုအသွင် ဖြစ်ပေါ်လာခဲ့သည်။ 

ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း အရှိန်မြင့်လာသည့်အလျောက် ညဉ့်နက်သန်းခေါင်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်အကျယ်ချုပ် ချထားသော တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို နေရာပြောင်းရွှေ့ချုပ်နှောင်ကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူးအဖြစ် လုပ်ကိုင်ခဲ့သော ပညာရေးဝန်ထမ်းတချို့၏ နေအိမ်များသို့ သွားရောက်၍ ဖမ်းဆီးသော ရုပ်သံဖိုင်အချို့လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ 

ထိုသို့ ညအချိန်အခါမှ ဖမ်းဆီးခြင်းကို လူအများက “သန်းခေါင်ယံ လူဖမ်းပွဲ” ဟုပင် ခေါ်ဝေါ်လာကြသည်။ 

အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအပြင် ဒေါ်အောင်ဆန်းစုကြည်ထူထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ဦးမိုးဇော်ဦးနှင့် ဦးသန့်သော်ကောင်းတို့လည်း ပါဝင်သည်။ 

ဖေဖော်ဝါရီ ၁၀ တွင် NLD ၏ ရှေ့နေကြီး ဦးကျော်ဟိုးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၈ ဦးတို့ ဖမ်းဆီးခံရကြောင်း AAPP က ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

ထိန်းသိမ်းခံခဲ့ရသူများအနက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ မန္တလေးနှင့် နေပြည်တော်မှ မြို့တော်ဝန်များနှင့် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်အချို့၊ DVB သတင်းဌာန၏ မန္တလေးအခြေစိုက်သတင်းထောက် ကိုဘကြီးအောင်လည်း ပါဝင်သည်။ ကိုဘကြီးအောင်သည် ထိန်းသိမ်းခံခဲ့ရသည့် ဖေဖော်ဝါရီ ၉ တွင်ပင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း AAPP ၏ အချက်အလက်များအရ သိရသည်။ 

နေ့စဉ် ချီတက်ဆန္ဒပြမှုများအပြင် ဆေးပညာရပ်ဝန်းက စတင်အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) မှာလည်း အထိုက်အလျောက် အောင်မြင်မှုရလာပြီး ရဲဝန်ထမ်းအနည်းငယ်နှင့် အစိုးရဝန်ထမ်းအများအပြား ပူးပေါင်းလာခဲ့သည်။

CDM တွင် ပူးပေါင်းပါဝင်ခဲ့သည့် ကြံခင်းမြို့နယ်မှ ရဲဝန်ထမ်း ၂ ဦးနှင့် မြိတ်မြို့နယ်မှ ရဲတပ်သားထွန်းအောင်လင်းသည် လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခံထားရသည်။ 

ထို့သို့ အားကောင်းလာသည့် CDM လှုပ်ရှားမှုဦးဆောင်သူများကိုလည်း အာဏာသိမ်းစစ်ကောင်စီက ပစ်မှတ်ထားလာခဲ့သည်။ CDM တွင် ပါဝင်လာသည့် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကို ဖေဖော်ဝါရီ ၁၁ တွင် ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖမ်းဆီးမခံခဲ့ရပေ။ 

ထို့အတူ CDM လှုပ်ရှားမှုတွင် ပါဝင်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည့် ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးကိုလည်း ဖေဖော်ဝါရီ ၁၀ တွင် အာဏာပိုင်အချို့က လာရောက်ခေါ်ဆောင်ခဲ့ကာ နှစ်နာရီကြာ မေးမြန်းပြီး ပြန်လည်လွှတ်ပေးခဲ့သည်။ 

Show More

Related Articles

Back to top button