သတင်း

AA ထိုးစစ်ဆင်နေသည့် မောင်တောမြို့ကို စစ်တပ်ဗုံးကြဲ

မောင်တောမြို့တွင်း တပ်စွဲထားသော နေရာအများအပြားကို AA ရရှိသွားပြီးနောက် စစ်တပ်က မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်၊ နယ်ခြားစောင့်စခန်းမှ ဆက်လက် ခံစစ်ဆင်နေသည်ဟု သိရသည်။

အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ကို စစ်ကောင်စီ လက်လွှတ်ရလုနီးပါးဖြစ်နေပြီး ယမန်နေ့ (သြဂုတ် ၂၅ ) ညနေပိုင်းတွင် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

AA က မြို့နယ်အတွင်း စစ်ကောင်စီ တပ်စွဲထားသော နေရာအများအပြားကို သိမ်းပိုက်ထားသည်၊ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ  (နခခ ၅) ကို မသိမ်းနိုင်သေးဟု  ဒေသခံတစ်ဦးက ပြောသည်။ 

“ညနေ ၄ နာရီကပင် ၇ နာရီလောက်အထိ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တယ်။ မြို့ထဲမှာတော့ နခခ ၅ တစ်ခုပဲကျန်ပြီလို့ သိရတယ်” ဟု သူက ပြောသည်။ 

တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပေ။

သြဂုတ် ၄ ရက်နေ့က စတင်ခဲ့သော  တိုက်ပွဲများအတွင်း မောင်တောမြို့မရဲစခန်း ဒုရဲမှူး၊ ရဲအုပ်နှင့်ရဲတပ်ဖွဲ့များအပါအဝင် ရဲ ၈ ဦး လက်နက်များနှင့်အတူ သြဂုတ်၂၃ တွင် လက်နက်ချအညံ့ခံလာသည်ဟု AAက နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်၊ သြဂုတ် ၂၂ ရက်နေ့ကလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကိုလည်းဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဆုတ်ခွာခြင်း၊ လက်နက်ချခြင်းတို့ကြောင့် “မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ဖြစ်လာတော့မည်”ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကလည်း ရခိုင်ဒေသ စစ်ရေးအထိနာမှုများကို သတင်းအမှောင်ချထားသည်။

ရှုပ်ထွေးနေသော မြို့သိမ်းတိုက်ပွဲ 

၂၀၁၇ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ မောတောမြို့နယ်တွင်း နယ်မြေမြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှုခံရသည့် မောင်တောဒေသ လတ်တလော တိုက်ပွဲများသည် အခြားမြို့များ၏ တိုက်ပွဲများထက် ပိုမို ရှုပ်ထွေးလျက်ရှိနေသည်။

မောင်တောမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့  စစ်သင်တန်းပေး လက်နက်တပ်ဆင်ထားသည့် ရိုဟင်ဂျာလက်နက်ကိုင်များ၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာတပ် (ARA) တို့၏ အင်အားကို ရယူကာ ထိုးစစ်ကို ခုခံနေကြသည်။

AA က မောင်တောမြို့ထဲမှပြည်သူများ အမြန်ဆုံးထွက်ခွာကြရန် ဇွန်လ ၁၆ တွင် အသိပေးထားသည်။ သို့သော် စစ်ကောင်စီတပ်၏ မြို့ဝင်မြို့ထွက်ပိတ်ပင်ထားမှုကြောင့် ထွက်ခွင့်မရသူများ ရှိနေသေးသည်ဟု  ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် မောင်တောဒေသခံ ရိုဟင်ဂျာတစ်ဦးက ပြောသည်။

အခြား​ဒေသများသို့ စစ်ဘေးရှောင်ရန်ထွက်ခွာသွားပါက စားဝတ်နေရေးခက်ခဲမည်ကို စိုးရိမ်သူ၊  မိမိအိုးအိမ်များကိုမစွန့်ခွာလိုသူများ မြို့ထဲတွင်ဆက်လက်နေထိုင် နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

AA ကမူ ယင်းတို့၏ ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ပေကပ်ကပ်လုပ်နေသူများတွင် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင် မူဆလင်များ ပါဝင်သည်ဟု သြဂုတ် ၁၈ တွင်ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် ပင်လယ်ကမ်းခြေတစ်နေရာတွင် လက်နက်ကြီး၊ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ရိုဟင်ဂျာ ၂၀၀ ခန့် သေဆုံးသွားပြီး ထိုလုပ်ရပ်မှာ AA လက်ချက်ဖြစ်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားကြသည်။

AA ကမူ ထိုဖြစ်ရပ်မှာ ၎င်းတို့နှင့်မည်သို့မျှသက်ဆိုင်မှုမရှိကြောင်း၊ ထိုအဖြစ်အပျက်အတွက် ဝမ်းနည်းရကြောင်း သြဂုတ် ၇ တွင်ထုတ်ပြန်သည်။

လက်ရှိတွင် မောင်တောမြို့ထဲတွင် ပိတ်မိနေသော ပြည်သူ ၂၀,၀၀၀ ကျော်ကို ကယ်ထုတ်ထားဟုလည်း AA က ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် မောင်တောဒေသခံ ရိုဟင်ဂျာကမူ AA ထိန်းချုပ်နယ်မြေသို့ ရောက်နေသော မောင်တောမြို့မှဒေသခံများသည် ဆေးဝါးအပြင် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ပြောသည်။

“လူတွေက တော်တော်လေးကို စားရေးသောက်ရေးတွေ  အခက်အခဲဖြစ်နေကြတယ်၊ အဓိကဆေးဝါးတွေ တော်တော်လေးရှားပါးနေတယ်၊ ဒီကြားထဲမှာ ဝမ်းပျက်၊ဝမ်းလျှော ရောဂါဖြစ်နေတော့ အဲဒါတွေနဲ့တော်တော်လေး ဒုက္ခရောက်နေကြတယ်”ဟု ၎င်းကဆိုသည်။

AA သည် ဂွမြို့နယ်ရှိ ကျိန္တလီမြို့ကိုသိမ်း ပိုက်နိုင်ရန်လည်း  စစ်ဆင်လျက်ရှိသည်။ သံတွဲမြို့နယ်တစ်ခုလုံးသိမ်းပိုက်နိုင်ရန် လက်ကျန်တပ်စခန်း ဖြစ်သည့် မောင်ရွှေလေး ရေတပ်စခန်းကို တိုက်ခိုက်လျက်ရှိသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့်ချင်းပြည်နယ်၊ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button