သတင်း

နံရိုးကျိုးသည်အထိ နှိပ်စက်ခံခဲ့ရသော မှတ်တမ်းရှပ်ရှင် ဒါရိုက်တာ ဖေမောင်စိမ်း ကွယ်လွန်

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့စဉ် နှိပ်စက်ခံရသော ဒဏ်ရာများဖြင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးရွားမှုများ ခံစားကြုံတွေ့ခဲ့ရပြီးနောက် လွတ်ရက်စေ့၍ ထောင်မှ လွတ်ပြီး ၃ ရက်အကြာ တွင် ကွယ်လွန်သွားသည်။

မြန်မာမှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ရိုက်ကူးသူများကြား လူသိများထင်ရှားသူတစ်ဦးဖြစ်သော မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ကိုဖေမောင်စိမ်းသည် အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးရွားမှုများ ခံစားကြုံတွေ့ခဲ့ရပြီးနောက် လွတ်ရက်စေ့ပြီး ၃ ရက်အကြာ (ဩဂုတ် ၁၉) တွင် ကွယ်လွန်ခဲ့ သည်။ 

အသက် ၅၁ နှစ်အရွယ် ကိုဖေမောင်စိမ်းသည် ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့နှင့် အဆက်အသွယ် ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံရသည်။ 

လွိုင်ကော်ရဲစခန်း နှင့် စစ်ကြောရေးတွင် တစ်လဝန်းကျင် ဖမ်းဆီးစစ်ကြောခံခဲ့ရပြီးနောက် စစ်ကောင်စီ က ၎င်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ကာ လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းချထားခဲ့သည်။  

ကိုဖေမောင်စိမ်းသည် လွိုင်ကော်အကျဉ်းထောင်သို့ ရောက်ချိန်တွင် ဖမ်းဆီးစစ်ကြောရေးလုပ်စဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုဒဏ်များကြောင့် နံရိုးတစ်ချောင်းကျိုးထားပြီး အဆုတ်ထဲ ရေဝင်ခြင်း ကဲ့သို့သော ရောဂါဝေဒနာများ ခံစားနေရကာ ကျန်းမာရေးထိခိုက်နေခဲ့သည်ဟု အကျဉ်းထောင်အတွင်း အတူနေခဲ့သူ တစ်ဦးနှင့် မိသားစုနှင့်နီးစပ်သူများက Myanmar Now ကို ပြောသည်။   

ယခုနှစ် ဧပြီလအတွင်းတွင် ကိုဖေမောင်စိမ်းသည် လွိုင်ကော်အကျဉ်းထောင်အတွင်း၌ အရိုးတီဘီရောဂါ ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း သေသွားခဲ့ပြီး လွိုင်ကော်မြို့စစ်ဆေးရုံသို့ ပြောင်းရွှေ့ကုသခွင့် ရခဲ့သော်လည်း ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။  

ထို့နောက် သူ၏ ကျန်းမာရေးအခြေအနေကြောင့် ဇူလိုင်လအတွင်း ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး အင်းစိန်ဆေးရုံကြီးတွင် ခြေထောက်သံကြိုးခတ်၍ ရဲအစောင့်အရှောက်ဖြင့် ဆေးကုသခွင့် ပေးခဲ့ကြောင်း အထက်ပါနီးစပ်သူက ဆိုသည်။ 

“ ဆေးရုံပေါ်ရောက်တော့ ဆေးကုတော့ သူရဲ့ ရောဂါက အဲဒီက ဆရာဝန်တွေလည်း မလုပ်နိုင်ဘူးဆိုတော့ ဆေးရုံပေါ်မှာ သူရဲ့ အခြေအနေက တဖြည်းဖြည်းပိုပိုဆိုးလာတာပေါ့” 

ပြီးခဲ့သည့် ဩဂုတ် ၁၆ တွင် လွတ်ရက်စေ့ပြီးနောက် မိသားစုဝင်များက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ခုဖြစ်သော ဆာကူရာဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရာ ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်းတွင် အရိုးတီဘီ နှင့် အဆုတ်ကင်ဆာရောဂါများဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ 

ကိုဖေမောင်စိမ်းသည် ရန်ကုန် ရုပ်ရှင်သင်တန်းကျောင်းမှ မှတ်တမ်းရုပ်ရှင်များစွာ ရိုက်ကူးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သူရိုက်ကူးခဲ့သော The River our Ayeyarwaddy  နှင့် ၂၀၂၃ခုနှစ် ပြသခဲ့သော ဖခင်ဖြစ်သူ ကာတွန်းဆရာကြီး ဦးဖေသိန်းအကြောင်း ရိုက်ကူးထားသည့် “ရယ်စရာလို့တော့ မထင်နဲ့”  မှတ်တမ်း ရုပ်ရှင်များက ထင်ရှားအောင်မြင်ခဲ့သည်။  

ထို့အပြင် သူသည် ၂၀၂၀ ခုနှစ် ကိုရီးယားနိုင်ငံ၊ ဘူဆန်ရုပ်ရှင်ပွဲတော်တွင် New Currents ပြိုင်ပွဲဝင် ဇာတ်ကား အဖြစ် ပြခဲ့သည့် Money Has Four Legs (ခြေလေးချောင်း) ရုပ်ရှင်ဇာတ်ကားကိုလည်း ထုတ်လုပ်သူ နှင့် ဖန်တီးသူများထဲတွင်လည်း ပါဝင်ခဲ့သည်။ 

မြန်မာ့ရုပ်ရှင်လောကကို သရော်ထားသော ထို Money Has Four Legs (ခြေလေးချောင်း) သည်လည်း ဂုဏ်သိက္ခာအရှိဆုံးသော နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် ပြသခွင့်ရခဲ့သလို ဆုတချို့လည်း ရရှိထားသည်။

ကိုဖေမောင်စိမ်းသည် မှတ်တမ်းရုပ်ရှင်ရိုက်ကူးများကြားထဲတွင် သူ၏ အလုပ်အကိုင်အပေါ် အလွန် ရူးသွပ်ပြီး ပရော်ဖက်ရှင်နယ် ကျကျလုပ်ကိုင်သူတစ်ဦး ဖြစ်သည်ဟု လွိုင်ကော်အကျဉ်းထောင်အတွင်း နှစ်နှစ်တာ အတူနေထိုင်ခဲ့သော ကိုရှိန်းရယ်က Myanmar Now ကို ပြောသည်။ 

“ သူရဲ့ အလုပ်ကိစ္စအကြောင်းပြောလို့ရှိရင် ကျွန်တော်တို့လည်း မနေနိုင်ဘူး လိုက်ပါစီးမျောသွားရတယ် ” ဟု ဆိုသည်။ 

ထို့ပြင် ကိုဖေမောင်စိမ်းသည် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိနေစဉ်အတွင်းမှာပင် သူ၏ အနုပညာ ကို ရရာနည်းဖြင့် ဆက်လက်လုပ်ကိုင်နေခဲ့ပြီး စစ်အာဏာရှင်များလက်အောက်က ရုပ်ရှင်ဆင်ဆာစနစ်ကို သရော်ထားသော “မောင်လေးစား” အမည်ရှိ သရော်စာအက်ဆေး အပါအဝင် ကဗျာ နှင့် ကာတွန်းတချို့ ရေးဆွဲခဲ့ကာ နိုင်ငံရေးအကျဉ်းသားများ၏ ရသစာပေများကိုလည်း တည်းဖြတ်ပေးခဲ့သည်ဟု ထိုသူက ဆက်ပြောသည်။ 

“မောင်လေးစား” အမည်ရှိ သရော်စာအက်ဆေးကို “ဘလေးစိမ်း” ကလောင်အမည်ဖြင့် ရေးသားခဲ့ပြီး 

ဆေးလိပ်မခဲနဲ့ အရက်ခွက်မ, မလိုက်နဲ့ … “ ဖြတ်!!! ”

ယောကျ်ားလေးလား- နားကပ်ပန်သလား… “ ဖြတ်!!! ”

ရင်သားဟိုက်သဟ – ပေါင်တိုသကွ ….. “ ဖြတ်!!! ” 

ဒို့ယဉ်ကျေးမှုကို လာမထိနဲ့….. “ ဖြတ်!!! ”  

ဒို့တာဝန်အရေး(၃)ပါး လာမညှိနဲ့ …. “ ဖြတ်!!! ”  

အဘတို့ကို မကလိနဲ့….. “ ဖြတ်!!! ” 

“ သွား!!!!!!! ” ထုတ်ဝေခွင့် “ရပ်”   ဟု အစချီ ရေးသားထားသည်။ 

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ၊ နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်း၏ ဈာပနကို ယနေ့ (ဩဂုတ် ၂၁) နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့ပြီး မိသားစုဝင်များနှင့်မိတ်ဆွေများ လာရောက်ခဲ့ကြသည်။

Show More

Related Articles

Back to top button