သတင်း

Eco Green City အိမ်ရာစီမံကိန်းမှ ခြံမြေကို တောင်သူလေးဦး ပြန်ရလို 

လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ ကျူးကျော်အိမ်များ ဖယ်ရှားပြီး အိမ်ရာစီမံကိန်းဖော်ဆောင်ခဲ့ရာတွင် ကျူးမြေမဟုတ်ဘဲ သိမ်းဆည်းခံခဲ့ရသည်ဆိုသော ဥယျာဉ်ခြံမြေများကို ပြန်ပေးရန် ဓားမဦးချ လုပ်ကိုင်ခဲ့သည့် တောင်သူလေးဦးက တောင်းဆိုသည်။

Eco Green City အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် အမြန်လမ်း ၃ မိုင် ၂ ဖာလုံမှ ၅ မိုင် ၂ ဖာလုံအတွင်း အစိုးရပိုင်မြေပေါ်ရှိ ကျူးကျော်အိမ် ၄,၀၀၀ ကျော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အမိန့်ဖြင့် ၂၀၁၇ တွင် ဖယ်ရှားခဲ့ရာတွင် နှစ်ပေါင်း ၃၀ ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ခြံမြေများသိမ်းဆည်းခံရခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။

ကျူးမြေမဟုတ်ဘဲ သိမ်းဆည်းခံခဲ့ရသည့် ဥယျာဉ်ခြံမြေများမှာ စုစုပေါင်း ဧက ၃၀ ကျော်ဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။ 

“နေစရာလည်း မြေမရှိဘူး။ ဧက ၂၀ လုံး ပါသွားတာလေ။ တစ်လက်မတောင် မကျန်ဘူး။ ကျွန်မက ဘယ်ကိုသွားပြီး ခိုကပ်နေမလဲ။ ဘာလုပ်ပေးစေချင်လဲဆိုတော့ တရားမျှတစွာ ဆုံးဖြတ်ပေးပါ” ဟု လှည်းကူးမြို့နယ် ကလီထော်အနောက်ကျေးရွာမှ ဒေါ်ခင်အေးမြင့်က Myanmar Now ကို ပြောသည်။

သိမ်းဆည်းခံရသော မြေဧက ၂၀ နှင့်ပတ်သက်ပြီး လယ်ယာမြေပိုင်ဆိုင်မှုအထောက်အထားများ မရှိသော်လည်း မြေခွန်နှင့် စိုက်စရိတ်ချေးငွေများ ရယူ၍ ကျွန်း၊ ရာဘာ၊ သရက်၊ မာလကာနှင့် ပိန္နဲ စသည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးခဲ့သော နှစ်ပေါင်း ၃၀ သက်တမ်းရှိ မိဘလက်ငုတ်လက်ရင်းခြံများဖြစ်ကြောင်း အထောက်အထားများပြသ၍ ၎င်းက ဆိုသည်။ 

၎င်းတို့ထံတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်ချေးငွေအထောက်အထားများနှင့် မြေခွန်ပြေစာများ လက်ဝယ်ရှိသည်ကိုလည်း တွေ့ရှိရသည်။ 

မြေခွန်စာရွက်အထောက်အထားများကို ပြသနေသည်ကို ဇန်နဝါရီ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-ဖြိုးထက်အောင်/ Myanmar Now) 

ဒေါ်ခင်မြင့်အေးအပြင် ကလီထော်အနောက်ကျေးရွာမှ ဦးမြသိန်း၊ ဦးဝင်းကြည်နှင့် ဦးမင်းအောင်တို့၏ ခြံမြေပေါ်ရှိ လူနေအိမ်၊ နွားတဲနှင့် နှစ်ရှည်သီးနှံစိုက်ခင်းများ ဖျက်သိမ်းခံခဲ့ရပြီး ခြံမြေများကိုလည်း စီမံကိန်းနှင့် မဆိုင်ဘဲ သိမ်းဆည်းခံခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

၅ ဧက ကျယ်ဝန်းသည့် အခွန်ပြေစာပေါက် ခြံမြေများမှာ Eco Green City စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသဖြင့် တစ်ဧကမပြည့်သည့် အစွန်းထွက်မြေနေရာသာ ကျန်ရှိကြောင်း၊ ယင်းမြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေသော်လည်း မိသားစု ၅ ယောက်၏ စားဝတ်နေရေး မဖူလုံသဖြင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရကြောင်း ဦးဝင်းကြည်၏ဇနီး ဒေါ်သီတာက ဆိုသည်။

“Chainsaw (သံကြိုးလွှ) တွေနဲ့ ဖြတ်သွားတယ် သစ်ပင်တွေ။ ကျွန်မတို့မှာ အရမ်းခံစားရတယ်။ အရမ်းဒုက္ခရောက်ခဲ့တယ်။ ဒီကျန်တဲ့မြေကြီးလေးမှာ အတန်းပညာ မတတ်တဲ့အတွက် စိုက်ပျိုးပြီး လုပ်ကိုင်စားသောက်ရတယ်။ ဒီမြေလေးမှာ ဒီမိသားစုနဲ့ဆိုတော့ မလုံလောက်ဘူး” ဟု ဒေါ်သီတာက ပြောသည်။

၎င်းတို့သည် ကလီထော်အနောက် အိမ်ထောင်စုစာရင်းဖြင့် နေထိုင်ကြပြီး ဖျက်သိမ်းခံခဲ့ရသည့်ခြံမြေအတွင်းရှိ နေအိမ်များမှာ အိမ်နံပါတ်များ အခိုင်အမာရှိခြင်းကြောင့် အစိုးရမြေပေါ် တရားမဝင်နေထိုင်သည့် ကျူးများနှင့် ကွဲပြားခြားနားကြောင်း ပြောဆိုခဲ့သော်လည်း အာဏာပိုင်များက ဖျက်သိမ်းခဲ့သည်ဟု အသက် ၅၅ နှစ်အရွယ် ဦးမင်းအောင်က ဆိုသည်။

“ဒီဟာက ကျူးထဲမှာ မပါဘူး။ မြေလွတ်မြေရိုင်းကို ကိုယ်က လုပ်ကိုင်စားသောက်ရတာ။ ကျူးထဲမှာလည်း မပါဘူး။ စပါးလင်ဆီမွှေး (စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေ) ထဲလည်း မပါဘူး။ ရွာဆယ်အိမ်မှူးလုပ်လာတာလည်း အနှစ် ၂၀ ရှိသွားပြီ။ အဲဒီလို ပြောလို့မရ၊ ဆယ်အိမ်မှူးလည်း မရဘူး။ ဖျက်မှာပဲတဲ့” ဟု ထီးရိုးဝါး၊ သီဟိုဠ်၊ ပိန္နဲနှင့် သရက်ခြံများ ဖျက်သိမ်းခံခဲ့ရသည့် ဦးမင်းအောင်က ပြောသည်။

၅ နှစ်မှ ၇ နှစ်သက်တမ်းရှိ နှစ်ရှည်သီးပင်များကို သံကြိုးလွှဖြင့် ခုတ်လှဲခဲ့သည့် ဓာတ်ပုံအထောက်အထားများရှိပြီး ခုတ်လှဲထားသည့် အပင်များမှ ယခုအခါ အတက်များပင် ပြန်ထွက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Eco Green City အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Company တို့ ပူးပေါင်းကာ မြေဧက ၁,၄၀၀ ကျော်ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းနေရာကို အပြာရောင်သွပ်ပြားများဖြင့် ခြံစည်းရိုးခတ်ထားသည်ကို တွေ့ရသည်။ 

စီမံကိန်းအတွင်း ပါသွားသည့် တောင်သူလေးဦး၏ ခြံမြေနေရာတွင် နှစ်ရှည်သီးပင်နှင့် မြက်ရိုင်းများ ပေါက်နေသည်ကို တွေ့ရပြီး ဘူဒိုဇာတစ်စီးနှင့် ရောင်စုံအလံတိုင်ငယ်များ စိုက်ထူထားသည်ကို Myanmar Now က တွေ့ရှိခဲ့သည်။

အိမ်ရာစီမံကိန်းဧရိယာအတွင်း အလံတိုင်များ စိုက်ထူထားသည်ကို ဇန်နဝါရီ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-ဖြိုးထက်အောင် / Myanmar Now) 

အဆိုပါစီမံကိန်းမြေနေရာအတွင် ကျူးကျော်နေထိုင်သူများကို ၂၀၁၅ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက် ဖယ်ရှားရှင်းလင်းခဲ့စဉ်က ၎င်းတို့ လေးဦး၏ ခြံမြေနေရာများမပါဝင်ခဲ့သော်လည်း ၂၀၁၇ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်တွင် အကြောင်းကြားခြင်းမရှိဘဲ ခြံမြေဖျက်သိမ်းခံခဲ့ရသည်ဟု တောင်သူများက ဆိုသည်။ 

အဆိုပါနေရာကို အစိုးရပိုင်မြေ ဖြစ်သည်ဟု ၂၀၁၆ တွင် အသိပေးခဲ့ပြီး ကျူးကျော်နေထိုင်သူများသည် အမှန်တကယ်မနေထိုင်ဘဲ မြေနေရာဦးကာ ရောင်းစားကြောင်း မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ တာဝန်ရှိသူများက ကျူးကျော်တဲများ ဖြိုဖျက်ရှင်းလင်းခဲ့စဉ်က ပြောဆိုခဲ့သည်။

အမြန်လမ်းတစ်ဖက်တစ်ချက်ရှိ စခန်းကြီးကျေးရွာအုပ်စုအတွင်းရှိ အောင်ရတနာ၊ အောင်သုခ၊ ကံကော်ကျွန်း၊ စိမ်းလန်းကျေးရွာတို့ရှိ ကျူးကျော်နေထိုင်သူများကို ၂၀၁၇ ဇွန်တွင် ရဲတပ်ဖွဲ့အင်အား ၂၀၀ နှင့် လူအင်အား ၁,၀၀၀ ဝန်းကျင်ဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

Eco Green City အိမ်ရာစီမံကိန်းအကောင်အထည်ဖော်မှုနှင့် စီမံကိန်းအတွင်း မိဘလက်ငုတ်ခြံမြေများ ပါဝင်မှုနှင့်ပတ်သက်၍ မြို့ပြနှင့် အိမ်ရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလော မဖြေလိုသေးကြောင်း ပြောသည်။

မိဘလက်ငုတ်ခြံမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်ထောင်စုအဆင့် အစိုးရဝန်ကြီးဌာနများထံ တိုင်ကြားသော်လည်း အကြောင်းမထူးကြောင်း တောင်သူများက ဆိုသည်။

ယခင်က စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ရာဘာပင်များအား ဒေါ်သီတာက ပြသနေစဉ်။ (ဓာတ်ပုံ- ဖြိုးထက်အောင်/ Myanmar Now)

တိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ်ရာတွင် အဆိုပါတောင်သူလေးဦးသည် ဒေသခံများဖြစ်သည့်အပြင် နှစ်ရှည်လများစွာ သီးနှံစိုက်ပျိုးသူများဖြစ်ပြီး ဥပဒေအရ မြေပိုင်ဆိုင်ကြောင်း အထောက်အထားမှန်ကန်ပါက မြေပြန်လည်ပေးအပ်ရမည်ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က Myanmar Now ကို ပြောသည်။

“Chainsaw နဲ့ ဖြတ်ရတဲ့အဆင့်ထိဆိုတော့ တွက်ကြည့်တော့။ သစ်ပင်ကြီးတွေဆိုရင် အကြီးကြီးတွေပေါ့။ ဒါကြီးက မဖြစ်သင့်ဘူး။ အဲဒီလောက်အထိ နှစ်ရှည်လများ စိုက်ပျိုးလုပ်ကိုင်ခဲ့သူတွေရဲ့နစ်နာမှုကို ကိုယ်ချင်းစာလို့ ရပါတယ်။ ဒါကို ထိုက်တန်တဲ့ လျော်ကြေး၊ သီးနှံလျော်ကြေးလေးတော့ ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရတာဝန်ရှိသူများအနေဖြင့် တောင်သူလေးဦး၏ နစ်နာမှုနှင့်ပတ်သက်၍ လျစ်လျူရှုမထားသင့်ဘဲ လျော်ကြေးတစ်စုံတစ်ရာ ပေးလျော်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ 

မြန်မာနိုင်ငံတွင် လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေပေါင်း ၆၀ ကျော်ရှိပြီး မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရဥပဒေအရ သိမ်းဆည်းပါက ခိုင်မာသည့် မြေယာပိုင်ဆိုင်မှုအထောက်အထားမရှိသည့်တိုင် လက်ငုတ်တောင်သူအနေဖြင့် လျော်ကြေးရသင့်ကြောကြောင်း ဥပဒေသုတေသီ ဦးမောင်မောင်ညွန့်က မှတ်ချက်ပြုသည်။ 

နိုင်ငံပိုင်မြေပေါ်တွင် နည်းလမ်းတစ်ရပ်ရပ်အရဖြစ်စေ၊ ကျူးကျော်၍ဖြစ်စေ စိုက်ပျိုးလုပ်ကိုင်သူတိုင်းသည် မြေခွန်ပေးဆောင်ရသဖြင့် အခွန်ပြေစာ အထောက်အထားရရှိပြီး ယင်းအထောက်အထားပြသနိုင်ခြင်းကြောင့် မြေပိုင်သည်ဟု မမှတ်ယူနိုင်ကြောင်း၊ အထောက်အထားများ ခိုင်ခိုင်လုံလုံမရှိသဖြင့် ယတိပြတ်မှတ်ချက်ပြုရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။

“ဥပဒေအရတောင်းဆိုရင်တော့ သူတို့မှာ အားနည်းပါတယ်။ လူမှုရေးအရ ခံစားခွင့်ရအောင် နိုင်ငံတော်အကြီးအကဲတွေဆီ အသနားခံစာတင်ရင်တော့ နိုင်ငံတော်အကြီးအကဲများက စစ်ဆေးပြီးတော့ သင့်လျော်တဲ့နစ်နာကြေးတော့ ရမှာပါ။ မြေကတော့ ပြန်ရဖို့မရှိပါဘူး” ဟု ၎င်းက ကောက်ချက်ချသည်။

Eco Green City စီမံကိန်းသည် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ရေးဆွဲသည့် Yangon Vision 2040 အနာဂတ်မြို့တော်သစ်တစ်ခုဖြစ်ပြီး အပိုင်း ၃ ပိုင်းခွဲ၍ အကောင်အထည်ဖော်မည်ဖြစ်ကာ အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် မျှော်မှန်းထားသည်။

အဆိုပါစီမံကိန်းမြေနေရာမှာ စိုက်ပျိုးရေးဦးစီးဌာန၏ စပါးလင်ဆီမွှေးစိုက်ခင်းဌာနပိုင်မြေ ဖြစ်ပြီး Alliance Stars ကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းခဲ့ကြောင်း၊ ရေဝပ်ဧရိယာဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်မသင့်ဟုဆိုကာ Eco Green City စီမံကိန်းကို အကောင်အထည်ဖော်ရန် ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ၂၀၁၈ နိုဝင်ဘာ ၁၄  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုလဲမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောထားသည်။

Show More

Related Articles

Back to top button