သတင်း

ကျူးကျော်ပြဿနာဖြစ်ခဲ့သည့် လှည်းကူး ဂရင်းစီးတီးစီမံကိန်းကို ရှေ့နှစ်ဆန်း စတည်ဆောက်မည်

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းအနီး မြေဧက ၁၄၀၀ ကျော်တွင် တည်ဆောက်ရန် လျာထားသည့် Eco Green City စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိပါက လာမည့်ဖေဖော်ဝါရီလတွင် ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းစတင် အကောင်အထည်ဖော်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ မေးခွန်းကို ဖြေကြားရာတွင် ဒုဝန်ကြီးက ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

နိုင်ငံတော်မှ ရသင့်သည့်အကျိုးအမြတ်ရရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိကို ဒေါ်ခင်စန်းလှိုင်က နိုဝင်ဘာ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေး တွင်မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group of Companies (အလိုင်းယင့် စတားစ် ကုမ္ပဏီများအုပ်စု) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကနဦးသဘောတူစာချုပ်ကို ၂၀၁၆ မတ်လ အတွင်း ရေးထိုးခဲ့ခြင်း ဖြစ်ကာ လက်မှတ်ရေးထိုးပြီး နှစ်နှစ်တာအတွင်း မြေပေါ်ရှင်းလင်းပြုပြင်ခြင်းနှင့် ပင်မစီမံကိန်း (Master Plan) အသေးစိတ်ပြန်လည်ရေးဆွဲခြင်းများ၊ စီမံကိန်းဧရိယာတစ်ခုလုံးကို ခြံစည်းရိုး ကာရံခြင်းနှင့် နိုင်ငံတော်မှ ရသင့်ရထိုင်သည့် အကျိုးအမြတ်များကို ရရှိရန်အတွက် အသေးစိတ် တွက်ချက်ခြင်းများ လုပ်ဆောင်နေသည်ဟု ဒုတိယဝန်ကြီးက ရှင်းလင်းခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်း ၃ မိုင် ၄ ဖာလုံတွင်ရှိသည့် အဆိုပါစီမံကိန်းတွင် စီမံကိန်းဧရိယာ ၁၄၅၃ ဧက အနက် လမ်း၊ ရေမြောင်း၊ လျှပ်စစ်၊ ကျောင်း စသည်တို့အတွက် မြေဧရိယာ ၄၄၇ ဧကခန့် သုံးမည်ဖြစ်ပြီး ကျန်ရှိသော မြေဧရိယာ ၁၀၀၆ ဧကခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီ တို့မှ ၂၀-၈၀ အချိုး ဖြင့် ခွဲဝေရယူမည်ဟု သိရသည်။

အဆိုပါစီမံကိန်းမြေနေရာမှာ စိုက်ပျိုးရေးဦးစီးဌာနပိုင် စပါးလင်ဆီမွှေး စိုက်ခင်းဌာနပိုင်မြေနေရာဖြစ်ပြီး Alliance Stars ကုမ္ပဏီမှ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဟု ဆိုကာ နှစ်ရှည်ငှားရမ်းခဲ့ကြောင်း၊ ရေဝပ်ဧရိယာဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်မသင့်ဟုဆိုကာ Eco Green City စီမံကိန်းကို အကောင်အထည်ဖော်ရန် ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုချက်ရရှိခဲ့သည်ဟု သိရှိရကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး သတင်းဌာန ၁၀ ခုကို ၂၀၁၈ ဇန်နဝါရီလက ဖိတ်ကြားရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းဆိုင်ရာအချက်အလက်များကို အများပြည်သူသိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ကနဦး စာချုပ်ချုပ်ဆိုပြီး ၃ နှစ်နီးပါးကြာသည်အထိ အကောင်အထည်မဖော်နိုင်သေးသည့် စီမံကိန်းနှင့်ပတ်သက်ပြီး ဆက်စပ်မေးခွန်းအဖြစ် စီမံကိန်းအကျိုးအမြတ်ခွဲဝေရာ၌ ဥပဒေကြောင်းအရ ခိုင်မာသည့် စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းရှိမရှိ၊ စီမံကိန်းအကောင်အထည်ဖော်မည့်အချိန်၊ စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထား မှတ်ချက် တောင်းခံထားခြင်းရှိမရှိ၊ အစိုးရဖွဲ့ထံတင်ပြပြီး အစိုးရအဖွဲ့ခွင့်ပြုချက်အရ ဆောင်ရွက်ခြင်းဟုတ်မဟုတ် စသည်တို့ကို မေးမြန်းခဲ့သည်။

စာချုပ်မူကြမ်းရေးဆွဲခြင်း၊ ရှေ့နေချုပ်ရုံးသို့တင်ပြခြင်း စသည့်လုပ်ငန်းစဉ်များကို မကြာမီ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒုဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

အဆိုပါ စီမံကိန်းလျာထားနေရာတွင် “ကျူးကျော်” နေထိုင်နေသူကြများအား ၂၀၁၅ ခုနှစ် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်က တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်တွင် တစ်ကြိမ် အင်အားသုံး ဖယ်ရှားခဲ့သည်။

ထိုနေရာတွင် ကျူးကျော်နေထိုင်နေကြသူများမှာ အမှန်တကယ်မနေဘဲ မြေနေရာဦးပြီး စီးပွားဖြစ် ငှားစား ရောင်းစားကြသည့်နေရာဖြစ်သည် ဟု အာဏာပိုင်တို့က ဆိုပြီး အဖျက်ခံခဲ့ရ သည့် တဲများအနက် ကာလရှည် အမှန်တကယ် နေထိုင်လာကြသည့် မိသားစုများလည်း ရှိသည်ဟု ဆိုသူများလည်းရှိသည်။

Eco Green City ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းတွင် တန်ဖိုးနည်းအိမ်ရာများ၊ နိုင်ငံတကာ ကျောင်းတစ်ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်းနှင့် အပန်းဖြေနေရာတစ်ခု တည်ဆောက်မည်ဟု အမည်မဖော်လိုသူ ဆောက်လုပ်ရေးဝန်ကြီးဌာနအရာရှိကြီးတစ်ဦးကို ကိုးကားပြီး ဧရာဝတီ (The Irrawaddy) သတင်းဌာနက ရေးသားတင်ဆက်ခဲ့သည်။

Show More

Related Articles

Back to top button