
နိုင်ငံတော်အစိုးရက ဖော်ဆောင်ခဲ့သည့် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်သော ရတနာနှင်းဆီအိမ်ရာ၌ အပေါ်ဆုံးထပ်တိုက်ခန်းတချို့သည် ခေါင်မိုးရေယိုစိမ့်မှုပြဿနာကို ကြုံတွေ့နေရသည်မှာ နှစ်ချီနေပြီဖြစ်သော်လည်း တာဝန်ရှိဌာနများက ယနေ့အချိန်အထိ ကောင်းမွန်အောင် မပြုပြင်ပေးနိုင်သေးကြောင်း တိုက်ခန်းပိုင်ရှင်များက ပြောသည်။
အစိုးရက အနာဂတ်တွင် ဆောင်ရွက်မည့် စံပြအိမ်ရာစီမံကိန်းအဖြစ် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာစီမံကိန်းကို ၂၀၁၆ ဒီဇင်ဘာတွင် မိတ်ဆက်ဖွင့်လှစ်ခဲ့ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့သည်။
စင်ကာပူနိုင်ငံရှိ ကုမ္ပဏီတစ်ခုက ဒီဇိုင်းရေးဆွဲပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေတောင်ကုမ္ပဏီတို့က တည်ဆောက်သည့် ရတနာနှင်းဆီအိမ်ရာရှိ တိုက်ခန်းများသည် စတုရန်းပေ ၆၀၀ နှင့် ၁,၂၀၀ ကျယ်ဝန်းသည့် တိုက်ခန်းများဖြစ်ကာ ကျပ်သိန်း ၆၀၀၊ ကျပ်သိန်း ၁,၂၀၀ အသီးသီးကျသင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရတနာနှင်းဆီအိမ်ရာစီမံကိန်းတွင် ၁၈ ထပ်အမြင့်ရှိ အဆောက်အအုံ ၅ လုံးကို ၂၀၁၆ ဒီဇင်ဘာတွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး တိုက်ခန်းဝယ်ယူသူများကို နေထိုင်ခွင့်ပြုလိုက်ချိန်တွင် ၁၈ လွှာရှိ တိုက်ခန်းအချို့သည် ဆိုးရွားစွာ မိုးရေယိုစိမ့်နေခြင်းဖြစ်ကြောင်း တိုက်အမှတ် (3-A) ၁၈ လွှာတိုက်ခန်းတွင် နေထိုင်သည့် ကိုစည်သူထွန်းက Myanmar Now ကိုပြောသည်။
“ခေါင်မိုးကနေ ရေတွေကျတယ်။ ရေက ဆိုးဆိုးရွားရွားကို တောက်တောက်တောက်နဲ့ နေအောင်ကို ကျတယ်။ ကျတာက ကျွန်တော်ဝယ်ပြီး လေးလလောက်အကြာမှာ ကျတာ။ လေးလလောက်နေမှ ဘာလို့ကျလဲဆိုတော့ ရှေ့ရက်တွေက နွေရာသီမို့ပါ။ မိုးမရွာလို့မကျတာ။ မိုးစရွာကတည်းက ကျတာ” ဟု ကိုစည်သူထွန်းက ပြောသည်။
ကိုစည်သူထွန်းသည် ယင်းတိုက်ခန်းတွင် ၂၀၁၉ မှ စတင်နေထိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ တိုက်အမှတ်နှင့် ကပ်လျက်ရှိသည့် တိုက်အမှတ် (3B) အပေါ်ဆုံးထပ် တိုက်ခန်းများတွင်လည်း မိုးရေယိုစိမ့်မှုရှိကြောင်း အမည်မဖော်လိုသည့် အိမ်ရာနေထိုင်သူများက ယခုလအတွင်း Myanmar Now နှင့် တွေ့ဆုံစဉ် ပြောဆိုကြသည်။
ရတနာနှင်းဆီအိမ်ရာတွင် နေထိုင်သည့် အိမ်ထောင်စု ၆ ခုထံသို့ Myanmar Now က ယခုလအတွင်း သွားရောက်အင်တာဗျူးမေးမြန်းခဲ့ရာတွင် ၁၈ လွှာမဟုတ်သည့် တိုက်ခန်းများသည် အဆင်ပြေသော်လည်း ၁၈ လွှာတွင် နေထိုင်ကြသည့် အနည်းဆုံးအိမ်ထောင်စုလေးခုမှာ မိုးရေယိုစိမ့်မှု အခက်အခဲဖြစ်နေကြောင်း ဖြေကြားကြသည်။
“အကြီးမားဆုံးပြဿနာက အဲ့ဒီမိုးယိုတဲ့ကိစ္စပဲ။ မိုးယိုတဲ့ကိစ္စအပြင် အခန်းထဲမှာ တစ်ခါတလေကျရင် အက်ကြောင်းတွေ ပေါ်တာရယ်။ သုံးလတစ်ခါလောက်ကျရင် အပေါ်နံရံချပ်က အစလေးတွေ ကြွေကြွေကျတယ်” ဟု ၁၈ လွှာတိုက်ခန်းတွင် နေထိုင်သည့် အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

ရတနာနှင်းဆီအိမ်ရာတွင် ၁၈ ထပ်ရှိ အဆောက်အအုံ ၁၀ လုံး တည်ဆောက်နေပြီး တိုက်အမှတ် 1A၊ 1B၊ 3A၊ 3B၊ 6A နှင့် 6B ရှိ တိုက်ခန်းများမှာ ပြီးစီးနေပြီဖြစ်ကာ လူနေထိုင်ခွင့်ပြုသည့် အဆောက်အအုံများရှိ အပေါ်ဆုံးထပ်တိုက်ခန်းအများစုမှာ မိုးရေယိုစိမ့်မှုပြဿနာရှိနေကြောင်း ကိုစည်သူထွန်းက ပြောသည်။
အဆောက်အအုံခေါင်မိုးပေါ်သို့ တက်ကြည့်ပါက မည်ကဲ့သို့ မိုးယိုစိမ့်သည်ကို မသိနိုင်ကြောင်း၊ မိုးယိုစိမ့်မှုကြောင့် တိုက်အမှတ် 3B သို့ သွယ်တန်းထားသည့် လျှပ်စစ်လိုင်းနှစ်ခုအနက် တစ်ခုပြတ်တောက်ခဲ့ပြီး လက်ရှိတွင် တိုက်အမှတ် 3B ကို လျှပ်စစ်လိုင်းတစ်ခုတည်းနှင့် မီးပေးနေကြောင်း ရတနာနှင်းဆီအိမ်ရာ စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် ကိုအိမောင်က ဆိုသည်။
“အဓိက (မိန်း) လိုင်းကြီးနှစ်လိုင်း ရှိတဲ့အထဲမှာ တစ်လိုင်းက ရှော့ဖြစ်ပြီး အလုပ်မလုပ်တော့ဘူး။ အလုပ်မလုပ်တော့ တစ်တိုက်လုံးမှာ မိန်းလိုင်းနှစ်လိုင်း ရှိရာမှာကို ရှိနေတဲ့တစ်လိုင်းတည်းနဲ့ တစ်တိုက်လုံးကို မီးကိုခွဲပြီး ပေးထားရတဲ့ အနေအထားပဲ။ အဲဒါကို မိုးရွာရင် မိုးယိုနေတုန်း” ဟု ၎င်းက ပြောသည်။
သိန်းတစ်ထောင်ကျော်ပေး၍ ဝယ်ထားရသော်လည်း အပေါ်ဆုံးထပ်တိုက်ခန်းအချို့တွင် မိုးရေယိုစိမ့်ခြင်းကြောင့် အိမ်ရာနေထိုင်သူအချို့မှာ အဝယ်မှားသကဲ့သို့ ခံစားနေရသည်။ ယင်းပြဿနာကို ဌာနဆိုင်ရာများက ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ စားသုံးသူရေးရာဦးစီးဌာန စသည့်ဌာနများထံသို့ တိုင်ကြားစာပေးပို့ခဲ့သော်လည်း ယနေ့အထိ ပြေလည်အောင် မဖြေရှင်းပေးသေးကြောင်း အိမ်ရာနေထိုင်သူများက ဆိုသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လာရောက်စစ်ဆေးရာတွင် မိုးယိုနိုင်သည့် နေရာများကို ဆီလီကွန်ထိုးဖာထေးသည့် ဆေးမြီးတိုနည်းဖြင့် ဆောင်ရွက်လေ့ရှိသဖြင့် မိုးယိုစိမ့်မှုပြဿနာမှာ ယနေ့တိုင်မပြေလည်သေးခြင်းဖြစ်ကြောင်း ကိုအိမောင်က ဆိုသည်။
ဗွေဆော်ဦးဆောက်လုပ်သည့် အဆောက်အအုံ ၅ လုံး၏ အမိုးစလစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ပြင်ပကုမ္ပဏီတစ်ခုကို ငှားရမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံတစ်လုံးတည်းသာ မိုးယိုစိမ့်သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက Myanmar Now ကို ပြောသည်။
တစ်နှစ်၊ နှစ်နှစ်အတွင်း အဆောက်အအုံများ မိုးယိုစိမ့်ခြင်းသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် တာဝန်ရှိသည်ဟု တိုက်ခန်းဝယ်ထားသူများက ယူဆလျက်ရှိပြီး အစိုးရအနေဖြင့်လည်း အမိုးလောင်းသည့် ကန်ထရိုက်ကုမ္ပဏီကို ပြန်လည်ပြင်ဆင်ခိုင်းထားကြောင်း ၎င်းက ဆိုသည်။
သို့သော် တစ်နေရာပြင်ဆင်ပြီးသည်နှင့် အခြားတစ်နေရာမှ မိုးယိုစိမ့်ခြင်းကြောင့် လုပ်ကိုင်ရခက်ခဲကြောင်း ဒေါ်မိုးသီတာက ဆိုသည်။
မိုးယိုခြင်းမှာ အဆောက်အအုံ အမိုးလောင်းစဉ်က လုပ်သားများ၏ ကျွမ်းကျင်မှုအားနည်းချက်ကြောင့်ဖြစ်နိုင်ပြီး ယင်းပြဿနာသည် စင်ကာပူကဲ့သို့ နိုင်ငံသည်ပင် ဖြစ်လေ့ဖြစ်ထားရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ခင်သီသီက Myanmar Now ကို ပြောသည်။
အိမ်ခြံမြေဈေးနှုန်းကြီးမြင့်သည့် ရန်ကုန်မြို့တွင် ပြည်သူလူထု နေအိမ်ပိုင်ဆိုင်ခွင့်ရရန် ရည်ရွယ်ချက်ဖြင့် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်နေပြီး အဆင့်မြင့်အိမ်ရာတစ်ခုဖြစ်သည့် ရတနာနှင်းဆီအိမ်ရာရှိ တိုက်ခန်းအချို့မှာ မိုးရေယိုစိမ့်နေခြင်းကြောင့် စိတ်ပျက်မိကြောင်း ကိုစည်သူထွန်းက ဆိုသည်။
“နေရတာ အဆင်မပြေတော့ဘူး။ နောက်ဆုံး ဘယ်လောက်ထိအောင် စဉ်းစားထားလဲဆိုရင် အကယ်၍ သူတို့ ပိုက်ဆံပြန်အမ်းရင် ပိုက်ဆံယူပြီး အခြားမှာ သွားနေတော့မယ်။ ဒီအိမ်မနေတော့ဘူးလို့ စဉ်းစားထားတယ်” ဟု ကိုစည်သူထွန်းက ဆိုသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၁ မှ ၂၀၂၀ အထိ အရောင်းအိမ်ရာနှင့် အငှားအိမ်ရာ ၅၆,၀၀၀ ကျော်တည်ဆောက်ခဲ့ပြီး အရောင်းအိမ်ရာ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ရန်ကုန်တွင် တည်ဆောက်ခဲ့သည်ဟု ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN-Habitat) တို့ ပူးပေါင်းပြုစုခဲ့သည့် မြန်မာနိုင်ငံအိမ်ရာမူဝါဒနှင့် မဟာဗျူဟာ(၂၀၁၇) အစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးတွင် အိမ်ရာလိုအပ်ချက် ၂ သန်းဝန်းကျင် ရှိသည်ဟု ခန့်မှန်းထားသည်။