ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်လည်းဖြစ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ခဲ့သည့် နေရာလည်းဖြစ်သည့် လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရှောင်များလည်း နေရပ်သို့ တဖြည်းဖြည်း ပြန်လာကြသည်၊ မြို့အုပ်ချုပ်ရေးလုပ်ငန်းလည်း စတင်နေပြီဟု သိရသည်။
တစ်လတာထိုးစစ်ဆင်ပြီး ဩဂုတ် ၃ ရက်နေ့တွင် လားရှိုးမြို့ကို MNDAA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လားရှိုးမြို့ ရပ်ကွက် (၁) တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက မြို့ထဲတွင် တိုက်ပွဲမရှိတော့သဖြင့် နေရပ်ပြန်လာသူများကို တွေ့နေရသည်ဟု ပြောသည်။
“ပြန်လာနေကြပြီ၊ ကားတွေ၊ ထော်လာဂျီတွေနဲ့ အကုန်ပြန်ဝင်လာနေကြတာ တွေ့တယ်၊ အိမ်တိုင်းနီးနီးတော့ ပြန်ဝင်လာကြပါတယ်၊ အခုက သေနတ်သံတွေလည်း မကြားတော့ဘူးဆိုတော့ အဆင်ပြေသွားပြီ” ဟု ထိုသူက ဆိုသည်။
မြို့သို့ ဝင်ရောက်နိုင်သည့် လမ်းမကြီးအများစု ပွင့်နေပြီဖြစ်သည့်အတွက် ခရီးသွားကားများကို တွေ့နေရသည်၊ လားရှိုး-နမ္မတူကားလိုင်းလည်း ပြန်လည်ပြေးဆွဲတော့မည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေရပ်ပြန်လာသူတချို့၏ ပြောဆိုချက်အရ MNDAA ရဲတပ်ဖွဲ့ဝင်များက မြို့တွင်း၌ လှည့်လည်စစ်ဆေးနေသည်ဟု ဆိုသည်။
မြို့အတွင်း ခိုးဆိုးလုယက်မှု အများအပြားပေါ်ပေါက်နေခြင်းကြောင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို ရပ်တန့်စေကာ ပိုင်ရှင် ဟုတ်၊ မဟုတ် သေသေချာချာ စစ်ဆေးလေ့ရှိသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဩဂုတ် ၁၁ ရက်နေ့တွင် အိမ်ပြန်ရောက်သည့် မြို့ခံတစ်ဦးက မြို့လယ်ရှိ မြို့မဈေးကြီး ပိတ်ထားဆဲ ဖြစ်သော်လည်း ရပ်ကွက်စျေးတချို့ ပြန်လည်ဖွင့်လှစ်နေပြီဟု ဆိုသည်။
ကုန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သည်၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၊ စက်သုံးဆီများ ဝယ်ယူနိုင်သည်ဟု သိရသည်။
သို့သော် လေကြောင်းရန်နှင့် လုံခြုံရေးအခြေအနေကြောင့် ကိုးကန့်တပ်က ညမထွက်ရအမိန့် ထုတ်ထားသလို ညဘက် မီးအသုံးပြုမှုကိုလည်း ကန့်သတ်ထားသည်၊ မိုးချုပ်သည်နှင့် တစ်မြို့လုံး မှောင်မည်းပြီး လူခြေတိတ်သွားသည်ဟု လားရှိုးမြို့ခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“မနက်ပိုင်း စျေးတွေစည်ပေမဲ့လည်း ညနေ ၄ နာရီလောက်ဆိုရင် ချောက်ချားစရာကြီး ဖြစ်သွားတယ်။ အကုန်လုံး အိမ်ပြင်မထွက်ကြတော့ဘူး” ဟု ထိုအမျိုးသားက ပြောသည်။
“ကိုးကန့်ကလည်း ညဘက်မှောင်ရင် အပြင်မထွက်ခိုင်းဘူး။ ညဘက် အိမ်အပြင်မှာ မီးမထွန်းခိုင်းဘူး။ အိမ်ထဲမှာပဲ မီးထွန်းဖို့ လာပြောတယ်။ လေယာဉ်လာမှာစိုးလို့ ဆိုပြီးတော့ မီးမထွန်းနဲ့လို့ ပြောတယ်”
တိုက်ပွဲများပြင်းထန်နေချိန်တွင် စစ်ကောင်စီတပ်က လားရှိုးမြို့ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်သည်၊ ယခုအခါ “ဝ”တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့က စီစဉ်ပေးထားသည့် နေရာတချို့တွင် အင်တာနက်အသုံးပြု၍ ရသည်ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောသည်။
“လက်ရှိ ဝိုင်ဖိုင်သုံးလို့ရတာကတော့ အောင်ဆေးရုံပေါ့နော်၊ မန်ဆူရှမ်းကျောင်းပေါ့။ ပြီးရင် “ဝ” ရုံးပေါ့နော်၊ ပါရမီလမ်းထဲကတော့၊ ပြီးရင် ဟိုပိတ်မှာလည်း လိုင်းရတယ်” ဟု သူက ပြောသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် အမှတ် (၂)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၂) ရပ်ကွက်များ၊ ခမရ (၅၀၇) ရှိရာ ရပ်ကွက် (၅) တို့တွင် နေအိမ်ပျက်စီးမှု ပိုမိုများပြားသည်ဟု သိရသည်။
လက်နက်ကြီးနှင့် မီးလောင်မှုကြောင့် အဆောက်အအုံပျက်စီးသည်၊ ရပ်ကွက် (၁) နှင့် (၂) တို့တွင် မီးလောင်ပျက်စီးမှုများရှိသည်ဟု လားရှိုးရပ်ကွက် (၁) တွင် နေထိုင်သူ အမျိုးသားက ဆိုသည်။
“ရပ်ကွက် (၂) သီတာအေးရုပ်ရှင်ရုံနားက ဆိုင်တန်းတစ်တန်းလုံး လောင်တယ်၊ နောက် ပါရမီလမ်း ဘီယာဆိုင်တန်းတွေ လောင်တယ်” ဟု ထိုသူက ပြောသည်။
မြို့တွင်းရှိ အထပ်မြင့်အဆောက်အအုံအများစုနှင့် ဟိုတယ်သုံးလုံးလည်း ပျက်စီးခဲ့ပြီး အိမ်တိုင်းနီးပါး ကျည်ဆန်ရာများ တွေ့ရသလို မပေါက်ကွဲသေးသည့် လက်နက်ကြီးများလည်း ရှိနေသေးသည်ဟု မြို့ခံတချို့က ပြောသည်။
မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များကို အုတ်ခဲများ၊ တာယာကွင်းများဖြင့် ယာယီ ကာရံထားပြီး ကိုးကန့်တပ်က လာရောက်ရှင်းလင်းပေးလေ့ရှိသည်ဟု သိရသည်။
တိုက်ပွဲပြင်းထန်စဉ် လေကြောင်း၊ လက်နက်ကြီးအပြင် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အရပ်သားအလောင်းများနှင့် စစ်သားအလောင်းများကို MNDAA နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ရှင်းလင်းပေးနေရသည်ဟု အထက်ပါ အသက် ၃၀ ကျော်အရွယ် မြို့ခံအမျိုးသားက ပြောသည်။
“တချို့နေရာတွေမှာ အလောင်းတွေ မီးရှို့ထားတဲ့ အကွက်တွေ အတန်းလိုက်ကြီးပဲ တွေ့ရတယ်။ အပုပ်နံ့တွေလည်း တချို့နေရာမှာ ရနေတုန်းပဲ” ဟု သူက ပြောသည်။
“ကိုးကန့်တပ်က မိန်းလမ်းမကြီးတွေပေါ်မှာပဲ အဓိက အလောင်းတွေကောက်ပြီး ရှင်းလင်းရေးလုပ်သွားတာဆိုတော့ ရပ်ကွက်အတွင်းပိုင်းတွေမှာ အလောင်းကျန်နေသေးလောက်တယ်၊ အရပ်သားတွေနဲ့ စကစတွေ (စစ်ကောင်စီတပ်သားတွေ) ဖြစ်ဖို့များလောက်တယ်”
အလောင်းတချို့ကို လမ်းမပေါ်၌ပင် ကားတာယာကွင်းများ အသုံးပြုကာ မီးရှို့ ရှင်းလင်းထားကြသော်လည်း အချို့ရပ်ကွက်များနှင့် နေအိမ်တချို့တွင် အပုပ်နံ့များ ရနေဆဲဖြစ်သည်ဟု သိရသည်။
လားရှိုးတိုက်ပွဲအတွင်း ရုပ်အလောင်း ၁၀၀ ကျော်ခန့် ရှိနိုင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသည့် လားရှိုးအခြေစိုက် FYV အဖွဲ့ထံမှ သိရသော်လည်း အရပ်သားနှင့် စစ်သား မည်မျှပါဝင်ကြောင်း မသိရသေးပေ။
တိုက်ပွဲကာလနှင့် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သူခိုးများက အုပ်စုကြီးငယ်ဖွဲ့ပြီး ဖောက်ထွင်းကြသည်၊ အယောက် ၃၀ ခန့်အထိ ပါသည့်အဖွဲ့ပင် ရှိသည်၊ နေအိမ်အများအပြားမှ တန်ဖိုးကြီးပစ္စည်းများ၊ ပရိဘောဂများ ဆုံးရှုံးခဲ့ကြသည်ဟု ဒေသခံတချို့က ပြောသည်။
ပြီးခဲသည့် ရက်ပိုင်းက အိမ်ပြန်လာသည့် မြို့ခံ အမျိုးသားနောက်တစ်ဦးက ၎င်း၏ နေအိမ်မှ ဆိုင်ကယ် ၆ စီးအထိ ခိုးယူခံရသည်ဟု ဆိုသည်။
MNDAA အဖွဲ့က သူခိုးဟု ယူဆရသူများကို ဖမ်းဆီးကာ မြို့ပေါ်ရှိ အပျက်အစီးများ ရှင်းလင်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် ခိုင်းစေနေသည်ဟု သိရသည်။
အိမ်ပြန်လာသူများ၏ ပြောကြားချက်အရ မိုင်းရယ်မြို့ကျော်သည်နှင့် MNDAA တပ်ဖွဲ့၏ အလံများကို တွေ့ရသည်ဟု ဆိုသည်။
မြို့အဝင် စစ်ဆေးရေးဂိတ်တွင်လည်း MNDAA တပ်ဖွဲ့ဝင်များကို တွေ့ရသည်၊ မြို့ထဲတွင်လည်း အရပ်သားများကြားတွင် တွေ့ရသည်ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောသည်။
“ကင်းလှည့်တယ်၊ တစ်မြို့လုံးကို ပတ်ပြီးကင်းလှည့်တယ်၊ ပုံမှန်ပဲ။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းရဲ့ လမ်းတွေမှာလည်း လုံခြုံရေးတွေရှိတယ်” ဟု သူက ဆိုသည်။
၎င်းတို့၏ ဆက်ဆံရေးရုံးကို ကာကွယ်ရန်ဟုဆိုကာ အင်အားအနည်းငယ်ဖြင့် ရောက်ရှိလာသည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တပ်များက ၎င်းတို့ရုံးရှိရာ ရပ်ကွက် (၁) နှင့် လားရှိုးမြို့အထွက် အေဒီတံတားအနီးတို့တွင် ရှိနေသည်ဟု ဒေသခံများက ပြောသည်။
မြို့အုပ်ချုပ်ရေးကို ဦးစီးဦးဆောင်ပြုနေသည့် MNDAA က မန်ဆူဘုန်းကြီးကျောင်းတွင် ယာယီရုံးခန်း ဖွင့်လှစ်ထားပြီး ဆန်များဝေပေးနေသည်ဟု ဒေသခံတချို့က ပြောသည်။
စစ်ကောင်စီတပ်ကို ရှင်းထုတ်နိုင်ပြီးနောက် မြို့အုပ်ချုပ်ရေးပြန်လည်စတင်နိုင်ရန် ယခင်အုပ်ချုပ်ရေးမှူးဟောင်းများကို ပြန်လည်ဆင့်ခေါ်ထားသည်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း အလုပ်ပြန်ခန့်မည်ဟု သိရသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အား၊ အင်တာနက် ပြန်လည်ရရှိရေးအတွက်လည်း MNDAA က ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့တွင်း အပြီးပြန်လည်နေထိုင်ရန် ရောက်လာသူများရှိသလို အသုံးအဆောင်ပစ္စည်းများ ယူရန်အတွက် ခေတ္တဝင်ရောက်လာသူများလည်း ရှိနေသည်။
ဓာတ်တိုင်များလဲကာ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသည့် လားရှိုးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လနှင့်ချီ လုပ်ကိုင်ရမည်ဖြစ်သောကြောင့် နေရပ်သို့ ချက်ချင်းမပြန်လိုသေးသူများလည်း ရှိနေသည်။
လူမှုကွန်ရက်၌ ယနေ့ ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ခုတွင် ဝှိုက်ဘုတ်တစ်ခုပေါ်တွင် MNDAA ၏ မူဝါဒများဟု ခေါင်းစဉ်တပ်ထားပြီး အချက် ၅ ချက် ရေးသားထားသည်။
၎င်းတို့အဖွဲ့က ပြည်သူကို အခြေခံသည်၊ လူမျိုးဘာသာခွဲခြားခြင်းမရှိ၊ တပ်သားစုဆောင်းခြင်းနှင့် အခွန်ကောက်ခံခြင်းမရှိ၊ ပြည်သူ့အကျိုးကို ရှေးရှုသည်၊ အေးချမ်းဖွံ့ဖြိုးရန် ပြည်သူများကို ဖိတ်ခေါ်သည်ဟု ရေးထားသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းကျော် နေထိုင်သည့် လားရှိုးမြို့ ပြန်လည်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ် ဆက်လက်မေးမြန်းရန် MNDAA ထံ ဆက်သွယ်နေဆဲဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် စစ်ကောင်စီသည် MNDAA ထံ ၉ မြို့၊ TNLA ထံ ၇ မြို့၊ “ဝ “ ဒေသ ဟိုပန်နှင့် ပန်လုံနှစ်မြို့ကို “ဝ” တပ် UWSA ထံ စွန့်လွှတ်ခဲ့ရသည်။
ဒုတိယပိုင်းတွင် ကိုးကန့်တပ် (MNDAA) က လားရှိုးမြို့၊ တအာင်းတပ် (TNLA) က မန္တလေးတိုင်းရှိ မိုးကုတ်၊ ရှမ်းမြောက်ရှိ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) က စဉ့်ကူးမြို့နယ်တို့ကို သိမ်းပိုက်ခဲ့သည်။
ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်းမြို့နယ်တို့သာ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိသည်။