ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးတွင် စစ်စခန်းများကို ကိုးကန့်တပ် (MNDAA) ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည့် တစ်လတာတိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှု များပြားသလို အဆက်သွယ်မရ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း ကာယံရှင်မိသားစုဝင်များနှင့် ဒေသခံတို့က ပြောသည်။
ဇူလိုင် ၃ ရက်နေ့မှစတင်၍ လားရှိုးရှိ တပ်ရင်းစခန်းများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့ရာ တိုင်းစစ်ဌာနချုပ်စခန်းတစ်ခု ပထမဆုံးအကြိမ် ထိုးစစ်ဆင်ခံရခြင်းဖြစ်သလို စစ်ကောင်စီ ပထမဆုံးလက်လွှတ်လိုက်ရသည့် တိုင်းစစ်ဌာနချုပ် ဖြစ်ခဲ့သည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
မြို့ခံအများအပြား စစ်ဘေးကြိုတင်ရှောင်နိုင်ခြင်း မရှိသဖြင့် တိုက်ပွဲများ စတင်ဖြစ်ပွားသည်နှင့် မြို့ထဲတွင် ပိတ်မိခဲ့သည်။ စစ်စခန်းများကလည်း လူနေရပ်ကွက်များကြား တည်ရှိသောကြောင့် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
လားရှိုးမြို့ရှိ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးဆိုင်လုပ်ငန်းတစ်ခုတွင် မန်နေဂျာအဖြစ် လုပ်ကိုင်သူ အသက် ၃၁ နှစ် အရွယ် ကိုသိန်းသန်းထွဋ် (ခ) မိုးဆက်အောင် အပါအဝင် အမျိုးသား ၆ ဦး ဇူလိုင် နောက်ဆုံးပတ်၌ စစ်ရှောင်ခဲ့ရာ ထိုအချိန်မှစ၍ အဆက်အသွယ်မရတော့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ဆိုင်လည်းရှိနေတော့ မပြန်ဘဲနဲ့ အခြေနေအရမ်းဆိုးမှ ထွက်မယ်ဆိုပြီး၊ ထွက်လည်း ထွက်တဲ့ နံနက် ကတော့ (ဖုန်း) ရသေးတယ်။ (MNDAA က) စစ်တော့ စစ်နေတယ်ပြောတယ်၊ ပြီးတော့ စာလည်းပို့ရတယ်၊ ညနေကျတော့ အဆက်အသွယ်လုံးဝမရတော့ဘူး”ဟု အထက်ပါ မိသားစုဝင်က ဆိုသည်။
ကိုသိန်းသန်းထွဋ်နှင့်အတူ တိမ်းရှောင်သူများမှာ အသက် ၂၀ နှင့် ၃၀ ကျော်အကြား အမျိုးသားများ ဖြစ်ပြီး မန္တလေး၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့မှ လာရောက်သူများ ဖြစ်ကာ ဆောက်လုပ်ရေးအလုပ် လုပ်ကိုင်သူ ကိုမျိုးသူဆိုသူလည်း ပါဝင်သည်ဟု သိရသည်။
“စိုးရိမ်ပူပန်တာပေါ့၊ တစ်ရက်မှလည်း ကောင်းကောင်း အိပ်မရဘူး။ တွေးမိတာပေါ့၊ မသင်္ကာလို့ အဖမ်း ခံရတာမျိုးလား၊ ထုထောင်းခံနေရပြီလား၊ အဲသလိုစိတ်နဲ့ပေါ့။ ဘယ်လိုများ ခေါ်သွားတာလဲ၊ ယောက်ကျားလေးက ၆ ယောက် လေ” ဟု အထက်ပါမိသားစုဝင်က ဆိုသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းကျော် ရှိသည့် လားရှိုးမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး တိုက်ပွဲများအကြား ပိတ်မိနေသည့် ဒေသခံတို့ စားသောက်ရေး၊ ဆက်သွယ်ရေးခက်ခဲခဲ့ကြသည်။
MNDAA က လားရှိုးအကျဉ်းထောင်ကို စီးနင်းကာ အကျဉ်းသားများထဲမှ တအာင်းလူမျိုး ၁၁၈ ဦးကို တအာင်းတပ် (TNLA) ထံ လွှဲပြောင်းပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးခဲ့ပြီး ယခု ရက်ပိုင်းအထိ စီစစ်လွှတ်ပေးနေဆဲဟု ဒေသတွင်းသတင်းများက ဖော်ပြကြသည်။
အဆိုပါ ၁၁၈ ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံရသူ ၅ ဦး၊ မသင်္ကာမှု ဖြင့် ၁၅ ဦး၊ အရေးပေါ် ထုတ်ပြန်သည့်အမိန့် Martial Law ဥပဒေဖြင့် ၃ ဦး ပါဝင်သည်ဟု TNLA က ဩဂုတ် ၃ ရက်နေ့တွင် ထုတ်ပြန် ထားသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာနက ထိုသူအားလုံးကို စစ်ဆေးနေပြီး တချို့ကို ပြန်လွှတ်ပေးပြီးဖြစ်သည်ဟု ဆိုသည်။
သက်ဆိုင်ရာမိသားစုထံနှင့် PSLF/TNLAထံ မရောက်ရှိသေးသည့် တအာင်းနိုင်ငံရေး အကျဥ်းသားများ အရေအတွက် ကိုးကန့်တပ်နှင့် ဆက်လက်ညှိနှိုင်းနေကြောင်းလည်း ဖော်ပြထားသည်။
လားရှိုးထောင်ပွင့်သွားချိန်က အကျဉ်းသားတစ်ဦးဖြစ်သူ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ပျားစည်ကျေးရွာသား အသက် ၄၀ အရွယ် ကိုနိုင်လင်းနှင့် အဆက်အသွယ် ရခဲ့သည်ဟု မိသားစုဝင်များ က ပြောကြသည်။
သို့သော်လည်း ထပ်မံဆက်သွယ်၍မရတော့သဖြင့် ဝိုင်းဝန်းရှာဖွေပေးရန် မိသားစုဝင်များက အွန်လိုင်း လူမှုကွန်ရက်တွင် အကူညီတောင်းခံထားကြသည်။
စစ်ဘေးရှောင်သူများထဲတွင်လည်း မိသားစုနှင့် အဆက်အသွယ်ပြတ်နေသူတို့ ရှိနေသည်။
အခြားအမျိုးသမီးနှင့်အတူ မူဆယ် ၁၀၅ မိုင်ဘက်သို့ တိမ်းရှောင်သွားသည့် အသက် ၅၂နှစ်အရွယ် ဒေါ်အေးအေးမော် ဆိုသူကိုလည်း ဇူလိုင် ၂၉ ရက်မှစ၍ အဆက်သွယ်မရရှိတော့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ခုက ဘယ်ကိုရောက်နေမှန်းလဲ မသိဘူး၊ အတူတူပြေးလာတဲ့ အစ်မနဲ့ ကွဲသွားတာ၊ သူကတော့ (အတူ ပြေးလာသူကတော့) ပြန်ရောက်နေပြီ။ အဲဒီကတည်းက အဆက်သွယ်မရတော့တာပဲ” ဟု ဒေါ်အေးအေးမော်၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
လားရှိုးတိုက်ပွဲအတွင်း အရပ်သားပြည်သူ သေဆုံးခြင်းနှင့် မိသားစုနှင့် ပြန်လည်မတွေ့သူများ စာရင်းကို တိတိကျကျ မသိနိုင်သော်လည်း လေကြောင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူသေဆုံးမှု ရာဂဏန်း ရှိနိုင်ကြောင်း ဒေသခံအချို့နှင့် ကူညီနေသူအချို့က ဆိုသည်။
လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်းတစ်ခု ဖြစ်သော Freedom Youth Volunteers – FYV ၏ ယခုလဆန်းအထိ စာရင်းများအရ လားရှိုးမြို့ပေါ်တွင် ကောက်ယူခဲ့သည့် ရုပ်အလောင်း ၁၀၀ ကျော် ရှိသည်ဟု သိရသည်။
ဇူလိုင် ၂၇ ရက်နေ့က ထိုအသင်းမှ ၂ ဦး စစ်ဘေးရှောင်များကို ဆန်၊ ဆီ၊ ဆား သွားရောက်လှူဒါန်းစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
ဩဂုတ် ၃ ရက်နေ့တွင် MNDAA က မြို့ကို သိမ်းပိုက်ပြီး၊ ဩဂုတ် ၉ ရက်နေ့တွင် လူမှုကူညီရေး အသင်းတချို့က ရုပ်အလောင်းတချို့ကို ကောက်ယူမီးရှို့ပေးခဲ့ကြသည်။
လားရှိုးမြို့ပေါ်တွင် သန့်ရှင်းရေးများပြုလုပ်နေပြီး လတ်တလောတွင် ဈေးတချို့ဖွင့်လှစ်ထားသလို မြို့ခံများ ပြန်လည်ဝင်ရောက်လာနေကြောင်း ဒေသခံတချို့က ပြောသည်။
လားရှိုးမြို့ပေါ် ရှိ နေအိမ်အများစု ဖောက်ထွင်းခံထားရပြီး ဖောက်ထွင်းခိုးယူသူဟု ယူဆရသူများကို MNDAA က ဖမ်းဆီးနေကြောင်း သိရသည်။
ယခုနှစ် ဇွန် ၂၅ ရက်မှစတင်၍ “၁၀၂၇” စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် မြောက်ပိုင်းမဟာမိတ်တပ်များက မြို့သိမ်းတိုက်ပွဲများပြုလုပ်နေရာ လက်ရှိတွင် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားသည်။
ကျောက်မဲ၊ လားရှိုးမြို့များသည် လူအသေအပျောက်များခဲ့ပြီး ပျောက်ဆုံးနေသူများရှိနေသလို စစ်ကောင်စီလေတပ်ကလည်း အဆိုပါမြို့များကို ဗုံးကြဲတိုက်ခိုက်နေသည်။