ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေး မြန်မာနိုင်ငံတွင် စတင်ထိုးနှံနိုင်ပြီဆို၍ ပြည်သူများအနေဖြင့် အသွားအလာ အနေအထိုင် ပေါ့ဆခြင်းမပြုကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။
“တချို့တွေက ပေါ့သွားမှာ စိုးရိမ်တယ်။ ဆေးတွေရောက်လာတယ်ဆိုပေမယ့် ချက်ချင်းပဲ အားလုံးရောက်လာတာ မဟုတ်ပါဘူး။ စောင့်ရဦးမယ်။ ကိုယ့်နိုင်ငံက ထုတ်တယ်ဆို တစ်မျိုးပေါ့၊ ကိုယ်ကြိုက်သလောက် ထုတ်လို့ရတယ်။ အခုက သူများနိုင်ငံကသွင်းရတာ၊ အားလုံးက ဝိုင်းပြီးတော့ ဝယ်နေကြတယ်။ ကိုယ်လိုချင်သလောက် ချက်ချင်းရမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း ပထမဦးစားပေးအစီအစဉ်အဖြစ် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို နေပြည်တော်ရှိ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်ရာတွင် လာရောက်ကြည့်ရှုစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးရန် စိုးရိမ်ပူပန်မှုရှိနေသူများကို မည်သို့သတင်းစကားပါးလိုပါသနည်းဟု Myanmar Now က ဆက်လက်မေးမြန်းရာတွင် ဘေးထွက်ဆိုးကျိုးဆိုးဆိုးရွားရွားမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“အတွေ့အကြုံမရှိသေးတဲ့ကိစ္စဆိုတော့ နည်းနည်းပါးပါးစိုးရိမ်တာက သဘာဝကျပါတယ်။ နောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိတတ်တယ်။ ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး။ သာမန်ကာကွယ်ဆေးထိုးရင်တောင်မှ တချို့တွေက ဖြစ်တတ်တယ်။ ကိုက်တာခဲတာ၊ ဖျားချင်၊ နာချင်တာ” ဟု ၎င်းက ပြောသည်။
ထို့အတူ ကာကွယ်ဆေးထိုးပြီးသူများကို ပြီးလျှင်ပြီးချင်း ပြန်လွှတ်မည်မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းများက နာရီဝက်စောင့်ကြည့်၍ လိုအပ်သလိုဆောင်ရွက်ပေးမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
“ဒီကြားထဲမှာ ရောဂါလက္ခဏာတွေ ဘယ်လိုပြလဲဘာလဲ ကြည့်ပေးမှာ၊ ဒီလိုပဲထိုးပြီး ပြန်လွှတ်လိုက်မှာ မဟုတ်ဘူး။ အားလုံးပဲ နာရီဝက်ထားပြီး ကြည့်မယ်။ သူ့အခြေအနေ ဘယ်လိုရှိမလဲ ကြည့်မယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုသည့် နေပြည်တော်ရှိ သူနာပြုသင်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကိုယ်တိုင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ခံယူခဲ့သည်။
“လုံးဝမနာဘူး။ ပုရွက်ဆိတ်ကိုက်သလောက်တောင် မနာဘူး။ ဒါထိုးပြီးရင်လည်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဆက်လုပ်ရမယ်။ ၂၈ ရက်ပြီးမှ နောက်တစ်ကြိမ်ထိုးသော်ငြားလည်း ဘယ်လောက်အထိ အာနိသင်ရှိတယ်ဆိုတာ ဘယ်သူမှမသိဘူး။ လေ့လာနေတုန်းပဲ ရှိသေးတယ်။ အဲ့တော့ လုံးဝလျှော့လို့ မရသေးဘူး” ဟု ဆေးထိုးခံအပြီးတွင် ဒေါက်တာမြင့်ထွေးက မီဒီယာများကို ပြောသည်။
ဇန်နဝါရီ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံက မေတ္တာလက်ဆောင်ပေးသည့် Covishield ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲရောက်ရှိလာပြီးနောက် ဦးစားပေးကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းဖြစ်သည်။
ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ၏ နာမည်ကျော်ဆေးဝါးကုမ္ပဏီ AstraZeneca နှင့် သဘောတူညီမှုရယူပြီး အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆေးကို တစ်ဦးလျှင် ရက်သတ္တပတ်လေးပတ်ခြား၍ နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် ချိန်းဆိုသည့် နေ့ရက်၊ အချိန်၊ နေရာများသို့ မပျက်မကွက်လာရောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။
ထို့အတူ ကာကွယ်ဆေးထိုးပြီးသူများ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း စသည့်အလေ့အထများကို ဆက်လက်လိုက်နာကျင့်သုံးကြရန်ကိုလည်း ဝန်ကြီးဌာနက နှိုးဆော်ထားသည်။
ကာကွယ်ဆေး ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများ၊ ဗဟိုအစိုးရအဖွဲ့ဝင်များ၊ နေပြည်တော်၌ လွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များကို စတင်ထိုးနှံပေးမည်ဖြစ်ပြီး လူဦးရေ ၇ သိန်းခွဲခန့် ဖြစ်သည်။
အိန္ဒိယအစိုးရက ကာကွယ်ဆေးတစ်သန်းခွဲ လှူဒါန်းခဲ့သော်လည်း မြန်မာအစိုးရက လူဦးရေ ၁၅ သန်းစာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုး ဝယ်ယူထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပြီး လာမည့် ဖေဖော်ဝါရီအတွင်း ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ ဇန်နဝါရီ ၂၆ အထိ တစ်သိန်းသုံးသောင်းကျော် ရှိခဲ့သည်။ ထိုအထဲမှ အများစု သက်သာပျောက်ကင်းကြောင်း၊ သေဆုံးသွားသူ ၃၀၈၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပထမအသုတ်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်မည်ဖြစ်ကာ အစိုးရအဖွဲ့ဝင်များက ပြည်သူများနှင့်အတူ ထိုးနှံသွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။