သတင်း

မြန်မာနိုင်ငံမြို့ ၁၂ မြို့တွင် စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရေကြီးနေ

ဧရာဝတီတိုင်းအတွင်းမှ ငါးသိုင်းချောင်း ၊ သာပေါင်းနှင့် ပုသိမ်၊ ပဲခူးတိုင်းအတွင်းမှ မဒေါက် ၊ ရွှေကျင်နှင့် ပဲခူး၊ ကရင်ပြည်နယ် ဘားအံ နှင့် မွန်ပြည်နယ်၏ ဒေသတချို့သည် ရေကြီးနစ်မြုပ်မှုများနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံမြို့ ၁၂ မြို့တွင် မြစ်ရေမြင့်တက်မှုကြောင့် စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ ရေကြီးနေကြောင်း စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင် ၂၉ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် တိုင်းတာချက်အရ ဧရာဝတီတိုင်းအတွင်းရှိ မြို့ ၇ မြို့၊ ပဲခူးတိုင်းအတွင်းရှိ မြို့ ၃ မြို့ ၊ မွန်ပြည်နယ်ရှိ မြို့ ၁ မြို့နှင့် ကရင်ပြည်နယ်ရှိ မြို့ ၁ မြို့တို့တွင် ရေကြီးနေခြင်းဖြစ်သည်။

အဆိုးဆုံးရေကြီးသည့်မြို့မှာ ပဲခူးတိုင်း မဒေါက်မြို့တွင်ဖြစ်ပြီး စိုးရိမ်ရေအမှတ်ထက် ၂၀၆ စင်တီမီတာမြင့်နေကြောင်း မိုး/ဇလ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ပဲခူးတိုင်းမြို့တော် ပဲခူးသည် ဒုတိယရေအကြီးဆုံးနေရာဖြစ်ပြီး စိုးရိမ်ရေအမှတ်ထက် ၁၂၀ စင်တီမီတာ ကျော်လွန်ရေကြီးနေသည်။

ငဝန်မြစ်ရေကြီးနေသဖြင့် သာပေါင်းမြို့ရေတက်နေစဉ် (ဓာတ်ပုံ – စစ်ကောင်စီ ပြန်ကြားရေး)

ပဲခူးအခြေအနေ

ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်ညနေပိုင်းမှစတင်ကာ တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်- မန္တလေး ကားလမ်းအား ပဲခူးမြို့၏ နေရာ ၃ နေရာ၌ ကျော်လွန်သွားပြီဖြစ်ကြောင်း ပဲခူးမြို့ ၊ ကျောက်ကြီးစုရပ်ကွက်မှ ကယ်ဆယ်ရေးလုပ်နေသူ အမျိုးသားက ဆိုသည်။

၎င်းက “ကလိရွာနားကရထားလမ်း ၊ ဆေးရုံရှေ့ရှိတယ်။ ပြည်တော်သာကျေးရွာထိပ်ရယ်။ ၃ နေရာကျော်သွားပြီ။ အမြင့်ကားတွေကတော့ သွားလို့ရသေးတယ်။ ဒါပေမယ့် ပဲခူးအဝင်ကတော့ မရတော့ဘူး။ ကားလေးတွေဝင်မရတော့ဘူး” ဟုဆိုသည်။

ပဲခူးမြစ်၏ အထက်ပိုင်း ဇောင်းတူဆည်ရှိရာ အရပ်တွင် မိုးများသဖြင့် ပဲခူးမြစ်ရေလျှံခြင်းဖြစ်ကြောင်း ပဲခူးဒေသခံ အချို့က ဆိုသည်။

စစ်ကောင်စီ၏ ပဲခူးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည့်အချက်အလက်အရ ပဲခူးမြို့တွင် ရေဘေးကယ်ဆယ်ရေး စခန်း (၂၇) ခုဖွင့်ထားပြီး လူဦးရေ ၂၅၀၀၀ ကျော်အား နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ကူညီပေးနေကြောင်းသိရသည်။

ပဲခူးမြို့ ၊ ကျောက်ကြီးစုရပ်ကွက်မှ ကယ်ဆယ်ရေးလုပ်နေသူ အမျိုးသားက ယခုနှစ်ရေကြီးမှုသည် ပြီးခဲ့သည့် ၂၀၂၃ တွင် ကြုံခဲ့သည့် ရေကြီးရေလျှံမှုကဲ့သို့ ရေလွှမ်းမိုးသည့် ပမာဏများပြားကြောင်းဆိုသည်။

သို့သော်လည်း ယခုနှစ်တွင် ပြီးခဲ့သည့် နှစ်ကကဲ့သို့ အလှူအရှင်အများအပြား လာရောက်ကူညီခြင်း နည်းသွားကြောင်းဆိုသည်။

၎င်းက “အစိုးရဘက်ကလည်း ထောက်ပံ့ပါတယ်။ သူတို့ထောက်ပံ့တာတော့ ဆန်ရယ် ၊ ချက်ဖို့ ပြုတ်ဖို့ဟာရယ်ပေါ့။ ဒီနှစ်ကတော့ အလှူရှင်နည်းတယ်။ အရင်နှစ်ကဆိုရင် ရှမ်းပြည်နယ်က အလှူရှင်တွေတောင် လာလှူတာရှိတယ်။ ဒီနှစ်တော့ အဲဒီလိုမလာဘူး။ ရှမ်းပြည်နယ်မှာလည်း သူတို့ပြဿနာအခက်အခဲရှိမှာပေါ့လေ” ဟု ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပဲခူးမြစ်ရေသည် နောက် ၁ ရက်အတွင်း နောက်ထပ် ၄ လက်မခန့် ရေတက်နိုင်ကာ စိုးရိမ်ရေအမှတ် အထက်တွင် ဆက်ရှိနေနိုင်ကြောင်း ခန့်မှန်းသည်။

ရွှေကျင်အခြေအနေ

Myanmar Now သတင်းဌာနအနေနှင့် ရေကြီးမှုအများဆုံးဖြစ်နေသည့် မဒေါက်မြို့နယ်အခြေအနေကို မေးမြန်းနေဆဲဖြစ်ပြီး မဒေါက်မြို့နှင့် ၃ မိုင်အကွာက ရွှေကျင်မြို့အခြေအနေကိုသာ မေးမြန်းခွင့်ရသည်။

ရွှေကျင်မြို့တွင် အနိမ့်ပိုင်းရပ်ကွက်များ၌ လူ ၁ ရပ်မြုပ်သည်အထိ ရေတက်နေပြီး မြို့ဧရိယာ ၃ ပုံ ၂ ပုံကို ရေလွှမ်းနေကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် အမျိုးသားတဦးက ဆိုသည်။

၎င်းက “အနိမ့်ပိုင်းတွေဆိုရင် ၁၂ တောင် ၊ ၁၃ တောင်လောက်ရှိတယ်။ သွားရေးလာရေးက တချို့စက်လှေရှိတဲ့နေရာကျတော့ စက်လှေတွေကူပေးနေကြတာပေါ့။ အသင်းအဖွဲ့တွေလည်း လိုက်ကူပေးနေတာပဲ။ မနိုင်တော့မနိုင်ဘူးပေါ့” ဟု ဆိုသည်။

ရွှေကျင်မြို့တွင် ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၁၁၆ စင်တီမီတာတွင် ရှိနေကြောင်း မိုး/ဇလ ညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင် ၂၉ ရက် နေ့လည် ၁၂ နာရီခွဲ ထုတ်ပြန်ချက်အရသိရသည်။

ရွှေကျင်တွင် ရေဘေးကြုံနေသူ ထောင်နှင့်ချီရှိနိုင်ပြီး အမြင့်ပိုင်းနေရာတွင်ရှိသော ဘုရားပရဝုဏ် ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ယာယီခိုလှုံနေရကြောင်း ရွှေကျင်မြို့ခံ အချို့က ဆိုသည်။

အချို့ ဒေသခံများသည် ရေကြီးနေသော်လည်း ရေဘေးရှောင်သည့် နေရာများကို မလာဘဲ ရေလွတ်မည်ဟု ထင်သည့် ၂ ထပ်အိမ်အပေါ်ထပ်များတွင် နေထိုင်မှုများရှိကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် အမျိုးသားတဦးကပြောသည်။

၎င်းက “၄ နှစ်လောက်မှ တခါပြန်ကြီးတာပေါ့။ စားနပ်ရိက္ခာမလုံလောက်ဘူး။ အဓိကလိုတာက သောက်သုံးရေပေါ့။ မီးတွေလည်းဖြတ်ထားတယ်” ဟု ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ရွှေကျင်မြစ်ရေသည် နောက်တရက်တွင် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေအမှတ် အထက်တွင် ဆက်ရှိနေနိုင်ကြောင်း ခန့်မှန်းသည်။

စစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဝဘ်ဆိုက်စာမျက်နှာတွင်မူ ပဲခူးမြို့ရေကြီးရေလျှံနေမှုအား တိုင်းအစိုးရအဖွဲ့က ကူညီနေကြောင်း သတင်းများဖော်ပြသော်လည်း စစ်တောင်းမြစ်ရေတက်မှုကြောင့် အခြေအနေဆိုးနေသည့် မဒေါက်မြို့နှင့် ရွှေကျင်မြို့အခြေနေကိုမူ သတင်းဖော်ပြခြင်းမတွေ့ရပေ။

ဘားအံအခြေအနေ

ကရင်ပြည်နယ်မြို့တော် ဘားအံတွင်လည်း သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ကားလမ်း၌ ရေကျော်သည် အထိ စံချိန်တင် ရေကြီးနေသည်။

ဘားအံမြို့တွင် နေထိုင်သူအချို့၏ အဆိုအရ ဘားအံမြို့ပေါ်ရှိကားလမ်းမ အချို့နေရာများတွင် ၃ ပေနီးပါးရေတက်နေကြောင်း သိရသည်။

ဘားအံမြို့ဒေသခံ အမျိုးသားတဦးက “သွားလာရတော့ ခက်ခဲတယ်။ ဆိုင်ကယ်နဲ့မြို့ထဲသွားမယ်ဆိုရင် လုံးဝ သွားလို့မရဘူး။ အနိမ့်ကားတွေ သွားမရတော့ဘူး” ဟု ဆိုသည်။

စစ်ကောင်စီ၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကမူ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ၂၀၁၈ ခုနှစ်က ရေကြီးခဲ့သည်ထက် စံချိန်တင် မြစ်ရေတက်မှုဖြစ်နေကြောင်း ဇူလိုင်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဘားအံမြို့ ကုတင် ၅၀ ဆံတိုင်းရင်းဆေးရုံနှင့် စာသင်ကျောင်းများတွင် ရေဘေးကြုံနေရသော ဒေသခံများအား ခိုလှုံခွင့် ပေးထားပြီး ဘားအံမြို့နယ်တခုလုံးတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ဖွင့်ထားကြောင်းသိရသည်။

စစ်ကောင်စီ၏ မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနက နောက်တရက်အတွင်း သံလွင်မြစ်ရေသည် ၂ လက်မခန့် ရေကျနိုင်သော်လည်း စိုးရိမ်ရေအမှတ်အထက်တွင် ဆက်ရှိနေနိုင်ကြောင်းခန့်မှန်းသည်။

စစ်ကောင်စီ၏ မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနသည် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များမှ ရေကြီးမှုအခြေအနေကိုသာ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေသည့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်ထဲက ရေကြီးမှုအခြေအနေနှင့် ကရင်နီတော်လှန်ရေးတပ်များရှိနေသည့် ရှမ်း-ကယားနယ်စပ်က မြို့နယ်အချို့တွင် ရေကြီးမှုအခြေအနေကိုမူ သတင်းဖော်ပြခြင်းမတွေ့ရပေ။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့နယ်အပါအဝင် ကရင်နီ (ကယား) ပြည်နယ်မြို့တော် လွိုင်ကော် အနောက်တောင်ခြမ်းတွင်လည်း ရေကြီးရေလျှံမှု ဆက်ရှိနေကြောင်း ကယ်ဆယ်ရေးလုပ်နေသူအချို့ထံမှသိရသည်။

Show More

Related Articles

Back to top button