သတင်း

ကျောက်မဲမြို့တွင်း တိုက်ပွဲပြင်းထန်နေ၊ အရပ်သား ၈ ဦးထက်မနည်းသေဆုံး

စစ်ကောင်စီက ကျောက်မဲသို့ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက်စစ်တပ်များကို စစ်ကူအဖြစ် စေလွှတ်ခဲ့ရာ တိုက်ပွဲ ပိုမိုပြင်းထန်လာမည့်အခြေအနေဟု ‌ဒေသခံတို့က ယူဆပြီး မြို့မှ ထွက်ခွာရန် ကြိုးစားနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့သို့ စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်များနှင့် တအာင်းတပ် (TNLA) ပူးပေါင်းတပ်များ ယမန်နေ့ (ဇူလိုင် ၂၁) က အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့တွင်လည်း ပစ်ခတ်နေ၍ မြို့ကို စွန့်ခွာနေကြပြီဟု ဒေသခံများက ပြောသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီမှ ည ၉ နာရီခန့်အထိ မြို့ပတ်ချာလည်နှင့် မြို့တွင်း အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေတပ်၏ ၇ ကြိမ်ခန့် ဗုံးကြဲမှုကြောင့် အနည်းဆုံး အရပ်သား ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

“မနေ့က တိုက်ပွဲတအားပြင်းထန်တယ်။ လက်နက်ကြီးတွေကျပြီး လေယာဉ်ကြဲတာတွေကြောင့် အရပ်သားသေဆုံးတာ များတယ်။ လောလောဆယ်တော့ ၈ ယောက်လောက် ရှိတယ်။ မနေ့က ဂျက်ဖိုက်တာရော၊ Y-12 လည်း လာတယ်။ တစ်ညလုံးပဲ။ ဇောတိကုန်း၊ နမ့်စလင်းနဲ့ ကျောက်တောင်နားပတ်ပတ်လည်မှာ လာကြဲသွားတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ဆိုသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ကျောက်မဲမြို့အရှေ့ဘက်တွင် ရှိသည့် နမ့်စလင်းတောင်အနီးတစ်ဝိုက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်နေသည်ဟု သိရသည်။

“နမ့်စလင်းတောင်နဲ့ ကျောက်တောင်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အဲ့မှာက ဘုန်းကြီးကျောင်းတွေရှိတယ်။ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၃ လောက် ကျမယ်” ဟု အထက်ပါ ကျောက်မဲမြို့ခံ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မှ စစ်ကူအင်အား ၃၀၀ ခန့်သည် ဇူလိုင် ၁၈ ညနေတွင် ကျောက်မဲမြို့ အရှေ့တောင်ဘက် တစ်မိုင်ကျော်ခန့်အကွာရှိ ကျေးရွာများအနီးအထိ ရောက်ရှိလာခဲ့ရာ ယင်းညနေကတည်းက TNLA နှင့် တိုက်ပွဲပြင်းထန်နေသည်။

ပြည်ထောင်စုလမ်းမပေါ်ရှိ အေးရှားဝေါတိုးဂိတ်အနီး ဇူလိုင် ၁၈ က တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း ဇူလိုင် ၂၀ ရက်တွင် စစ်ကောင်စီတပ်များ ကျောက်မဲမြို့ထဲအထိ ဝင်ရောက်လာ၍ မြို့ပေါ်တွင် နေရာယူထားသော TNLA တပ်များနှင့် မြို့တွင်းတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ကျောက်မဲမြို့ခံ နောက်တစ်ဦးကလည်း ယနေ့တွင် မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

“ဒီမနက်လည်း ၆ နာရီကနေ ၇ နာရီအထိ ဖြစ်တယ်။ (မနေ့က) ရှမ်းကျောင်းကြီးနား၊ ရပ်ကွက် ၂ အနီးအနားမှာ ဖြစ်တယ်။ အပြန်အလှန်ပစ်နေကြတယ်။ ဇောတိကုန်း (ရွာ) မှာလည်း ဖြစ်တယ်။ ဗုံးကြဲခံရတဲ့ One Love Hotel ရှိတဲ့ ပင်လုံလမ်းမကြီးတစ်လျှောက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်” ဟု ထိုသူက ယနေ့ ပြောသည်။

ယနေ့နံနက်အစောက တွေ့ရသော ကျောက်မဲမြို့တွင်းတစ်နေရာ။ (ဓာတ်ပုံ – Thaungpaw Tharlay)

ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူလာသောစစ်ကြောင်းတွင် စစ်ကား အစီး ၃၀ ကျော်၊ ဟောင်ဝစ်ဇာအမြောက် နှစ်လက်လည်း ပါဝင်သည်ဟု မြို့ခံများကို ကိုးကား၍ သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်သည့် ဇွန်လကုန်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် မြို့နှင့် ၂ မိုင်အကွာက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၀၁၊ ခမရ-၅၀၂ တပ်စခန်းတို့ကို ပိတ်ဆို့ထားသည်။

ယမန်နေ့က ကျောက်မဲမြို့မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ ခမရ ၅၀၁ နှင့် ၅၀၂ တပ်များအနီး တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က လေကြောင်းပစ်ကူပေးခဲ့သည်ဟု မြို့ခံ နောက်တစ်ဦးထံမှ သိရသည်။

“မနေ့က ပေါင် ၅၀၀ နှစ်လုံး ကြဲသွားတယ်။ မနေ့က နေ့လယ် ၂ နာရီလောက် ထင်တယ်။ ပတ္တမြားစေတီကုန်း (၅၀၁/၅၀၂ စခန်းကုန်းပေါ်မှာပဲ)။  မဟာမိတ်တပ်တွေ အဲ့ဘက်မှာ ရှိတယ်ဆိုတော့၊ စစ်တပ်နဲ့ ခြံစည်းရိုးပဲ ခြားတဲ့ ပန်လော့ဘုန်းကြီးကျောင်းလည်း ဗုံးထိသွားတယ်”

မြို့တွင်းတိုက်ပွဲများ စတင်ဖြစ်ပွားလာပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အစောပိုင်းက ကျန်ရှိနေသည့် ကျောက်မဲမြို့ခံများလည်း မြို့ကို စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။

“ဂျက်ဖိုက်တာတွေ Y-12 တွေနဲ့ လာကြဲတော့ မြို့ထဲကနေ ပြေးကုန်ကြပြီ။ သိပ်မကျန်လောက်တော့ဘူး။ ဒီနေ့မနက်လည်း Y-12 က လာကြဲသွားပြန်တယ်။ မြို့တွင်းတိုက်ပွဲပုံစံဖြစ်နေတော့လေ မြို့ထဲနေတဲ့လူတွေလည်း အကုန်စွန့်ခွာသွားကြကုန်ပြီ” ဟု အထက်ပါ မြို့ခံနောက်တစ်ဦးက ဆိုသည်။

 ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ။

“၁၀၂၇ ဒုတိယလှိုင်း” စတင်သည့် ဇွန် ၂၅ ရက်မှစ၍ ကျောက်မဲမြို့တွင် တိုက်ပွဲများပြင်းထန်လာရာ မြို့ပေါ်မှ ဒေသခံတချို့ တိုက်ပွဲအကြား သေဆုံးမှုများရှိလာသောကြောင့် မြို့ခံလူဦးရေ၏ ထက်ဝက်ခန့်မှာ ထိုစဉ်ကတည်းက မြို့မှ တိမ်းရှောင်သွားကြသည်။

မြို့ပေါ်ကို TNLA ထိန်းချုပ်သွားပြီးနောက် စစ်ကောင်စီလေတပ်က ဇွန် ၃၀ ရက် ညသန်းခေါင်တွင် ကျောက်မဲမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ရာ One Love ဟိုတယ် ထိမှန်ပျက်စီးခဲ့သလို အနီးရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့လည်း ပျက်စီးခဲ့သည်။

ထိုကာလအတွင်း တိုက်ပွဲများအကြား သေဆုံးသူ ကျောက်မဲဒေသခံ ၂၅ ဦးနှင့် ဒဏ်ရာရသူ ၃၇ ဦးရှိပြီး အရပ်သားနေအိမ် ၅၀ ကျော် ပျက်စီးခဲ့သည်ဟု TNLA က ဇူလိုင် ၂ တွင် ထုတ်ပြန်သည်။

စစ်ဆင်ရေးတွင် ပါဝင်သော နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲများအတွင်း ကျောက်မဲမြို့သည် လူထိခိုက် သေဆုံးမှု အများဆုံးဖြစ်ပြီး အရေအတွက်အတိအကျမသိနိုင်သော်လည်း အလောင်းများတွင် လက်နက်ကိုင်များလည်း ပါဝင်ကာ အလောင်း ဆယ်ချီရှိနိုင်သည်ဟု လူမှုကူညီရေးအသင်းများကို ကိုးကား၍ သိရသည်။

ကျောက်မဲမြို့ နမ့်ခုံးပရဟိတအသင်း၏ အချက်အလက်များအရ တိုက်ပွဲအတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်မဲမြို့ခံများ သေဆုံးခဲ့ရာတွင် ဇူလိုင် ၁၈ ရက်အထိ သေဆုံးသူပေါင်း ၇၀ ခန့်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button