သတင်း

အင်တာနက် ပြန်ဖွင့်ပေးရန် ရခိုင်ကျောင်းသားသမဂ္ဂ တောင်းဆို

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ပိတ်ထားသည့် မြန်နှုန်းမြင့်အင်တာနက်ကို အမြန်ဆုံးပြန်ဖွင့်ပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ယနေ့ (ဇန်နဝါရီ ၁၈ )တွင် တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ရသေ့တောင်၊ ဘူးသီးတောင်နှင့် မြေပုံမြို့နယ်များတွင် အစိုးရက မြန်နှုန်းနိမ့်သည့် 2G အင်တာနက်သာ သုံးစွဲခွင့်ပေးထားသဖြင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရသည်ဟု ကျောင်းသားသမဂ္ဂက ပြောသည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာာစာတမ်း အပိုဒ် (၁၉) တွင် လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်ဟု ပါရှိသော်လည်း အစိုးရက အင်တာနက်ဖြတ်‌တောက်ခြင်းသည် ယင်း အပိုဒ် ၁၉ ကို ချိးဖောက်နေခြင်းဖြစ်ကာ ရခိုင်ပြည်နယ်ကို သတင်းအမှောင်ချထားခြင်းဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက ဝေဖန်သည်။

“အင်တာနက် ဖြတ်တောက်ခံရတာဟာ လူ့အခွင့်အရေးကို ပိတ်ပင်တာ ဖြစ်တယ်။ တခြားပြည်နယ်၊ တခြားသော ဒေသက လူတွေကတော့ တန်းတူညီမျှအင်တာနက်ကို ရနေတယ်။ ကျွန်တော်တို့က မရဘူး။ ဒါက နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေရတာ ဖြစ်တယ် ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါကာလ ဖြစ်နေသောကြောင့် တက္ကသိုလ်များတွင် အွန်လိုင်းမှ သင်ကြားပေးမည်ဟု ကြားသိနေရသောကြောင့် ရခိုင်တွင် အင်တာနက် အမြန်ဆုံးပြန်ဖွင့်ရန် လိုအပ်သည်ဟု ကိုကျော်ငြိမ်းထွန်းက ဆက်ပြောသည်။

“အင်တာနက်ဟာ လူသားတိုင်းရဲ့ အသက်အိုးအိမ်နဲ့ နိုင်ငံရေးဖြစ်တယ်၊ စီးပွားရေးဖြစ်တယ်၊ လူမှုရေးဖြစ်တယ်၊ ပညာရေးဖြစ်တယ်၊ စတဲ့ကဏ္ဍတွေအတွက် အင်တာနက်ဟာ ပင်မသွေးကြောဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်”ဟု ၎င်းက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ က ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း သတင်းအချက်အလက်များ တိကျမြန်ဆန်စေရေး၊ အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် 4G အင်တာနက်ပြန်ဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်တိုက်တွန်းခဲ့သည်။

“အင်တာနက် ပိတ်လိုက်တာဟာ ဒီမိုကရေစီအစိုးရလို့ခေါ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ရခိုင်ပြည်သူတွေကို အမုန်းတရားထားကာ ကမ္ဘာကြီးရဲ့အပြင်ဘက် ၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့အပြင်ဘက်ကို တွန်းပို့လိုက်သလို ဖြစ်နေပါတယ် ” ဟု ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်ခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ၂၀၁၈ နိုဝင်ဘာမှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ဇွန်မှစ၍ အင်တာနက်ဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်တွင် တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခဲ့ပြီး မကြာသေးမီက ပြန်လည်ဖွင့်လှစ်ခဲ့ပေးခဲ့သော်လည်း အင်တာနက်မြန်နှုန်းနိမ့်သည့် 2G ကွန်ရက်သာ ရရှိနေသည်။ 

2G အင်တာနက်သည် ဖုန်းပြောဆိုခြင်းနှင့် စာတိုစနစ် (SMS) ကိုသာ အသုံးပြု၍ရရှိပြီး လူမှုကွန်ရက် Facebook နှင့် မက်ဆင်ဂျာအပါအဝင် အင်တာနက်အသုံးပြုမှုတို့ မရရှိပေ။ 

ရခိုင်ပြည်နယ်ရှိ အချို့နေရာများတွင် အင်တာနက် ယာယီရပ်ဆိုင်းထားရခြင်း၏ အဓိကအကြောင်းရင်းမှာ AA  အဖွဲ့က နိုင်ငံရေးနှင့် စစ်ရေးအကျိုးအမြတ်များအတွက် အင်တာနက်ကို အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် ဧပြီ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်ကို ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့မှုကြောင့် ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များမှ လူငယ်အချို့ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။ 

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ ငြိမ်းချမ်းရေး ရောင်နီသန်းလာပြီဖြစ်သောကြောင့် ပြည်သူများ အွန်လိုင်းမှ ပညာသင်ယူရေး၊ စီးပွားရေးနှင့် သတင်းအချက်အလက်များရရှိနိုင်ရေးအတွက် အင်တာနက် အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်ဟု ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

တပ်မတော်နှင့် AA တို့သည်လည်း ၂၀၂၀၊ နိုဝင်ဘာပထမပတ်မှစ၍ တိုက်ပွဲများရပ်တန့်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နေသည်။ 

Show More

Related Articles

Back to top button