ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ကြီးများကို မြောက်ပိုင်းမဟာမိတ်တပ်များက ဆက်လက်ထိုးစစ်ဆင်နေရာ လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေတပ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကို အားပြု ခုခံနေသည်။
ယမန်နေ့ (ဇူလိုင် ၁၇) တွင် လက်နက်ကြီးပစ်ခတ်မှုအချို့သာရှိခဲ့သော်လည်း ယနေ့ နံနက် ၅ နာရီခန့်မှ စတင်ကာ လားရှိုးမြို့တွင်း တိုက်ပွဲများပြန်လည်ပြင်းထန်နေ ခြင်းဖြစ်သည်။
ခြေမြန်တပ်ရင်း(၅၀၇)ရှိရာ ရပ်ကွက်(၅)နှင့် မန်အိုင်ကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေသည်၊ နံနက်စောစောပိုင်းကပင် မြို့တွင်းရှိတပ်များက လက်နက်ကြီးပစ်ကူပေးသည့်အပြင် လေကြောင်းကပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ရပ်ကွက်(၇)တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဘယ်နှစ်ကြိမ်မှန်းတောင်မသိဘူး၊ လေယာဉ်က တချိန်လုံး တဒုံးဒုံး တဒိုင်းဒိုင်းပဲ။ Y 12 တွေရော၊ ဂျက်ဖိုက်တာတွေရောပဲ၊ လက်နက်ကြီးသံဆို ဆူညံနေရောပဲ၊ ၅၀၇ ဘက်ကို မဲပြီးပစ်နေကြတာ” ဟု သူက ပြောသည်။
ခလရ(၆၈) အနီးတွင် ကိုးကန့်တပ်(MNDAA) တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။
လားရှိုးမြို့မှ သိန္နီမြို့သို့အထွက် MNDAA ဦးဆောင်သည့် တပ်များ ထိန်းချုပ်ထားသည့် ဟိုပိတ်ရွာအနီးတွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံအချို့က ပြောသည်။
MNDAA နှင့် ပူးပေါင်းတပ်များက လားရှိုးမြို့အဝင် မယ်ဟန်ရွာရှိ ဗျူဟာကုန်းကို သိမ်းပိုက်ထားရာ စစ်တပ်က နားမခေါ်ရွာအနီးတွင် ခံစစ်ပြင်ထားသည်။
မြို့တွင်းရှိ အခြေစိုက်တပ်စခန်းများအပြင် ဌာနဆိုင်ရာရုံးများတွင် စစ်တပ်က တပ်စွဲထားပြီး ရပ်ကွက်(၂)ရှိ မြို့တော်ခန်းမကို ယာယီဌာနချုပ်ပုံစံပြုလုပ်ထားသည်ဟု လားရှိုးမြို့ခံအမျိုးသားက ပြောသည်။
“မြို့တော်ခန်းမထဲမှာ ဘန်ကာတွေဘာတွေလုပ်ထားတယ်၊ နောက် စစ်ကားတွေ အများကြီးပဲ၊ ဘာတွေလည်းမသိဘူး၊ သံချပ်ကာကားတွေရော အထဲမှာ အပြည့်ပဲ စစ်သားတွေ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တိုက်ပွဲများကြောင့် လားရှိုးမြို့အနီးရှိ ကျေးရွာများနှင့် မြို့ပေါ်ရှိ ရပ်ကွက်အချို့မှ ဒေသခံများမှာ ရပ်ကွက်(၁၂)ရှိ ကန်မိန်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက်(၇)ရှိ ဆောက်လက်စက် အဆောက်အဦး၏ မြေအောက်ထပ်တွင် ပုန်းခိုနေကြရသည်ဟု စစ်ရှောင်ကူညီသူအချို့က ပြောသည်။
ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲများ
အလားတူ ကျောက်မဲမြို့တွင်လည်း ပြီးခဲ့သည့် နှစ်ရက်မှစတင်ကာ တိုက်ပွဲများပြန်လည် ပြင်းထန်လာပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ကျောက်မဲဒေသခံအချို့က ပြောသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က ရပ်စောက်မြို့မှ စစ်ကူထွက်လာသည့် စစ်ကားအချို့မှာ ကျောက်မဲမြို့တောင်ဘက် ပြည်ထောင်စုလမ်းမကြီးအနီးသို့ ရောက်ရှိလာရာ တအာင်းတပ်(TNLA)ဦးဆောင်သည့် ပူးပေါင်းတပ်များနှင့် တိုက်ပွဲများပြင်းထန်နေသည်ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြို့အရှေ့ဘက် အေရှားဝေါလ်တိုးဂိတ်နားမှာ ချနေကြတာ၊ အဲဒီနားမှာ TNLA က သိမ်းထားတဲ့ အမြောက်တပ်လည်းရှိတယ်၊ (စစ်တပ်)ဟိုဘက်က မြို့တွင်းကိုဝင်ပြီး မြောက်ဘက်က စစ်တပ်တွေကို တပ်ကူသွားမလို့ကြိုးစားတာ၊ ဒီဘက်က ဖြတ်တိုက်ထားတဲ့ သဘောပေါ့”
ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)နှင့် ခြေမြန်တပ်ရင်း ခမရ(၅၀၁)၊ (၅၀၂)တပ်များနှင့် အမြောက်တပ်တစ်ခုရှိပြီး အမြောက်တပ်ကို TNLA က သိမ်းထားပြီး မြို့ကိုလည်း ထိန်းချုပ်ထားသည်။
လတ်တလောတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကျောက်မဲမြို့တောင်ဘက်နှင့် အရှေ့ဘက်တွင် TNLA က ဖြတ်တောက်တိုက်ခိုက်နေသည်။ မြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်နှစ်ခုနှင့် စကခ(၂၁)ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။
နှစ်ရက်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာတစ်လှည့် Y-12 အမျိုးအစား လေယာဉ်ဖြင့် တစ်လှည့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
မနေ့ညက တစ်ညလုံးပဲ လေယာဉ်ပျံနဲ့ဗုံးကြဲတယ်၊ တိုက်ပွဲဖြစ်တယ်။ ဒီနေ့နက်ဆိုရင်လည်း ကျောက်မဲမြို့လမ်းခွဲတစ်လျောက်ပေါ့နော် မြို့ပြင်ဧရိယာတစ်ခုလုံး တိုက်ပွဲဖြစ်နေတယ်” ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဇူလိုင် ၁၆ ရက်က ကျောက်မဲမြို့အနီး ခိုမုန်းရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု နမ့်ခုံးပရဟိတအသင်းထံမှ သိရသည်။
ထို့ပြင် ယမန်နေ့ညက မြို့အရှေ့ဘက်ရှိ တိုက်ပွဲပြင်းထန်နေသည့် အေးရှာဝေါလ်တိုးဂိတ်အနီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ပေါင်းမောင်းရွာမှ ဒေသခံတစ်ဦး ဒဏ်ရာရခဲ့သည်ဟု နမ့်ခုံးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနေ့ညကတော့ ပေါင်းမောင်းရွာနားမှာ လေယာဉ်ပျံနဲ့ ကြဲတာ ထိိခိုက်မှုရှိတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့က သွားလို့မရဘူး” ဟု အဆိုပါ တာဝန်ခံက ပြောသည်။
ကျောက်မဲမြို့ နမ့်ခုံးပရဟိတအသင်း၏ အချက်အလက်များအရ တိုက်ပွဲအတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်မဲမြိုခံ့များ သေဆုံးခဲ့ရာတွင် ယနေ့အထိ သေဆုံးသူပေါင်း ၇၀ ခန့်ရှိနေပြီဖြစ်သည်ဟု သိရသည်။
ရှမ်းမြောက်တွင် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း တအာင်းတပ်(TNLA)နှင့် ကိုးကန့်တပ်(MNDAA)တို့က ထုတ်ပြန်ခဲ့သော်လည်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ မြောက်ပိုင်းမဟာမိတ်တပ်များ၏ ပစ်ခတ်မှုတို့ ဆက်ရှိနေသည်။
ဇွန် ၂၅ ရက်မှ ပြန်စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် နောင်ချိုမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ရှမ်းမြောက်ရှိ ကျောက်မဲ၊ မိုးမိတ်၊ လားရှိုးမြို့နယ်များနှင့် မန္တလေးတိုင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်။