သတင်း

AA ထိန်းချုပ်ထားသည့် သံတွဲမြို့ကို စစ်တပ် ဗုံးကြဲ

သံတွဲမြို့အတွင်း AA ဝင်ရောက်လာပြီး စစ်ကောင်စီလက်နက်ကိုင်တို့ကို လိုက်လံရှင်းလင်းနေသည်၊ AA ရှိနေသည့် ထိုမြို့ကို လေတပ်၊ ရေတပ်တို့က ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်ပြီး ဇူလိုင် ၁၆ တွင် လေတပ်က ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

AA သည် ဇူလိုင် ၁၂ ရက်၊ ညနေပိုင်းကပင် သံတွဲမြို့အတွင်း ဝင်ရောက်လာကာ မြို့ထဲရှိ စစ်ကောင်စီ တပ်သားများကို တိုက်ထုတ်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားနိုင်သည်မှာ ၅ ရက်ခန့် ကြာမြင့်နေပြီဟု ဆရာတော်တစ်ပါးက ယမန်နေ့က မိန့်သည်။

“မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေမရှိတော့ဘူး။ မြို့ကို AA က ထိန်းချုပ်လို့ရပြီလို့ ပြောလို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။

မြို့ထဲမှ စစ်ကောင်စီတပ်သားများ ကျေးလက်ဒေသသို့ ဆုတ်ခွာ ထွက်ပြေးနေကြရာ AA က လိုက်လံ ချေမှုန်းနေသည်ဟု ဒေသခံတို့က ဆိုကြသည်။

မြို့ကို လက်လွှတ်လိုက်ရသော စစ်ကောင်စီ၏ လေတပ်၊ ရေတပ်တို့က မြို့ပေါ်ကို ပစ်ခတ် တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

“ဇူလိုင် ၁၆ ကလည်း မြို့ထဲမှာ လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ သိရပါတယ်။ စစ်ရှောင်ဖို့ ထွက်လာကြတဲ့ ပြည်သူတွေဆီပါ” ဟု ၎င်းက ဆက်ပြောသည်။

“မြို့ထဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီကတော့ တချို့ရွာဘက်တွေမှာ စခန်းငယ်တွေလုပ်ပြီးရှိနေလို့ AA နဲ့ တိုက်ပွဲဖြစ်နေတယ်။ အဲဒါတွေကို အားလုံးရှင်းပြီးမှ တစ်မြို့နယ်လုံးကို သိမ်းလို့ရနိုင်တယ်လို့ ပြောနိုင်မယ်”

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် သံတွဲမြို့ထဲရှိ အရပ်သားများကို AA က ဇူလိုင် ၁၅၊ ၁၆ တို့တွင် ကယ်ထုတ်ခဲ့ပြီး ဘေးလွတ်ရာနေရာများသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

သံတွဲမြို့ မကျစေရေးအတွက် စစ်ကောင်စီသည် ဇူလိုင် ၁၂ ရက်က ဧရာဝတီတိုင်းမှ စစ်ကား ၁၂ စီးဖြင့် စစ်ကူပို့ထားသည်ဟု AA ဘက်ယိမ်းသည့် အာရက္ခမင်းသမီးမီဒီယာက ဖော်ပြသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။ စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။

AA က သံတွဲအခြေစိုက်တပ်ရင်းနှစ်ခုဖြစ်သည့် ခမရ ၅၆၆ ကို ဇွန် ၂၇၊  ခလရ ၅၅ ကို ဇူလိုင် ၉ တွင် သိမ်းပိုက်ခဲ့သည်၊ စစ်ကူရောက်လာသည့် တပ်များကိုလည်း တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ်၊ ရေစင်ကျေးရွာနှင့် ဂွေ့ချောင်းကျေးရွာကြားတွင် ဧပြီ ၁၃ က ခလရ ၅၅ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ သံတွဲမြို့သိမ်းတိုက်ပွဲ စတင်လာခြင်းဖြစ်သည်။

မေ၊ ဇွန်လများတွင် နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ နေ့တိုင်းနီးပါး ပြင်းထန်နေခဲ့သည်။ ဇွန်လအတွင်းနှင့် ဇူလိုင်လ ပထမပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန် ဖြစ်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

လေဆိပ်အပါအဝင် တပ်ရင်းနှစ်ရင်းကို ထိန်းချုပ်ပြီးဖြစ်သဖြင့် စစ်ဗိုလ်ချုပ်များ၊ ဆက်စပ်သူများ၏ စီးပွားရေးလုပ်ငန်းများရှိနေသည့် သံတွဲမြို့နယ်သည် AA လက်ထဲ မကြာမီ ရောက်သွားနိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

ဇူလိုင် ၁၁ တွင် လေတပ်က သံတွဲရှိ ဆက်သွယ်ရေးတာဝါတိုင်ကို ဗုံးကြဲဖျက်ဆီးခဲ့ပြီးနောက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် AA သည် မောင်တောမြို့နယ်ရှိ တစ်ခုတည်းသော လက်ကျန်တပ်ဖြစ်သည့် နခခ ၅ (မြို့သူကြီး) နယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်လျက်ရှိသည်။

ဇူလိုင် ၁၄  ရက်တွင် AA က ကညင်ချောင်းစီးပွားရေးဇုန်တွင် တပ်စွဲထားသည့် စစ်ကောင်စီ လက်နက်ကိုင်များကို တိုက်ခိုက်ခဲ့ပြီး ထိုဇုန်ကို သိမ်းပိုက်ထားသည်ဟု မောင်တောဒေသခံတစ်ဦးက အတည်ပြုသည်။

ရခိုင်ပြည်နယ်တွင် AA ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို လက်လွှတ်ထားရသည်။

AA က အမ်း၊ မောင်တောရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာသည်။ စစ်တွေကိုလည်း  ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည်။

Show More

Related Articles

Back to top button