ကမ္ဘာ့နာမည်ကျော် ငပလီကမ်းခြေတည်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်း အာရက္ခတပ်တော်(AA) က ယမန်နေ့ (ဇူလိုင် ၁၂) ညနေပိုင်းမှစတင်၍ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ပြီး သံတွဲထောင် လက်နက်ကြီးကျ၍ သေဆုံးသူများရှိနေသည်ဟု သိရသည်။
နေ့လယ်ပိုင်းတွင် စစ်ကောင်စီ ရေတပ်နှင့်လေတပ်တို့က မြို့ပေါ်သို့ ပစ်ခတ်ခဲ့ပြီး လက်ရှိတွင်လည်း ထိုသို့ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ယမန်နေ့ ညနေပိုင်းက ပြောသည်။
“အခု မြို့ထဲတိုက်ပွဲဖြစ်နေတယ်။ ဘယ်နေရာတွေဆိုတာ ပြောလို့မရသေးပါ။ သံတွဲထောင်အတွင်း လက်နက်ကြီး ကျတယ်။ စကစနဲ့အကျဥ်းသားအချို့ထိခိုက်တယ်။ ထောင်ပွင့်သွားတယ်။ န်ိုင်ငံရေး အကျဥ်းသားအချို့ ပိတ်မိ နေတယ်”ဟု ၎င်းက ဆိုသည်။
အကျဥ်းသူ ၂ ဦးမှာ ထောင်အဝတွင် ကျည်ဆန်ထိမှန်၍ သေဆုံးနေသလို စာတိုက်ရှေ့တွင်လည်း အလောင်း ၂ လောင်း တွေ့ထားသည်၊ သိုသော်လည်း တိုက်ပွဲဖြစ်နေသောကြောင့် အလောင်း မကောက်နိုင်သေးဟု ကူညီကယ်ဆယ်ရေးသမားများက ဆိုသည်။
လက်နက်ကြီးကျမှုကြောင့် သံတွဲအကျဥ်းထောင် အုတ်နံရံများ ပွင့်ထွက်သွားပြီး အကျဥ်းသားတချို့ လွတ် မြောက်သွားသည်၊ အသေးစိတ်အခြေအနေမသိရသေးဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
လတ်တလောတွင် သံတွဲမြို့နယ်အတွင်း ဖုန်းလိုင်း၊အင်တာနက်လိုင်းပြတ်တောက်နေသည်။ သံတွဲ မြို့တွင်းတိုက်ပွဲသတင်းရရန် Myanmar Now က ကြိုးစားနေသော်လည်း အသေးစိတ်အခြေအနေ ကို မသိရှိရသေးပေ။
မြို့ထဲရှိ စစ်သားတချို့သည် ဂွမြို့ဘက်သို့ ယမန်နေ့က တပ်ဆုတ်သွားကြကြောင်း၊ စစ်ကောင်စီဘက် က လေတပ် ဖြင့် အားပြုခုခံခဲ့သလို သပြုချိုင်ဘက်ကမ်း၊ ကွမ်းဝိုင်းရွာ ရေငုပ်လေ့ကျင့်ရေးကျောင်း ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
မြို့ထဲတွင် အရပ်သား ၂၀ ရာခိုင်နှုန်းခန့်ပိတ်မိနေပြီး အကာအကွယ်ရှိသောနေရာများတွင် နေကြရန် နှင့် တိုက်ပွဲအတွင်း မြို့အဝင်အထွက် မလုပ်ကြရန် AA က သတိပေးထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
သံတွဲမြို့မှ ၅ မိုင်ကျော်ခန့်အကွာ မြပြင်ကျေးရွာအနီး စစ်ကူလာသော စစ်ကောင်စီတပ်သား ၂၀၀ ခန့် နှင့်လည်း AA တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ဇူလိုင်လ ၁၁ ရက်ညသန်းခေါင်တွင် လေတပ်က ဗုံးကြဲပစ်ခတ်ခဲ့၍ သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်ရှိ အထက (၂) စာသင်ကျောင်း အပါအဝင် နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ရခိုင်ဒေသ သတင်းများ တင်ဆက်နေသော အာရက္ခမင်းသမီးမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။ သံတွဲမြို့ခံအများအပြား စစ်ရိပ်သမ်းစဉ်ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည်။

AA က သံတွဲမြို့ အခြေစိုက်တပ်ရင်းနှစ်ခုဖြစ်သည့် ခမရ ၅၆၆ ကို ဇွန် ၂၇ ရက်နေ့၊ ခလရ ၅၅ ကို ဇူလိုင် ၉ ရက်နေတို့တွင် သိမ်း ပိုက်ခဲ့သလို စစ်ကူပို့ထားသည့်တပ်အများအပြားကိုလည်း ချေမှုန်း နိုင်ခဲ့သည်ဟု သိရသည်။
မြို့နယ်အတွင်း တိုက်ပွဲများမှာ ရေစင်ကျေးရွာနှင့် ဂွေ့ချောင်းကျေးရွာကြားတွင် ဧပြီ ၁၃ က ခလရ ၅၅ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ အစပြုခဲ့သည်။
တိုက်ပွဲများမှာ မေ၊ ဇွန်လတို့တွင် နေ့တိုင်းနီးပါးပြင်းထန်နေခဲ့သည်။ ဇွန်လအတွင်းနှင့် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်း ထန်ဆုံးနှင့် အမြင့်ဆုံး ဖြစ်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
လေဆိပ်အပါအဝင် တပ်ရင်းနှစ်ရင်းကို ထိန်းချုပ်ပြီးဖြစ်သဖြင့် စစ်ဗိုလ်ချုပ်များ၊ ၎င်းတိုနှင့် ဆက်စပ် သူများ၏ အကျိုးစီးပွားရှိနေသည့် သံတွဲမြို့နယ်သည် AA လက်ထဲ မကြာခင်ရောက်တော့မည်ဟု ဒေသခံများက ယူဆနေကြသည်။
စစ်ကောင်စီတပ်ဘက်မှ ဆုတ်ခွာသွားသူများ၊ စစ်ကူလာသူများ၊ သံတွဲမြို့ထဲမှ လက်ကျန် စစ်သားများသည် သံတွဲမြို့နှင့် မြို့အနီးဝန်းကျင်တွင် ခုခံရန် ပြင်ဆင်နေကြောင်း၊ သံတွဲမြို့ တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက် ထိုးစစ်ဆင်မည်ဖြစ်ကြောင်း AA က ဇူလိုင် ၁၁ တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။
သံတွဲမြို့နှင့် ၄ မိုင်အကွာတွင် ငပလီကမ်းခြေရှိပြီး ၇ မိုင်ခန့်အကွာတွင် လေဆိပ်ရှိသည်။ သံတွဲခရိုင် ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိစာရင်းများအရ လူဦးရေ တစ်သိန်း တစ်သောင်းကျော် ရှိကာ မြို့ပေါ်နေဦးရေ သုံးသောင်းငါးထောင်ကျော်ရှိ၍ မြို့ပေါ် ရပ်ကွက် ၇ ခု ရှိသည်။
လက်ရှိတွင် AA သည် မောင်တောမြို့နယ်ရှိ တစ်ခုတည်းသော လက်ကျန်တပ်ဖြစ်သည့် နခခ ၅ (မြို့သူကြီး) နယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသလို အမ်းမြို့သိမ်းတိုက်ပွဲ လည်း ပြင်းထန်နေသည်။
ရခိုင်ပြည်နယ်တွင် AA ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များအကြီးအကျယ်ရှုံးနိမ့်နေကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို လက်လွှတ်ထားရသည်။
လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။ ကျောက်ဖြူမြို့နယ် တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာကာ စစ်တွေကိုလည်း AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်သည်။




