သတင်း

ပုလောတွင် စစ်ကောင်စီဗိုလ်မှူး သေပြီးနောက် စစ်ရေးပြင်းထန်နေ

ဗိုလ်မှူး ၁ ဦး၊ တပ်ကြပ် ၄ ဦး သေဆုံး၊ ၂ ဦး အရှင်ဖမ်းခံရပြီးနောက် စစ်တပ်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့သည့် ရွာအနီး ဆက်ရှိနေသည်ဟု ဆိုသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်ကြပ်တချို့ တိုက်ပွဲတွင် သေပြီးနောက် ဒေသတွင်း စစ်ရေး ဆက်လက် ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့တချို့က ဆိုသည်။

နှစ်ဖက်တပ်များ ပုလောမြို့ မြောက်ဘက် ၅ မိုင်ရွာအနီးတွင် လှုပ်ရှားနေကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပုလော၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

“သူတို့ဘက်က ထပ်တိုးလာတာမျိုးတော့ မရှိဘူးခင်ဗျ။ စစ်ရေးကတော့ တင်းမာနေဆဲ အနေအထားမှာ ရှိနေပါသေးတယ်” ဟု သူက ဆိုသည်။

၅ မိုင်ရွာသည် ပုလောမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မြိတ်-ထားဝယ်ကားလမ်းပေါ်က ထမင်းမစားရွာနှင့် မဝေးသည့်နေရာတွင် ရှိသည်။

ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ သည် ဇူလိုင်လ ၁၀ ရက်တွင် ၅ မိုင်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်လာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့သည်။

ဇူလိုင်လ ၁၀ ရက် နေ့လယ် ၁၂ နာရီတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်၊ ပစ်ခတ်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ကူပေးမှုများရှိခဲ့သော်လည်း ညနေ ၅ နာရီတွင် တိုက်ပွဲပြီးဆုံးသွားသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး သက်ထွန်းအောင်၊ တပ်ကြပ်ကြီး ခင်မောင်သိန်း၊ တပ်ကြပ် ခိုင်လင်းအောင်၊ တပ်ကြပ် တင်စိုး၊ ဒု-တပ်ကြပ် သန်းဦးမြင့်တို့ သေဆုံးကြောင်း တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

ထို့ပြင် တော်လှန်ရေးတပ်များက တပ်ကြပ် မောင်ဖြူနှင့် တပ်ကြပ် မြမောင်တို့ကို အရှင်ဖမ်းမိလိုက်သည်ဟု သိရသည်။

၆၀ မမ စိန်ပြောင်း ၁ လက်၊ MA-2 အပေါ့စား စက်သေနတ် ၂ လက်၊ MA-3 ရိုင်ဖယ် (၃)လက် ၊ MA-1 ရိုင်ဖယ် ၁ လက်နှင့် ခဲယမ်းများလည်း တော်လှန်ရေးအင်အားစုက ရလိုက်သည်။

တိုက်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)  တပ်ရင်း (၇) တပ်ခွဲ(၅)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ပုလောဒေသကာကွယ်ရေးတပ် (PRDF) တို့ပါဝင်ကြောင်း (PDF) ပုလောက ဇူလိုင်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း PRDF မှ ရဲဘော် ၁ ဦး သေဆုံးသည်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော် ၁ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

ဗိုလ်မှူးနှင့် တပ်ကြပ် ၄ ဦး သေဆုံးပြီး တပ်ကြပ် ၂ ဦး သုံ့ပန်းဖြစ်သွားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်မှာ ၅ မိုင်ရွာအနီးတွင်ပင် ဆက်ရှိနေဆဲ ဖြစ်ကြောင်း PDF ပုလော ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ဆိုသည်။

ထို့ကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် အခြေအနေရှိနေသည်။

ဆက်လက်၍ ရဲဘော်အာနိုးက ပုလောမြို့မြောက်ဘက်တွင် စစ်ကောင်စီတပ်ကို တိုက်နေသည့်နေ့မှာပင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း ပုလောမြို့တောင်ဘက် မီးလောင်ချောင်းရွာက စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

စစ်ကောင်စီတပ်သည် မြိတ်မြို့မှ စစ်ကူတပ်အင်အား ရာနှင့်ချီကို ပုလောမြို့ပေါ်ရှိ မြို့တော်ခန်းမအပါအဝင်၊ ခလရ (၂၈၅) တပ်ရင်းနှင့် ပုလော တောင်ဘက်ရှိ ပလမြို့ ရဲစခန်းတို့၌ ဇူလိုင်လ ပထမပတ်တွင် အင်အားတိုးထားပြီးနောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ရဲဘော်အာနိုးက ရှင်းပြသည်။

စစ်ကောင်စီကမူ ထိုဒေသ တိုက်ပွဲအခြေအနေများကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မြိတ်မြို့တွင် နေထိုင်သည့် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးကလည်း မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်နေသဖြင့် ဇူလိုင်လ ၁၀ ရက်ကတည်းက ကားလမ်းများ ပိတ်ထားခဲ့သည်ဟု ဆိုသည်။ ၃ ရက်အကြာ ဇူလိုင်လ ၁၂ ရက်တွင် ကားလမ်းပြန်ပွင့်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

မေလကလည်း မြို့နယ်မြောက်ဘက် မြိတ်-ထားဝယ် ကားလမ်းမပေါ်ရှိ ပဲဒက်ရွာဝန်းကျင်တွင် တိုက်ပွဲများဖြစ်ခဲ့ရာ ၄ ရက်နီးပါး ကားလမ်းပိတ်ခဲ့သည်။

တိုက်ပွဲပြီးသည့်နောက်တွင် တော်လှန်ရေးတပ်ဘက်က လမ်းပြန်ဖွင့်ပေးခဲ့သည်။

Show More

Related Articles

Back to top button