သတင်း

လားရှိုး ခမရ (၅၀၇) လက်မလွှတ်ရရေးအတွက် စစ်ကောင်စီ အပြင်းအထန် ခုခံ

တိုင်းစစ်ဌာချုပ်တစ်ခုလုံး အခြေစိုက်သော လားရှိုးမြို့ကို လက်လွှတ်ရပါက စစ်ကောင်စီသည် မြန်မာ -တရုတ် နယ်စပ်မြို့ မူဆယ်အပါအဝင် ရှမ်းမြောက်မှမြို့များကို လက်လွှတ်ရနိုင်ဖွယ်ရှိနေသည်။

စစ်ကောင်စီထိန်းချုပ်သော မြန်မာ-တရုတ်နယ်စပ်ထွက်ပေါက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အမှတ် (၅၀၇) ခြေမြန်တပ်ရင်းအနီး တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံနေသည်ဟု မြို့ခံများက ပြောကြသည်။

လားရှိုးမြို့၊ မန်အိုင်ရပ်၊ အမှတ် (၅) ရပ်ကွက်တောင်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ခမရ (၅၀၇) စခန်းကို ကိုးကန့်တပ် (MNDAA) ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်နေရာ ဇူလိုင် ၇ ရက် ညတွင် သိမ်းရမိခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အများအပြားသုံးကာ စခန်းနေရာ ပြန်လည်ရယူခဲ့သည်။

သို့ရာတွင် ခမရ (၅၀၇) ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ် (MNDAA) ၏ ဦးစီးဌာနမှူးတစ်ဦးက ပြောသည်။

“တိုက်ပွဲက မဖြစ်သေးဘူး ရပ်တန့်နေတယ်။ ခမရ ၅၀၇ က ရသွားပြီး နှစ်ရက် သုံးရက်လောက်ရှိပြီနော်။ တိုက်ပွဲဖြစ်တဲ့နေရာက ပတ်လည် ဝိုင်းဝိုင်းကြီး၊ လားရှိုးမြို့ပတ်လည်မှာ ဖြစ်နေတာ၊ သိမ်းတော့မှာပါ နည်းနည်းပဲ ကျန်တော့တယ် အားလုံးရတော့မှာပါ။ အလယ်မှာပဲ ကျန်တော့တယ်၊ ခလရ (၆၈) ကျန်နေသေးတယ်” ဟု ရန်ဦးစီးဌာနမှူးဟု ဖော်ပြသည့် ၎င်းက Myanmar Now ၏ မေးမြန်းမှုကို ပြောသည်။

လားရှိုးမြို့ ပတ်လည်တွင် ခမရ (၅၀၇) အပါအဝင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ ရမခ လက်အောက်ခံ ခလရ (၆၈)၊ သိန္နီအခြေစိုက် အမှတ် (၁၆) ခြေလျင်တပ်မဟာ လက်အောက်ခံ ခမရ (၅၂၂) တပ်တို့ ရှိနေသည်။

ခမရ (၅၀၇) ကို ရပြီးနောက် ကျန်တပ်များကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရဦးမည်ဖြစ်သော်လည်း လတ်တလောတွင် စစ်ရေးအရှိန် ခဏလျှော့ချထားကြောင်း၊ ယနေ့တွင် တိုက်ပွဲရပ်တန့်ထားကြောင်း ထိုသူက ဆက်ပြောသည်။

“ပြည်သူတွေကို နည်းနည်းရှောင်ခိုင်းဦးမယ်၊ အခုက နည်းနည်းထပ်သိမ်းရဦးမယ်လေ၊ အထဲမှာလည်း ပြည်သူတွေကို နည်းနည်း ရှောင်ခိုင်းရဦးမယ်” ဟု ထိုသူက ဆိုသည်။

MNDAA က စစ်ကောင်စီ၏ ခမရ ၅၀၇ တပ်ကို ရရှိပြီဟု ဆိုသော်လည်း လေကြောင်းအပြင်းအထန် တိုက်ခိုက်ခဲ့၍ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မြို့ခံများကလည်း ဆိုကြသည်။

စစ်ကောင်စီကို အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ခမရ ၅၀၇ ကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇူလိုင် ၈ ရက်တွင် ဖော်ပြထားကြသည်။

ထို ခမရ (၅၀၇) တပ်ရင်း ကျသွားမှသာ လားရှိုးမြို့ပေါ်သို့ မဟာမိတ်တပ်များ ဝင်ရောက်နိုင်မည်ဖြစ်ပြီး လားရှိုးလေဆိပ် အနောက်တောင်ဘက်ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။

ယမန်နေ့ (ဇူလိုင် ၁၀) ကလည်း အထက်ပါနေရာအနီး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။

“(ခမရ) ၅၀၇ ကို လေယာဉ်နဲ့လည်း ကြဲတယ်။ ဆင်တောင်တပ်ကနေပြီး လက်နက်ကြီးတွေနဲ့ထုတယ်။ ဒီကနေ့အထိ လေယာဉ်နဲ့ လာကြဲတာ ၆ ခေါက်လောက်တော့ ရှိပြီ။ အခြေအနေဆိုးတဲ့နေ့ဆိုရင် လာကြဲတယ်။ အနည်းဆုံး ၂ ရက်လောက်တော့ လာကြဲသွားတယ်” ဟု ထိုသူက ယမန်နေ့က ပြောသည်။

ဆက်လက်၍ “လက်နက်ကြီးကတော့ နေ့တိုင်းပစ်တယ်။ ကင်းထောက်လေယာဉ်နဲ့ ဝဲပြီး မြေပြင်အနေအထားကို ကြည့်ပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာ။ တကယ်လို့ ၅၀၇ ကျိုးသွားပြီဆိုရင် မြို့ထဲကို ဝင်ဖို့ ရာခိုင်နှုန်းများတယ်။ ၅၀၇ က အဓိက Main ပေါ့။ တပ်အနည်းဆုံးရှိတဲ့ဘက်လို့ ပြောလို့ရတယ်“ ဟု ထိုသူက ပြောသည်။

ယမန်နေ့ ညတွင် ကပ်လျက်ရှိသော အမှတ် (၅) ရပ်ကွက်နှင့် (၆) ရပ်ကွက်တောင်ဘက် မန်အိုင်ရွာအနီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားရသည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲသွားကြောင်းလည်း လားရှိုးဒေသခံများထံမှ သိရသည်။

လားရှိုးမြို့အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ နမ့်ပေါင်တိုက်နယ်ရှိ စစ်ကောင်စီတပ် အမှတ် (၂၉၁) ခြေလျင်တပ်ရင်းဌာနချုပ်ကိုလည်း ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ထားခဲ့ပြီဖြစ်ကြောင်း MNDAA ထံမှ သိရသည်။

လားရှိုးမြို့နှင့် စစ်ကောင်စီအခြေစိုက်တပ်များပြမြေပုံ။

မြို့နှင့် ၂၈ မိုင်ခန့်ဝေးသည့် နမ့်ပေါင်ကျေးရွာဒေသခံများမှာ တိုက်ပွဲများအကြား ပိတ်မိနေ၍ စားစရာများ ပြတ်လပ်နေပြီး သွားရောက်အကူအညီပေးနိုင်ရန် ခက်ခဲနေသည်ဟု လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။   

“နမ့်ပေါင်ရွာကို MNDAA က ထိန်းချုပ်ထားတယ်။ MNDAA ထိန်းချုပ်နယ်မြေဖြစ်သွားပြီ။ နမ့်ပေါင်မှာ လုံးဝ စားနပ်ရိက္ခာပြတ်လပ်သွားပြီ။ ဆန်လည်း လုံးဝမရှိတဲ့ အနေအထားဖြစ်နေတယ်ဆိုပြီး အကူအညီတွေ တောင်းလာတယ်။ ကျွန်တော်တို့ကလည်း မြို့ပြင်ထွက်လို့မရဘူး။ ပြန်ဝင်ဖို့ ခက်တယ်။ ထောက်ခံစာတွေ လိုအပ်တယ်။ စစ်တပ်ဘက်က MNDAA ဝင်လာမှာစိုးလို့ လုံခြုံရေးတင်းကျပ်ထားတယ်” ဟု လူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးက ဆိုသည်။

ဇူလိုင် ၂ ရက် ညသန်းခေါင်ယံတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က လားရှိုးမြို့ဝန်းကျင် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းကို တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

စစ်ကောင်စီ၏ ရမခရှိသော လားရှိုးမြို့တွင် စစ်ကောင်စီတပ်စခန်းများသည် လူနေရပ်ကွက်များနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် နှစ်ဖက်တိုက်ပွဲများအကြား လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိကာ လူသေဆုံးထိခိုက်မှုများ ရှိနေသည်။

လားရှိုးမြို့လူနေရပ်ကွက်များတွင်လည်း လက်နက်ကြီးများ ဆက်တိုက်ကျရောက်ပေါက်ကွဲလျက်ရှိပြီး ယမန်နေ့က အမှတ် (၉) ရပ်ကွက်တွင်  လက်နက်ကြီးကျ၍ အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဇူလိုင် ၈ ရက်အထိ စာရင်းများအရ လားရှိုးမြို့ပေါ်ရပ်ကွက်အများစုတွင် နှစ်ဖက်လက်နက်ကိုင်တပ်များ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သားဒေသခံ ၂၀ ဦးကျော် သေဆုံးခဲ့ရကာ စာရင်းအတိအကျရရန် ခက်ခဲနေသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် ရှမ်းနှင့် မန္တလေးအစပ်တွင် TNLA က ထိုးစစ်ဆင်နေချိန် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA တပ်များ ဦးဆောင်တိုက်ခိုက်နေသည်။

တိုက်ပွဲများ စတင်ဖြစ်ပွားသည့်နေ့မှစ၍ ယနေ့အချိန်ထိ လားရှိုးမြို့တွင်းသို့ ကိုးကန့်တပ်များ ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း လားရှိုးမြို့ခံများက ပြောသည်။

“အခုလေးတင် ကျွန်တော်တို့နားမှာ ရပ်ကွက် (၁၀) (ရမခ အနောက်ဘက်ရှိ ရပ်ကွက်) မှာ စကစ အမြောက်တပ်ကနေ မြို့စွန်မြို့ဖျားဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတယ်။ မြို့နားကပ်မှာစိုးလို့ တပ်လှန့်နေတဲ့ပုံစံပေါ့” ဟု မြို့ခံနောက်တစ်ဦးက ဆိုသည်။

လားရှိုးနှင့် အနီးတစ်ဝိုက်မြို့များကို ယခုနှစ်ဆန်းကတည်းက မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားရာ နယ်စပ်ထွက်ပေါက် လားရှိုးတွင် ယခုနှစ် ဇွန်လဆန်းက မြောက်ပိုင်းတပ် TNLA နှင့် စစ်ရေးပြန်တင်းမာလာရာ ထိုစဉ်ကတည်းက စစ်ကောင်စီက စစ်ရေးပြင်ဆင်ထားသည်။

စစ်ရေးပြင်းထန်နေသည့် လားရှိုးတွင် မြို့ခံများ စွန့်ခွာ

စစ်အင်အားအများဆုံး ဖြည့်တင်းကာ ခံစစ်ပြင်ထားသော စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲကာလ ကြာရှည်နိုင်သောကြောင့် ဒေသခံများအနေဖြင့် မြို့ကို စွန့်ခွာတိမ်းရှောင်သင့်သည်ဟု လူမှုကူညီရေးအသင်းများက ပြောသည်။

“တိုက်ပွဲတွေကြာမယ့် အနေအထားရှိတယ်။ လားရှိုးက ဝင်ပေါက်တွေအများကြီးရှိတာဆိုတော့ ခက်ခဲမယ့်အနေအထားရှိနိုင်တယ်။ လားရှို့အရှေ့မြောက်ဘက် မိုင်းယော်ဘက်ထွက်တဲ့ဘက်မှာ ခလရ ၆၈ ဘက်မှာလည်း MNDAA က နေရာယူထားပြီ လက်နက်တွေလည်း ဖြည့်ထားပြီလို့ ကြားတယ်။ ဘယ်နေ့ဝင်တိုက်မလဲတော့ မသိဘူး” ဟု လားရှိုးဒေသခံ အခြားတစ်ဦးက ဆိုသည်။

လူသူကင်းမဲ့နေသည့် လားရှိုးမြို့တွင်းတစ်နေရာကို ယမန်နေ့ ဇူလိုင် ၁၀ က တွေ့ရစဉ်။ (ဓာတ်ပုံ- Freedom Youth Volunteers-FYV)

မြို့နေလူထု သုံးပုံတစ်ပုံခန့် တိမ်းရှောင်သွားပြီးဖြစ်သည့် လားရှိုးမြို့တွင် ယနေ့ နံနက်ကလည်း မြို့ကို စွန့်ခွာတိမ်းရှောင်သူများ ရှိနေဆဲဖြစ်ပြီး အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ထွက်ခွာကြသည်ဟု သိရသည်။

“မနေ့ညကလည်း လက်နက်ငယ်သံတွေကြားရတော့ ဒီမနက်လည်း မြို့ပေါ်ကနေ ဆက်ပြီးထွက်ခွာနေတယ်။ အလံဖြူတွေ တလူလူထောင်ပြီးတော့ တော်တော်များများ ပြေးကြတယ်။ မနေ့ကလည်း အလှူရှင်ရှိလို့ လားရှိုးကနေ တောင်ကြီးကို ကား ၈ စီးနဲ့ အပြည့်စီစဉ်ပေးလိုက်တယ်။ (တစ်စီးကို ၇ ယောက်နှုန်း) အယောက် ၆၀ ကျော်တယ်။ လက်လုပ်လက်စားတွေကို ဦးစားပေးပြီး စီစဉ်ပေးခဲ့တယ်” ဟု မြို့ကို စွန့်ခွာရန် အခက်အခဲရှိသူများကို ကူညီပေးနေသည့် လားရှိုးအခြေစိုက် ပရဟိတအသင်းတာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့ပေါ်တွင် ဆေးဆိုင်၊ ဆေးရုံများ ပိတ်ထားသည့်အတွက်ကြောင့် ဆေးဝါးပြတ်လပ်မှုများလည်း ကြုံတွေ့နေရပြီး ကိုယ်ဝန်ဆောင်မိခင်များ အခက်ခဲများကြုံတွေ့နေရကြောင်းလည်း ကျန်ရှိနေဆဲ မြို့ခံများက ပြောသည်။

“ကိုယ်ဝန်ဆောင်တွေလည်း အခက်အခဲရှိနေတယ်။ ကလေးမွေးမဲ့နေရာလည်း ရှာမရဘူး။ OG ဆရာဝန်မရှိ။ ဆေးရုံကလည်း ပိတ်ထားတယ်။ ခွဲမွေး‌ပေးမဲ့ ဆရာဝန်မရှိဘူး။ ဒီနေ့ဆိုရင် ဆေးဆိုင်တွေ လုံးဝမဖွင့်တော့ဘူး။ ဘိုင်အိုဂျက်ဆစ် (အကိုက်အခဲပျောက်ဆေး) တောင် ရှာမရတော့ဘူး၊ ကုန်နေပြီ။ တော်တော်လေးကို ရှားတယ်” ဟု မြို့ခံတစ်ဦးကလည်း ပြောသည်။

လားရှိုးမြို့တွင် ကျန်ရှိနေသေးသည့် စစ်ဘေးရှောင် ၅၀၀၀ ဝန်းကျင်ခန့်သည် မြို့တွင်း အမှတ် (၇) ၊ (၈) ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသည့် စစ်‌ရှောင်စခန်းနှစ်ခု၊ မြို့ထဲနှင့် မြို့အနီးတစ်ဝိုက်ရှိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းခန့်တွင် ခိုလှုံနေသည်ဟုလည်း မြို့နယ်လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“လားရှိုးမြို့ထဲမှာ စစ်ရှောင်စခန်းလုပ်ထားတဲ့ ဆောက်လက်စ Shopping Mall နဲ့ ရပ်ကွက် (၈) မန်ဆူဟိုတယ်နောက်က ဆောက်လက်စတိုက်မှာ လူဦးရေ တစ်‌ထောင်ကျော်ရှိတယ်။ တချို့လူတွေက လက်နက်ကြီးသံငြိမ်သွားရင် သွားလိုက်ပြန်လိုက်လုပ်ကြတာမျိုးရှိတယ်” ဟု လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လားရှိုးတိုက်ပွဲများနှင့်ပတ်သက်၍ MNDAA ဦးဆောင်ကာ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ အရပ်သား သေဆုံးထိခိုက်သူ ၁၈ ဦးရှိကြောင်း ဇူလိုင် ၉ ရက်က ပြောထားသည်။

“ဇူလိုင်လ ၃ ရက်နေ့မှာ MNDAA ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေ၊ Drone တွေနဲ့ Drop Bomb ချ တိုက်ခိုက်တာတွေကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု ၎င်းက ပြောထားသည်။

ဆက်လက်၍ “ဇွန်လ ၂၅ ရက်နေ့မှာ TNLA ပူးပေါင်းအဖွဲ့ဟာ နောင်ချိုနဲ့ ကျောက်မဲဒေသတစ်ဝိုက်ရှိ လုံခြုံရေးစခန်းတွေနဲ့ နောင်ချို၊ ကျောက်မဲမြို့တွေကို တိုက်ခိုက်ခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုထားသည်။

TNLA ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ပူးပေါင်းတပ်များနှင့်အတူ ထိုးစစ်ဆင်နေရာ ယနေ့အထိ နောင်ချိုမြို့နှင့် မိုးကုတ်အနောက်ခြမ်းကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လားရှိုးမြို့သည် မြို့ပေါ် လူနေရပ်ကွက် ၁၂ ခုရှိပြီး လူဦးရေ တစ်သိန်းခြောက်သောင်းကျော်နေထိုင်ကာ ကုန်သွယ်ရေးအရ၊ စစ်ရေးအရ ဗျူဟာကျသော ကုန်းလမ်းဆုံရာမြို့လည်း ဖြစ်သည်။

လားရှိုးမြို့ အနောက်ဘက်တွင် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့ရှိပြီး တောင်ဘက်တွင် MNDAA သိမ်းထားသည့် သိန္နီမြို့ တည်ရှိသည်။ မြို့အရှေ့ဘက် မိုင်းယော်တိုက်နယ်ကို ထိန်းချုပ်သည့် မိုင်းကျက်တပ်စခန်းနှင့် မြောက်ဘက်ရှိ သီပေါမြို့အသွား လမ်းမကြီးကို TNLA က ထိန်းချုပ်ထားသည်။

စစ်ကောင်စီ၏ တိုင်းစစ်ဌာချုပ်တစ်ခုလုံး အခြေစိုက်သော လားရှိုးမြို့ကို လက်လွှတ်ရပါက မူဆယ်နယ်စပ်ဂိတ်ကိုလည်း လက်လွှတ်ရနိုင်ဖွယ်ရှိနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် မြောက်ပိုင်းတပ်များက တရုတ်နယ်စပ်ပေါက်အများစုကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button