သတင်း

မန္တလေးသို့ ဦးတည်နေသည့် မိုးကုတ်စစ်ရှောင်များ တိုက်ပွဲကြောင့် ထပ်မံပိတ်မိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် သောင်တင်နေသည့် မိုးကုတ်မြို့မှ စစ်ရှောင်များ ခရီးဆက်ထွက်ခွင့်ရသော်လည်း နေရာသစ်တွင် တိုက်ပွဲဖြစ်သဖြင့် ထပ်မံပိတ်မိနေသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းနှင့် လိပ်ကျကျေးရွာတို့တွင် သီတင်းတစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့သည့် မိုးကုတ်မြို့မှ စစ်ရှောင်များကို ယမန်နေ့ (ဇူလိုင် ၉ ရက်) က မန္တလေးဘက်သို့ သွားခွင့်ပေးလိုက်သော်လည်း တိုက်ပွဲများထပ်ဖြစ်နေသည့် စဉ့်ကူးမြို့နယ်အတွင်း ထပ်မံပိတ်မိနေသည်ဟု သိရသည်။

မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) စတင်ထိုးစစ်ဆင်ခဲ့သည့် ဇွန်လကုန်ပိုင်းကတည်းက မန္တလေးဘက်သို့ ဆင်းလာကြသည့် ထောင်ချီသည့် စစ်ရှောင်များမှာ တိုက်ပွဲဖြစ်နေခြင်း၊ စစ်ကောင်စီဂိတ်များက ဖြတ်သန်းခွင့် မပြုခြင်းတို့ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း သောင်တင်နေကြခြင်းဖြစ်သည်။

ယမန့်နေ့ နံနက်ပိုင်းတွင် စစ်ရှောင်များ သွားလာခွင့် ရလိုက်သော်လည်း မိုင်အနည်းငယ်သာ ရှေ့ဆက်ခွင့်ရခဲ့ပြီး စဉ့်ကူးမြို့နယ်အတွင်း ရောက်ချိန်တွင် ထပ်မံပိတ်မိသွားခြင်းဖြစ်သည်။

“နည်းနည်းပဲ သွားခွင့်ရလိုက်တယ်။ လိပ်ကျမှာ ပိတ်နေရာကနေ အခု စဉ့်ကူးထဲကို ရောက်နေပြီ။ တိုက်ပွဲဖြစ်နေတော့ ဆက်သွားလို့မရတော့ဘူး။ တိုက်ပွဲငြိမ်ရင်တော့ ဆက်သွားခွင့်ရမယ်လို့ မျှော်လင့်မိပါတယ်” ဟု မန္တလေး-မိုးကုတ် မော်တော်ယာဉ်ပြေးဆွဲနေသူ ကားသမားတစ်ဦးက ပြောသည်။

မန္တလေးသည် တိုက်ပွဲနယ်မြေနှင့် ဝေးကွာသည့်မြို့ကြီး ဖြစ်ခြင်းကြောင့် အများအပြားက သွားရောက်ခိုလှုံရန် ရွေးချယ်ကြခြင်း ဖြစ်သည်။

ကားနှင့်ဆိုင်ကယ်များစွာပါသည့် စစ်ရှောင်ယာဉ်တန်း အသုတ်လိုက်ခွဲပြီး သွားခွင့်ရခဲ့သည်၊ သို့သော်လည်း ထိပ်ဆုံးတွင်ရှိနေခဲ့သည့် ယာဉ်အနည်းငယ်သာ မန္တလေးသို့ ခရီးဆက်ခွင့်ရသဖြင့် ကျန်စစ်ရှောင်များ ပိတ်မိနေဆဲဖြစ်သည်ဟု ၎င်းက ထပ်ပြောသည်။

MDY-PDF နှင့် နယ်မြေခံ PDF ပူးပေါင်းတပ်များ စိုးမိုးထားသည့်၊ မိုင်းရှင်းလင်းပြီးသည့်နေရာများတွင် သွားလာခွင့်ရခဲ့သည်။

မိုင်းမရှင်းနိုင်သေးသည့်နေရာများတွင် သွားခွင့်မရသလို စစ်ကောင်စီ၏ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ရှိနေသေးသည့်နေရာများတွင်လည်း လမ်းပိတ်ထားကြောင်း သိရသည်။

တိုက်ပွဲများမှာ စဉ့်ကူးမြို့နယ် လက်ပန်လှရွာနှင့် စဉ့်ကူးမြို့ကြားနေရာများ၊ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာဝန်းကျင်တို့တွင်လည်း အပြင်းအထန်ဖြစ်နေကြောင်း သိရသည်။

မိုးကုတ်-မန္တလေးကားလမ်းအတိုင်း မိုးကုတ်မြို့သို့ ပြန်လိုသူများရှိသော်လည်း သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ပိတ်ထားသည်ဟု စစ်ဘေးရှောင်သူများကို ကူညီနေသူတစ်ဦးက ပြောသည်။

မိုးကုတ်၊ မိုးမိတ်ဘက်တွင်လည်း တိုက်ပွဲများ ရှိနေသည်။

တအာင်းတပ် (TNLA) နှင့် မဟာမိတ်တပ်များက မိုးကုတ်-မိုးမိတ်ကားလမ်း၊ မိုးကုတ်မြို့အထွက် (မိုးကုတ်အရှေ့ခြမ်း) ပိန်းပြစ်ကျေးရွာဝန်းကျင်မှ စစ်တပ်စခန်းများကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မိုးကုတ်တွင် TNLA, PDF တို့က မြို့အနောက်ခြမ်းကို ထိန်းချုပ်ထားပြီး ဖြစ်သည်။

၇ မိုင် ဝေးကွာသော၊ ဌာနဆိုင်ရာရုံးများ တည်ရှိသော မြို့အရှေ့ခြမ်းတွင် ကျန်ရှိနေသူများ စားသောက်ရေး ခက်ခဲနေသည်၊ စက်သုံးဆီစျေးလည်း မြင့်တက်နေသည်ဟု သိရသည်။

မိုးကုတ်တစ်မြို့လုံးကို တော်လှန်းရေးအင်အားစု ထိန်းချုပ်နိုင်လျှင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ပိတ်ဆို့ဖြတ်တောက်နိုင်မည်၊ TNLA ထိန်းချုပ် သိမ်းပိုက်ထားသည့် မိုင်းလုံမြို့နှင့် မိုင်းလုံ-မိုးကုတ် – စစ်ကိုင်းတိုင်းတို့အထိ နယ်မြေတစ်ဆက်တည်း တည်ရှိသွားမည် ဖြစ်သည်။

Show More

Related Articles

Back to top button