စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်များ အဆမတန်မြင့်တက်နေပြီး အထွေထွေရောဂါကုဆေးဝါးများ ပြတ်လပ်နေချိန် ရန်ကုန်တွင် ပြင်းထန်ဝမ်းရောဂါပိုး ပျံ့နှံ့နေပြီး ၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ကုသနေရသူ ရာနှင့်ချီရှိလာနေသည်။
ဇူလိုင် ၉ တစ်ရက်တည်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက် ကုသနေသူ ၆၄ ဦး ရှိနေသည်၊ ၇ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူများဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၀ ) က ထုတ်ပြန်သည်။
ရန်ကုန်တွင် ပြီးခဲ့သည့် ဇွန်အစောပိုင်းက ဝမ်းရောဂါပိုး စတင်ကူးစက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ပထမအပတ်အတွင်း ဝမ်းရောဂါပိုးကြောင့် ၁၀၇ ဦး၊ ဇူလိုင် ၉ နှင့် ၁၀ ရက်များတွင် လူနာသစ် ၁၂၄ ဦး စုစုပေါင်း ဆေးကုသမှုခံယူနေရသူ ၂၃၁ ဦးထိရှိလာပြီဖြစ်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များသည့် သာကေတနှင့် ဒေါပုံတွင် ရောဂါကူးစက်မှု လျော့ကျနေပြီဖြစ်ပြီး ရောဂါကာကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရန်ကုန်ရှိ စျေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ပေးနေသည်ဟု စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၉) က ထုတ်ပြန်ထားသည်။
သာမန်အချိန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ စိုးရိမ်ရန်စရာမလိုသော်လည်း အခြေခံဆေးဝါးများ ပြတ်လပ်နေရာ ရောဂါပိုးပျံ့နှံ့မှုနှုန်း ပိုမြင့်လာပါက လူများစွာ အသက်ဆုံးရှုံးနိုင်သည်ဟု ရန်ကုန်တွင် နေထိုင်သည့် ဆရာဝန်တစ်ဦးက သတိပေးသည်။
“ကျွန်တော်တို့ဆီမှာ ဆေးဝါးပြတ်လပ်မှုက တော်တော်ဆိုးနေတယ်။ ပြည်တွင်းကလူတွေ အခြေအနေက ဘာရောဂါမှ ဖြစ်လို့ မရတဲ့ အခြေအနေပါ။ အဲဒီလိုမျိုးအခြေအနေမှာက သတိထားမှ ရမယ်”
ပြီးခဲ့သည့် ဇူလိုင် ၃ က ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သဲကွင်းကျူးကျော်ရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ပွားနေသည့် သတင်းရ၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ရောဂါကူးစက်ခံထားရသူ ၁၂ ဦးတွေ့ ရှိခဲ့သည်၊ နွယ်အေးရပ်ကွက်မှ ၁ ဦးမှာ ခုခံအားကျဆင်းသည့် ကူးစက်ရောဂါကြောင့် သေဆုံးသည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၇ က ပြောဆိုထားသည်။
သာကေတမြို့နယ်တွင်လည်း ဝမ်းရောဂါကြောင့် သေဆုံး ၄ ဦးထိရှိသည်ဟု သာကေတမြို့နယ်ရှိ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
“လွန်ခဲ့တဲ့ ၄ ရက်လောက်ကတော့ ၃ ၊ ၄ ယောက်လောက် အသက်ဆုံးရှုံးသွားတယ်။ အနော်မာ ၁၄ လမ်းက တစ်ယောက်ပါတယ်။ တိုးချဲ့ ၂ လမ်းက တစ်ယောက်တော့ သိတယ်”
ထို့နောက် သာကတေမြို့နယ်ရှိ စျေးများကို ဇူလိုင် ၁၄ ရက်အထိ ပိတ်ခိုင်းထားသည်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်းပြီး ဝမ်းရောဂါကာကွယ်ဆေးများဖျန်းပေးသည်ဟုလည်း သိရသည်။
“တော်တော်များများတော့ ဖြစ်တယ်။ အသက်ကြီးပိုင်းတွေ ပိုခံရတဲ့ အနေအထားလေးတွေတော့ တွေ့ရတာပေါ့။ လူငယ်ပိုင်းတွေကတော့ သူ့ဟာသူ ခံနိုင်ရည်ရှိနေတော့ ဓာတ်ဆားသောက် ဘာသောက်နဲ့ အဆင်ပြေသွားတာပေါ့။ အသက်ကြီးပိုင်းတွေကတော့ ခံနိုင်ရည်မရှိတဲ့အခါကျတော့ ဆေးရုံရောက်သွားတဲ့ အဆင့်တွေ ဖြစ်သွားတာ” ဟု အထက်ပါ သာကေတမြို့နယ်မှ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုသည်။
ရန်ကုန်၏ လူနေထူထပ်သည့် လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင်လည်း ဝမ်းရောဂါ ဖြစ်ပွားနေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်စေနိုင်သည့် လမ်းဘေးစျေးဆိုင်များကို ဖွင့်ခွင့်မပြုဟု လှိုင်မြို့နယ်တွင် နေထိုင်သူ CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။
“လှိုင်မှာတော့ မနေ့ (ဇူလိုင် ၈) က ၂ ယောက် ဝမ်းရောဂါပိုးတွေ့လို့ ဆေးရုံတင်ရတယ်လို့ သိရသည်။ ရပ်ကွက်တွေမှာ စျေးတွေမှာ အသုတ်တို့ မုန့်ဟင်းခါးသည်တို့ကို ၅ ရက်လောက်ထိ ပိတ်ခိုင်းထားတယ်”
ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်နေသော လူနာ ၁၃၀ ဦးကို ယမန်နေ့ (ဇူလိုင် ၉) က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ကျနေပြီဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။