သတင်း

အိန္ဒိယ အင်ဖာထောင်မှ မြန်မာများ အစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း

လွတ်ရက်ကျော်နေသော မြန်မာပြည်သားများက အင်ဖာထောင်မှ လွတ်မြောက်ရေး၊ စစ်ကောင်စီလက်ထဲ မရောက်ရေး တောင်းဆိုနေပြီး အိန္ဒိယအစိုးရ၏ တုံ့ပြန်ချက် စောင့်ဆိုင်းစဉ် အစာငတ်ခံဆန္ဒပြမှု ရပ်နားထားသည်။

မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်တွင် လွတ်ရက်ကျော်နေသော မြန်မာနိုင်ငံသားများ အစာငတ်ခံဆန္ဒပြနေမှုကို ယာယီရပ်ဆိုင်းလိုက်ပြီး အိန္ဒိယဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်စောင့်ဆိုင်းနေကြောင်း ဒုက္ခသည်အရေး ကူညီပေးနေသည့် India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

ထိန်းသိမ်းခံထားရသူများထဲတွင် အာဏာမသိမ်းမီက အိန္ဒိယဘက်သို့ ဝင်ရောက်ပြီး ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသူများ၊ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် စစ်ဘေးရှောင်များ ပါဝင်သည်။

ထိုသူများ တရားမဝင်ဝင်ရောက်မှုဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံပြီးသည့်တိုင် ဆက်လက်ချုပ်နှောင်ခံထားရသည်။ ပြန်လွှတ်ပေးပါက စစ်တပ်လက်ထဲသို့ မလွှဲပြောင်းရန် ဇွန် ၁၆ ရက်ကစတင်ပြီး ရက် ၂၀ နီးပါး အစာငတ်ခံဆန္ဒပြခဲ့ကြသည်။

စစ်ကောင်စီလက်ထဲသို့ လွှဲပြောင်းပေးပါက လုံခြုံရေးအာမခံချက်မရှိသဖြင့် မိမိအစီအစဉ်ဖြင့် ပြန်ခွင့်ပြုရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ထိုတောင်းဆိုချက်များကို မဏိပူရ်အကျဉ်းထောင်အာဏာပိုင်များမှတစ်ဆင့် ဗဟိုအစိုးရသို့ တင်ပြပေးမည့် သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဇူလိုင် ၃ ရက်နေ့တွင် အစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်းလိုက်သည်ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

“သူတို့တောင်းဆိုချက်တွေကို မဏိပူရ်ပြည်နယ်အစိုးရက တိုက်ရိုက် အကောင်အထည်မဖော်ပေးနိုင်တဲ့အခါကျတော့ ဒီအချက်အပေါ် မဏိပူရ်ထောင်တာဝန်ရှိသူတွေက ဗဟိုအစိုးရကို တောင်းဆိုပေးဖို့ပေါ့။ ဒုတိယအကြောင်းအရင်းကတော့ ၁၈ ရက်တောင် ရှိလာတော့ သူတို့ ကျန်းမာရေးအခြေအနေ ထိခိုက်တာတွေရှိလာတယ်” ဟု သူက ဆိုသည်။

“ဒီမဏိပူရ်ထောင်တာဝန်ရှိသူတွေကနေ တောင်းဆိုချက်ကို ဗဟိုထံ တင်ပြနေတဲ့ကာလအတွင်းမှာ ယာယီရပ်နားတဲ့သဘောပါ”

ထိုတောင်းဆိုချက်များကို ချက်ချင်းဆောင်ရွက်မပေးနိုင်ပါက မဏိပူရ်ပြည်နယ်၊ ချာရာချန်ပူထောင် သို့မဟုတ် မီဇိုရမ်ပြည်နယ်ထောင်သို့ ပြောင်းရွှေ့ပေးရန် ထည့်သွင်းတောင်းဆိုထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဗဟိုအစိုးရ၏ အကြောင်းပြန်ကြားခြင်းမရှိသေးဟုလည်း ဆလိုင်းဒိုခါရ်က ဆိုသည်။

အစာငတ်ခံဆန္ဒပြမှုကို ၃၈ ဦးဖြင့် စတင်ခဲ့သည်၊ ရက်ပိုင်းအကြာတွင် အကျဉ်းထောင်အာဏာပိုင်များက ရာဘာကျည်များ၊ အသံဗုံးများဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ရာမှ ဆန္ဒပြမှုတွင် ပါဝင်သူ ၉၉ ဦးထိ ရှိလာသည်။ ထို့နောက် တစ်ပတ်နီးပါးအကြာတွင် ၃၃ ဦးမှာ ရပ်နားခဲ့သည်။

ရက်ရှည် အစာငတ်ခံဆန္ဒပြမှုကြောင့် ပါဝင်သူများအနက် ၁၀ ဦးကျော်မှာ ကျန်းမာရေးအခြေအနေ ဆိုးရွာစွာ ထိခိုက်လာသည့်အခြေအနေတွင် ရှိနေကြောင်း ဆလိုင်းဒိုခါရ်က ထောင်တွင်းမှ သတင်းရင်းမြစ်များကို ကိုးကားပြီး  ပြောသည်။

“ထောင်ထဲက ဟင်းသီးဟင်းရွက်လောက်ပဲ စားတဲ့အနေအထားနဲ့သွားတဲ့အခါကျတော့ အခုချိန်မှာ တော်တော်လေး ဗိုက်တာမင်တွေ လိုအပ်နေကြတဲ့အနေအထားဖြစ်တယ်။ သူတို့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ တော်တော်လေးအချိန်ယူဖို့ လိုအပ်တဲ့အနေအထားဖြစ်ပါတယ်”

အင်ဖာအကျဉ်းထောင်တွင် ကျခံနေရသည့် မြန်မာနိုင်ငံသားများအနက် မေ ၂ ရက်နေ့တွင် ပထမသုတ်အဖြစ် ၃၈ ဦး၊ ဇွန် ၂ ရက်နေ့တွင် ၃၈ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်မှတစ်ဆင့် လွှဲပြောင်းခဲ့ပြီး အကျဉ်းထောင်ထဲတွင် ၁၅၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှ ဦးထွန်းထွန်း (အမည်လွှဲ) ၏ သားနှင့် ချွေးမဖြစ်သူမှာ နယ်စပ်ဖြတ်ကူးစဉ် တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် ကတ်ကိုင်ဆောင်မှုတို့ဖြင့် ၂၀၂၁ နှစ်ဆန်းပိုင်းကပင် ဖမ်းဆီးခံခဲ့ရသည်။

သို့သော်လည်း ပြစ်ဒဏ်ကျခံရပြီးသည့်တိုင် သုံးနှစ်ကျော်ကြာမြင့်လာသည်အထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးသဖြင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် မိသားစုဝင်များက မျှော်လင့်နေသည်။

“ကျွန်တော်တို့လည်း မျက်ရည်နဲ့မျက်ခွက်ပဲ။ သုံးနှစ်လုံးလုံး နေ့စဉ်နဲ့အမျှ စားလည်း သူတို့ပဲ။ အိပ်လည်း သူတို့ပဲ စိတ်က သူတို့ဆီ ရောက်နေတာ။ ကျွန်တော်တို့ မိဘတွေဆီ အမြန်ဆုံးရောက်အောင် ပြန်လွှတ်ပေးစေချင်တာပါ” ဟု ဦးထွန်းထွန်းက တောင်းဆိုသည်။

အင်ဖာအကျဉ်းထောင်တွင် ကျခံနေရသူများမှာ စားရေးသောက်ရေး အပါအဝင် အခက်အခဲများ ရင်ဆိုင်နေရသဖြင့် မိသားစုဝင်များမှာ စိုးရိမ်သောကရောက်နေကြသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေပြီး ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် အာဏာသိမ်း စစ်ကောင်စီကို အရေးတယူဆက်ဆံသည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုများကြောင့် စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်မှ ဒေသခံများမှာ အိန္ဒိယသို့ ထွက်ပြေးခိုလှုံနေရသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေလဆန်းတွင် ထုတ်ပြန်သည့် အချက်အလက်များအရ အိန္ဒိယတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၅၉,၀၀၀ ကျော်ရှိသည်။

Show More

Related Articles

Back to top button