သတင်း

ရေစကြိုမြို့တွင် ဒေသကာကွယ်ရေးအဖွဲ့စခန်း  စီးနင်းခံရပြီး ၄ ဦး သေဆုံး

မကွေးတိုင်းအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ စခန်းတစ်ခု စီးနင်းခံရစဉ် ၄ ဦးသေဆုံး၊ ၄ ဦး လွတ်မြောက်သွားသည်၊ ထုတ်လုပ်ထားသည့် လက်နက်များ ဆုံးရှုံးသွားသည်ဟု သိရသည်။

ဇူလိုင် ၂ ရက် နံနက် ၇ နာရီခန့်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ဒေသတော်လှန်ရေးအဖွဲ့တစ်ခု၏ စခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၊ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့သည်ဟု အဆိုပါ အဖွဲ့ထံမှ သိရသည်။ 

မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ကြူကျေးရွာတွင် “နဂါးညီနောင်” အမည်ရှိအဖွဲ့စခန်းချထားသည့် ကျေးလက်ဆေးပေးခန်း အလစ်အငိုက် စီးနင်းခံရသည်။ 

စခန်းစီးနင်းခံရပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြစဉ် တစ်ဦး သေဆုံးသည်၊ အရှင်ဖမ်းမိသည့် ၃ ဦးကိုလည်း ပစ်သတ်သွားသည်ဟု ထိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 “ရဲဘော်က ၄ ယောက်ကျသွားတယ်။ လက်နက်က ၇ လက်လောက် ပါသွားတယ်။ သုံးတဲ့ပစ္စည်းတွေရော၊ အိုင်ကွန်စက်တွေ၊ ကျည်တောင့်တွေရောပေါ့။ ထုတ်လုပ်ထားတဲ့ ခါးချိုးတွေတော့ ပါတာပေါ့” ဟု သူက ပြောသည်။

“(ဆေးခန်း အနောက်ဘက်က) ဘုန်းတော်ကြီးကျောင်းထဲကို လက်ပြန်ကြိုးတုပ်ပြီးတော့ ခေါ်သွားသေး တယ်။ အဲ့ဒီထဲမှာတင် နှိပ်စက်ပြီးတော့ နောက်မှ ဆေးပေးခန်းထဲကိုခေါ်လာပြီးတော့ နောက်ပိုင်းကျမှ … ဦးခေါင်းတွေချည်းပဲ ပစ်ခွဲသွားတာ”   

သေဆုံးသူများမှာ အသက် ၂၀ ဝန်းကျင်အရွယ် ဒေသကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြသည်ဟု သိရသည်။

လက်လုပ်သေနတ်များကို အဓိကထားအားပြုရသည့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်သဖြင့်  စီးနင်းခံရချိန်တွင်  မိနစ်ပိုင်းမျှသာ ခုခံနိုင်ခဲ့သည်ဟု အဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

လွတ်မြောက်ခဲ့သူများအနက် ၂ ဦး  ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ 

ရေစကြိုမြို့ဘက်မှထွက်လာသည့် အင်အား ၅၀ ဝန်းကျင် စစ်ကောင်စီ စစ်ကြောင်းက စီးနင်းခဲ့ခြင်း ဖြစ်ပြီး လမ်းတွင်တွေ့သည့် တောင်သူတချို့ကို ဓားစာခံအဖြစ် စစ်ကြောင်းနှင့်အတူဖမ်းဆီးခေါ်ဆောင် လာခဲ့သည်ဟု  သိရသည်။ 

ထိုသူများအား ကြူကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ထားရှိထားပြီးနောက် ထိုနေ့တွင်ပင် ပြန်လွှတ်ပေးခဲ့သည်၊ စစ်ကြောင်းလည်း နေ့တွင်းချင်း ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ထိုရွာမှ တော်လှန်ရေးအဖွဲ့ စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဖော်ပြထားကြသည်။ 

ကြူရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိသည့်ကျေးရွာဖြစ်ပြီး ယခုနှစ် နှစ်ဆန်းပိုင်းကပင် စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းမီးရှို့မှုကြောင့် အိမ်ခြေ ၆၀ နီးပါး ပျက်စီးထားသည်။ 

ရေစကြိုမြို့နယ်သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ချင်းတွင်းမြစ်၊ ဧရာဝတီ မြစ်တို့ဆုံရာ ဒေသလည်းဖြစ်သည့်အပြင် လက်နက်ကိုင်ခုခံသူ များပြားသည့်  ဒေသလည်း ဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ခုခံတော်လှန်မှုနှင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် လက်နက်အင်အား တောင့်တင်းသည့် တိုင်းရင်းသားအဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသများတွင် ရာနှင့်ချီသည့် အခြေစိုက်စခန်းများ၊ တပ်ရင်းတပ်ဖွဲ့များကို လက်လွှတ်နေရသော်လည်း  နိုင်ငံအလယ်ပိုင်းရှိ လက်နက် အင်အားနည်းပါးသည့် တော်လှန်ရေးအဖွဲ့များ၏စခန်းများကို  မကြာခဏ စီးနင်းတိုက်ခိုက်လေ့ ရှိသည်။ 

ဇွန်လနောက်ဆုံးပတ်မှစတင်၍ ရှမ်းနှင့်မန္တလေးနယ်စပ်တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်။

Show More

Related Articles

Back to top button