
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းသို့ မြစ်ရေဝင်ရောက်နေရာ ထောင်နှင့်ချီသောဒေခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရသည်၊ ကူညီကယ်ဆယ်သူ နည်းပါးနေသည်ဟု သိရသည်။
ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်အများစုရှိ နေအိမ်များထဲ ရေဝင်ရောက်လာသည့်အတွက် ယမန်နေ့ (ဇွန် ၃၀) ညပိုင်းမှစတင်ကာ ဒေသခံများ စတင်တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
သို့သော် မြစ်ရေဆက်လက်မြင့်တက်လာရာ ယနေ့ (ဇူလိုင် ၁) နံနက်ပိုင်းတွင် မြစ်ကြီးနားတစ်မြို့လုံးနီးပါး မြစ်ရေဝင်ရောက်လာခဲ့သည်ဟု အသက် ၃၀ ခန့်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးပါပဲ၊ ရေဘေးကို စပြီးကြုံနေရပြီ၊ တချို့ရပ်ကွက်တွေကတော့ တစ်နေ့တည်းက ကြုံနေရလို့ ရွှေ့နေပြီ၊ ဒါပေမဲ့ အခုကတော့ မြို့ပေါ်ရပ်ကွက်တွေပါ အကုန်ရွှေ့တာ” ဟု အဆိုပါ ဒေသခံက ပြောသည်။
“စီတာပူရပ်ကွက်ဆိုရင် မြို့ထဲ အမြင့်ဆုံးရပ်ကွက်ထဲမှာ ပါတယ်၊ ဒါပေမဲ့ အခု သူတောင် ရွှေ့ရတယ်ဆိုတော့ ရေက တော်တော်လေးတက်လာတဲ့ သဘောပေါ့”
မြစ်ကြီးနားမြို့မဈေးကြီးမှာ ရေကင်းလွတ်နေဆဲဖြစ်သော်လည်း ဟင်းသီးဟင်းရွက်များနှင့် အသားငါးများ ရောင်းချသည့် မြို့မရပ်ကွက်မှ ရေတင်ဈေးမှာ တစ်ဈေးလုံး ရေဝင်နေသည်ဟု သိရသည်။
ကြက်ပေါင်ခြံ၊ ရမ်ပူနှင့် စီတာပူမြို့ရပ်ကွက်များရှိ နေရာအများစုတွင် ရေဝင်နေသည်ဟု မြို့ခံများက ပြောသည်။
ထို့ပြင် မြို့ပေါ်ရှိ စာသင်ကျောင်း၊ ဈေးများ အားလုံးပိတ်ထားရသည်ဟုလည်း ဒေသခံများက ပြောသည်။

ရေဘေးလွတ်သည့် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း စသည့်နေရာများတွင် ခိုလှုံသူများ ရှိသည်ဟုလည်း သိရသည်။
“တစ်ထပ်အိမ်နဲ့လူတွေကတော့ အခုအချိန်မှာ ပြောင်းကြပြီ။ အဲဒီလူတွေက ဘယ်လိုနေရာမျိုးမှာ ပြောင်းနေကြလဲဆိုတော့ ဆွေမျိုးသားချင်းအိမ်တွေနဲ့ ဘုရားကျောင်းတို့ ဘုန်းကြီးကျောင်းတို့မှာ ပြောင်းနေကြတော့ မြန်မြန်ရောက်တာပေါ့” ဟု ဒေသခံအမျိုးသားက ပြောသည်။
“ရေဘေးကယ်ဆယ်ရေးစခန်းဆိုပြီး ဖွင့်ထားတာမျိုးတော့ မရှိသေးဘူး”
တစ်မြို့လုံးနီးပါး ရေဘေးဒုက္ခကြုံနေရသော်လည်း ကူညီကယ်ဆယ်သူ နည်းပါးနေသေးသည်ဟု မြစ်ကြီးနားမြို့ခံတချို့က ပြောသည်။
မြစ်ကြီးနားမြို့အခြေစိုက် ကြက်ခြေနီအဖွဲ့၊ မီသတ်တပ်ဖွဲ့နှင့် ခရစ်ယာန်အသင်းတော်များအခြေပြု လူမှုကူညီရေးအသင်းတချို့ ကယ်ဆယ်ရေးလုပ်သည်ကို တွေ့ရသည်၊ ကူညီရေးအဖွဲ့ လုံလောက်မှုမရှိသေးဟုလည်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကူညီဖို့ထက် ကယ်ဆယ်ဖို့ကို အဓိကထားလုပ်ရမလိုဖြစ်နေတာ၊ စားသောက်စရာတွေက အဓိက မဟုတ်သေးဘဲနဲ့၊ အခုက စားသောက်စရာရှာတဲ့သူမရှိသေးဘဲ စက်လှေရှာတဲ့သူတွေ၊ သူတို့ကို လာကယ်ပေးပါ ပိတ်မိနေတယ်ဆိုတဲ့အကြောင်းတွေပဲ လိုင်းပေါ်မှာ တစ်ညလုံး တချို့လည်း တင်နေကြတယ်” ဟု အထက်ပါ မြို့ခံ အမျိုးသမီးက ပြောသည်။
ပေါ်ဦး၊ ကြက်ပေါင်ခြံနှင့် ရမ်ပူရပ်ကွက်တို့တွင် ယနေ့နံနက်အထိ နေအိမ်များအတွင်း ပိတ်မိနေသူများရှိနေဆဲဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ထို့ပြင် လယ်ကုန်းရပ်ကွက် နယ်မြေ (၁၄) ဘက်ရှိ မြင့်ငြိမ်းအေးဘုန်းကြီးကျောင်းထဲသို့လည်း ရေရောက်လာသည်၊ ထိုကျောင်းတွင် စစ်ဘေးရှောင်များ ခိုလှုံနေကြသည်ဟု သိရသည်။
အသင်းအဖွဲ့တချို့နှင့် ဒေသခံတချို့က တစ်နိုင်တစ်ပိုင် ကူညီကယ်ဆယ်ရေး ပြုလုပ်နေသော်လည်း စက်လှေ မလုံလောက်မှုကြုံနေရသလို အချို့စက်လှေများမှာလည်း စက်သုံးဆီမရှိသည့်အတွက် အသုံးပြုရ ခက်ခဲနေသည်ဟု သိရသည်။
ယခင် သဘာဝဘေးအန္တရာယ်များကြုံရပါက ကူညီကယ်ဆယ်ရေးလုပ်ပေးလေ့ရှိသည့် စစ်ကောင်စီတပ်ကိုလည်း မြစ်ကြီးနားရေဘေးတွင် မတွေ့ရကြောင်း ဒေသခံတချို့က ပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက (မိုးဇလ) ၏ ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်ထက် ၅ ပေခန့်အထိ ကျော်လွန်နေသည်ဟု ဆိုသည်။
ဧရာဝတီမြစ်ရေသည် နောက်နှစ်ရက်အတွင်း နှစ်ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်၏ အမြင့်တွင် ဆက်လက်တည်ရှိနေနိုင်သည်ဟု မိုးဇလ၏ ထုတ်ပြန်ချက်က ဆိုသည်။
မြစ်ကြီးနားမြို့တွင် မိုးရွာသွန်းဆဲဖြစ်ပြီး မြစ်ရေမြင့်တက်လာမှု ပိုမိုဆိုးရွားလာနိုင်သည်ဟုလည်း ဒေသခံတို့က ဆိုသည်။
“ရေကတော့ တစ်စတစ်စနဲ့ ထပ်ပြီးတက်နေသေးတာပဲ မိုးကလည်း ရွာနေပြီ။ များသောအားဖြင့် ကျွန်တော်တို့ဆီမှာက မိုးများတတ်တဲ့ သဘောရှိတော့ ရေကတော့ ထပ်တက်မယ်လို့ ထင်ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့အနီးတွင် မေတစ်လလုံးနီးပါး စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဝိုင်းမော်မြို့အပါအဝင် မြို့အနီးအနားရှိ ဒေသခံများမှာ မြစ်ကြီးနားမြို့ပေါ်တွင် ခိုလှုံနေကြရသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မြစ်ကြီးနားမြို့တွင် လူဦးရေ ၂၄၀,၀၀၀ ကျော်ရှိပြီး ထပ်မံပြောင်းရွှေ့လာသော စစ်ရှောင်များနှင့် ပေါင်းပါက ရေဘေးဒုက္ခကြုံနေရသူများမှာ ယခုထက် အရေအတွက် ပိုမိုးများပြားနိုင်သည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။
ကချင်ပြည်နယ်အတွင်း မိုးကြီးနေသည့်အတွက် မေခမြစ်အထက်ပိုင်း မြစ်ရေမြင့်တက်နေမှုကြောင့် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းမှ နေအိမ်တချို့ ရေဘေးသင့်နေသလို တနိုင်း၊ ဖားကန့် စသည့်မြို့နယ်များတွင်လည်း အချို့ရပ်ကွက်များတွင် ရေကြီးနေသည်ဟု သိရသည်။