
“ လက်နက်ကြီးက မိုးပေါ်က ကျလာတာပဲ။ ဘယ်ကနေ ပစ်လိုက်တယ်တော့မသိဘူး။ ကျွန်တော်တို့ မောင်နှမတွေ ပြောင်းဖူးချိုးနေတာ၊ အဲဒီမှာ သူ့ကို ထိသွားတယ် ”
လွန်ခဲ့သည့် တစ်နှစ်ခန့်က ညီမဖြစ်သူ မမုတ်ဆွယ်၏ ကံဆိုးမိုးမှောင်ကျလွန်းသည့်အဖြစ်အပျက်ကို ကိုမောင်ထွန်းက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောပြနေခြင်း ဖြစ်သည်။
၂၀၁၉ ၊ နိုဝင်ဘာ လကုန်ရက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာလူနေအိမ်ဘေးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၃၄ နှစ်အရွယ် ကလေးသုံးယောက်မိခင် မမုတ်ဆွယ် ဆုံးပါးကွယ်လွန်ခဲ့သည်။
အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသောကြောင့် မမုတ်ဆွယ်အပါအဝင် ဒေသခံအများစုသည် တရုတ်နိုင်ငံနှင့် အခြားမြို့များတွင် သွားရောက်လုပ်ကိုင်ကြသော်လည်း ရှမ်းပြည်နယ်၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဒီဇင်ဘာမှာ ကျရောက်မည့် ရိုးရာနှစ်သစ်ကူးမတိုင်မီ မွေးရပ်မြေရှိ မိဘ၊ ညီအစ်ကိုမောင်နှမများထံ နိုဝင်ဘာအတွင်း အရောက်ပြန်ကြသည်။
မမုတ်ဆွယ်သည် ၎င်း၏ ၂ နှစ်အရွယ် အငယ်ဆုံးသမီးငယ်နှင့်အတူ ရွာကို အလည်ပြန်လာစဉ် ပြည်တွင်းစစ်၏ မြေစာပင် ဖြစ်သွားခဲ့သည်။
“အခု သေသွားတဲ့ ကျွန်တော့်ညီမက ရွာမှာနေတာ မဟုတ်ဘူး။ သူက တရုတ်ပြည်မှာ အလုပ်သွားလုပ်ရင်း ယောက်ျားရလို့ သူ့ယောက်ျားနဲ့ ကချင်ပြည်နယ် သွားနေလိုက်တာ။ အိမ်ကို ပြန်လည်တာ သုံးရက်ပဲ ရှိတယ်။ ဒီလိုဖြစ်တာ ကျွန်တော် ယောက်ဖနဲ့ တူမအကြီးတွေကို ဘာပြန်ပြောရမှန်း မသိခဲ့ဘူး” ဟု ကိုမောင်ထွန်းက ဆိုသည်။
မန်ဝါကျေးရွာအတွင်း ကျလာသည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုမောင်ထွန်း၏ ညီမ သုံးယောက်လုံး လက်နက်ကြီးကျည်စ ထိမှန်ပြီး မမုတ်ဆွယ်မှာမူ ခြေထောက်တွင် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
၎င်း၏ နောက်ဆုံးခရီးကိုလည်း တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်နေသည့် ခင်ပွန်းဖြစ်သူလည်း မြင်တွေ့ခွင့် မရခဲ့ပေ။ ကျန်ခဲ့သည့် လူမမည် ကလေးသုံးယောက်ကို နှစ်ဖက်အဘိုးအဘွားများက ဝိုင်းဝန်းစောင့်ရှောက်ပေးနေသည်ဟု သိရသည်။ မမုတ်ဆွယ်သေဆုံးသည်မှာ နှစ်ပတ်လည်တော့မည်ဖြစ်သော်လည်း ၎င်းကို ထိမှန်ခဲ့သည့် လက်နက်ကြီးကျည်မှာ မည်သည့်ဘက်ကပစ်ကြောင်း ယနေ့ အချိန်ထိ မသိရှိရသေးပေ။
ယင်းအချိန် နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများရှိသည့် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS\SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကတော့ ၎င်းတို့ ပစ်ခတ်ခြင်းမဟုတ်ကြောင်း အသီးသီးငြင်းဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ဤလက်နက်ကိုင်နှစ်ဖွဲ့၏ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုများကြောင့် အများအပြား ထိခိုက်သေဆုံးနေကြသည်မှာ ဒေသခံ အရပ်သားများ ဖြစ်သည်။ ၎င်းအဖွဲ့များ၏ အခွန်ကောက်ခံမှုကလည်း လုပ်ငန်းရှင်များသာမက ချို့တဲ့သော ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။

ဆက်ကြေးအချိန်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်စဉ် နိုဝင်ဘာ နှင့် ဒီဇင်ဘာသည် ဒေသအခေါ် ဆက်ကြေးအချိန် ဖြစ်သည်။
ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်များထိန်းချုပ်ရာဒေသများတွင် နေထိုင်ကြသူများက အဆိုပါ အချိန်တွင် တစ်နှစ်စာ အခွန်ဆက်ကြေး ပေးကြရသည်ဟု ဒေသခံများက ဆိုသည်။ ထို့ပြင် ၎င်းအချိန်၌ အမြဲလိုလိုပင် နှစ်ဖက်အဖွဲ့များ ထိတွေ့ကာ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။
“ဒီနှစ်က ဘယ်နှစ်နဲ့မှ မတူဘူး။ (ယခင်) တစ်အိမ်ကို ဆန်တစ်တင်းခွဲ ပေးရမယ်။ အဲ့ဒါ ဆန်မယူတော့ဘဲ (အခု) ပိုက်ဆံပဲ ပေးရမယ်။ ပိုက်ဆံဆို လေးသောင်းခွဲ၊ အရင်ကထက် နှစ်ဆ ပိုပေးရတယ်။ ဓာတ်ဆီဆိုင်တွေ ကုန်စုံဆိုင်အကြီးတွေဆို သိန်းနဲ့ချီ ငါးသိန်းအထက်မှာ ပေးရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နမ္မတူဒေသခံတစ်ဦးက ဆိုသည်။
ပြည်သူ့စစ်အဖွဲ့များကိုပါ စီးပွားရေးလုပ်ငန်း အကြီး၊ အသေးအပေါ် မူတည်ပြီး ဆက်ကြေးပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။
ဆက်ကြေးကို အများစုက ကြောက်လန့်၍ ပေးဆောင်ကြလေ့ရှိကာ သတ်မှတ်ရက်ထက် နောက်ကျမှုမရှိစေရန် သတိထားပေးဆောင်ကြရသည်ဟု ဒေသခံများက ဆိုသည်။
ဆက်ကြေးပေးရန် ရက်ကျော်လွန်ပါက သက်ဆိုင်ရာအဖွဲ့အစည်း၏ သတိပေးစာ သို့မဟုတ် လူကိုယ်တိုင် လာရောက်သတိပေးခြင်းများ ပြုလုပ်ကြကာ ဆက်ကြေးမပေးပါက လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးသွားခြင်း၊ သတ်ပစ်ခြင်းများ ပြုလုပ်သည်ဟု ရှမ်းမြောက်ဒေသခံများက ဆိုသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်နေသည့် Burma Monitor အဖွဲ့၏ အချက်အလက်များအရ၂၀၁၉ ဇန်နဝါရီမှ ဒီဇင်ဘာအထိ ရှမ်းမြောက်တွင် တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲဖြစ်ပွားသည့် အကြိမ်ရေ ၁၆၃ ကြိမ် ရှိပြီး သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရသူ ၅၈ ဦး ရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ညနေပိုင်းတွင်လည်း RCSS/SSA နှင့် TNLA တို့ နမ္မတူမြို့နယ် နမ့်ပိုင်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရွာအတွင်း လက်နက်ကြီးကျကာ အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၊ အသက် ၅၀ ခန့် အမျိုးသမီးကြီးနှစ်ယောက် ၊ ၁၅ နှစ် အရွယ် ကျောင်းသားတစ်ယောက် စုစုပေါင်း အရပ်သား ၄ ယောက် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့သည်။
၎င်းဒေသခံ ၄ ယောက် ဒဏ်ရာရခဲ့သည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA နှင့် RCSS/SSA တို့ အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များသည် ကျေးရွာအနီးတစ်ဝိုက် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများမှာ အထိုင်စခန်းချနေထိုင်သောကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့် ၃ မိုင်ခန့်အကွာရှိ ကျေးရွာများ၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၈ နှင့် ၉ ရက်တွင် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဇန်နဝါရီလဆန်းအထိ စစ်ရေးတင်းမာနေသောကြောင့် ဒေသခံပြည်သူအချို့ စစ်ရှောင်လိုက်၊ နေရပ်ပြန်လိုက် လုပ်နေရသည်ဟု ၎င်းတို့ကို ကူညီနေသူအချို့က ပြောသည်။
“ မနေ့က ပြန်သွားတယ်။ ဒီနေ့ ပြန်လာကြရတယ်၊ သူတို့ကလည်း အိမ်မှာ စိုက်ပျိုးသီးနှံတွေ သိမ်းဆည်းရမှာနဲ့ ၊ ကျွဲ ၊ နွားတွေနဲ့ဆိုတော့ ပြန်ချင်ကြတယ်။ ပြန်ချင်ပေမဲ့ အခြေအနေတွေက တင်းမာနေဆဲ ဖြစ်တယ် ” ဟု စစ်ရှောင်များကို ကူညီနေသူ ဦးစိုင်းကျော်က ပြောသည်။
နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာနှင့် ပန်ချင်ရွာအကြား RCSS/SSA အဖွဲ့နှင့် TNLA တို့ ၂၀၂၁ ၊ ဇန်နဝါရီ ၃ နှင့် ၄ တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး နားဆိုင်းကျေးရွာတွင် ယာယီစစ်ရှောင်သူများ ဆက်လက်ခိုလှုံနေကြရသည်။
နမ္မတူမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးနှင့် ၄၅ မိုင်ခန့်သာ ကွာဝေးပြီး လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာနေရာနှင့် မိုင် ၂၀ ခန့် ဝန်းကျင်သာ ကွာဝေးသည်။
အဖွဲ့များတဲ့ ရှမ်းမြောက်
ရှမ်းပြည်နယ်တွင် SSA အမည်ဖြင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ရှိရာ ၎င်းတို့၏ နိုင်ငံရေးဦးဆောင်အဖွဲ့အမည်နှင့် တွဲပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟု ခေါ်ဆိုကြသည်။
ထိုနှစ်ဖွဲ့အနက် RCSS/SSA သည် ၂ဝ၁၅ ခုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တွင် ပါဝင်လက်မှတ်ထိုးထားသည်။ စာချုပ်တွင် ပါဝင်ပြီးနောက်ပိုင်း TNLA နှင့် မကြာခဏဆိုသလိုပင် တိုက်ခိုက်လျက်ရှိသည်။
နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး ၂၀၁၆ နှစ်ကုန်ပိုင်းတွင် RCSS နှင့် TNLA တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ ထိပ်တိုက်ရင်ဆိုင်နေကြဆဲ ဖြစ်သည်။
၂၀၁၈ အတွင်း နမ္မတူမြို့နယ်၌ RCSS နှင့် ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားသော တိုက်ပွဲများတွင် TNLA သည် မဟာမိတ် SSPP/SSA နှင့် ပူးပေါင်းလှုပ်ရှားခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် လူ တစ်ထောင်ကျော်ခန့် ကျောက်မဲမြို့ပေါ်ကို စစ်ရှောင်လာကြပြီး နမ္မတူမြို့နယ်တွင်လည်း စစ်ရှောင် ၆၀၀ ခန့် ရှိနေသည်။
၂၀၂၀ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် အကြိမ်ရေ ၁၁၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ပြောသည်။
တိုက်ပွဲများ၊ အဖွဲ့ရပ်တည်ရေးအတွက် ဆောင်ရွက်ချက်များကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲရပ်ဝန်းဒေသတွင် နေထိုင်ကြသူအများအပြား၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အသက်အိုးအိမ်လုံခြုံရေးတို့အတွက် တာဝန်ယူသူ ကင်းမဲ့လျက်ရှိသည်။ ။