သတင်း

မိုးကုတ်အနောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်၊ မတ္တရာတွင်လည်း တိုက်ပွဲဆက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီက လက်နက်ကြီးစခန်းငယ်တစ်ခု ဆုံးရှုံးသွားသည်၊ မတ္တရာမြို့အနီး လေကြောင်းရန်ကာကွယ်ရေးစခန်း ပြန်ရရန်လည်း ကြိုးပမ်းနေသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်စခန်းများကို တော်လှန်ရေးအင်အားစုက ဆက်လက်ထိုးစစ်ဆင်နေရာ လက်နက်ကြီးစခန်းတစ်ခုကို ယနေ့ (ဇွန် ၂၆) တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများက ပြောသည်။

မြို့အနောက်ပိုင်း တောင်ပေါ်တွင် တပ်စွဲထားသည့် စခန်းကို သိမ်းလိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒေါ်နန်းကြည်တောင်ပေါ်က စခန်းကတော့ ရပြီ။ စစ်ကောင်စီရဲ့ ယာယီလက်နက်ကြီးစခန်းပေါ့။ တိုက်ပွဲအခြေအနေက ကောင်းပါတယ်။ အခု မြို့တွင်းစခန်းတွေကို ဆက်တိုက်နေပါတယ်” ဟု သူက ပြောသည်။

ထိုစခန်း၏ အရေးပါမှု၊ စခန်းရှိ စစ်သားအရေအတွက်၊ သိမ်းဆည်းရမိသည့် လက်နက်အမျိုးအစား စသည့်အခြေအနေအသေးစိတ်ကို မသိရသေးပါ။

မြို့ဧရိယာအတွင်းရှိ ရွှေမြင်ဝေး ဘုန်းကြီးကျောင်းအတွင်းမှ တပ်စခန်း၊ ကျပ်ပြင်ရဲစခန်း၊ တရုတ်ဘုံ ၇ ဆင့်ဆိုသည့် နေရာမှ တပ်စခန်းတို့ကို ရရှိပါက ကျပ်ပြင်ရပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။

မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် အဓိကစစ်စခန်းအနေဖြင့် ရဲစခန်းနှင့် ဂွေးပင်ကျေးရွာအနီး ထိုင်ထားသည့် စစ်စခန်းကြီးတစ်ခုတို့ ကျန်ရှိနေပြီး၊ ကျန်စခန်းများမှာ ယာယီစခန်းငယ်များ ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက ကျပ်ပြင်မြို့ လက်မလွှတ်ရရေး အထိုင်စခန်းများမှ ခုခံနေသည်၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကို ပိုမို အားပြုနေသည်၊ ပစ်ခတ်သံများ ကြားနေရသည်ဟု မြို့ခံတို့က ပြောသည်။

“မနက် ၉ နာရီလောက်မှာ လေယာဉ်တစ်ခေါက် လာပစ်တယ်။ နေ့လယ်ပိုင်းမှာတော့ ပစ်ခတ်သံတွေက မြို့ထဲအထိရောက်လာတယ်။ လက်နက်ကြီးကျတာတွေလည်း ရှိလာတယ်။ ပစ်ခတ်မှုတွေကတော့ ဆက်တိုက်ဖြစ်နေတုန်းပဲ” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ရပ်နှင့် ဒေါ်နန်းကြည်တောင်တည်နေရာပြမြေပုံ (Google Maps)

ဒေသခံနောက်တစ်ဦးကလည်း ကျပ်ပြင်ရပ် ရွှေမြင်ဝေးဘုန်းကြီးကျောင်းဘက်မှ လက်နက်ကြီးပစ်သံများ ဆက်တိုက် ကြားနေရသည်ဟု ပြောသည်။

“မနက် ၆ နာရီက ချတာ ခုထိ မရပ်သေးဘူး။ မနေ့ကလည်း တစ်နေ့လုံးပဲ။  လက်နက်ကြီးပစ်တဲ့အသံလည်း မရေတွက်နိုင်တော့ဘူး။ ရွှေမြင်ဝေးကျောင်းကနေ xxx တွေက ခံချတာ။ အခု လေယာဉ်လာနေတယ်” ဟု ကျပ်ပြင်ရဲစခန်းအနီး နေထိုင်သည့် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ဇွန် ၂၆ ည ၈ နာရီခန့်တွင် ပြောသည်။

တိုက်ပွဲများစတင်သည့် ယမန်နေ့က ကျပ်ပြင်နှင့် ကပ်လျက်တည်ရှိသည့် ဒေါ်နန်းကြည်တောင်ပေါ်တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး၊ ယနေ့တွင် မြို့ဧရိယာအတွင်းအထိ လက်နက်ငယ်တိုက်ပွဲများ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့အဆိုအရ သိရသည်။

ဌာနဆိုင်ရာရုံးအများအပြားရှိသော မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ ၇ မိုင် ဝေးကွာသော အနောက်ပိုင်းရပ်တွင်သာ တိုက်ပွဲဖြစ်နေသည်။

နောင်ချိုမြို့တွင်းကို ထိန်းချုပ်အပြီး TNLA၊ MDY-PDF နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – MDY-PDF)

မတ္တရာမြို့နယ်တိုက်ပွဲများ

မန္တလေးမြို့မြောက်ဘက် ၂၁ မိုင်အကွာရှိ မတ္တရာမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်စစ်ကြောင်းထိုးမှုများ ဆက်လက်ရှိနေကြောင်း တော်လှန်ရေးအဖွဲ့ဝင်များနှင့် ဒေသခံတို့က ပြောသည်။

မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ယနေ့ (ဇွန် ၂၆) ညတွင် သတင်းထုတ်ပြန်ထားသည်။ ထို့မြို့နယ်ရှိ အင်ကြင်းမြိုင်ကျေးရွာအခြေစိုက် အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးစခန်း လက်မလွှတ်ရရေး မြေပြင်စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများ အားပြုနေသည်ဟု မတ္တရာမြို့နယ်တွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က ပြန်ရဖို့ လုပ်နေတဲ့ အနေအထားပါ။ လေကြောင်းကတော့ တစ်ဖက်သတ်ပစ်နေတာပေါ့၊ မြေပြင်စစ်ကြောင်းတစ်ကြောင်းကလည်း အင်ကြင်းမြိုင်နဲ့ တစ်ရွာကျော်လောက်အထိ ရောက်လာတယ်” ဟု သူက ပြောသည်။

အမှတ် ၁၀၁၄ တပ်ကို ပြန်လည်ရရှိရေး လုပ်ဆောင်ရာတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်အများအပြား လုပ်ဆောင်ခဲ့ပြီး၊ ယမန်နေ့က နံနက်ပိုင်းမှ ညနေပိုင်းအထိ လေယာဉ်လေးစီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတည်နေရာပြမြေပုံ။

အဆိုပါ လေယာဉ်လေးစီးအနက် ညနေ ၅ နာရီနီးပါး အချိန်ခန့်တွင် တိုက်ပွဲနေရာသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် တိုက်ပွဲနေရာမှ မန္တလေးဘက်သို့အပြန် အရပ်သားများနေထိုင်ရာ ကျေးရွာတစ်ခုကို စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ်များ ထိခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျောက်တံတားကျေးရွာအရှေ့ဘက်၊ ရှားစေးချက်ကြီးကျေးရွာအနီးရှိ တဲစုတစ်ခုတွင် ကစားနေကြသည့် အသက် ၂ နှစ်မှ ၈ နှစ်အတွင်း ကလေးငယ် ၄ ဦး ပစ်ခတ်ခံလိုက်ရပြီး တစ်ဦးသေဆုံးသွားသည်။

သေဆုံးသည့် ၂ နှစ်သားမှာ ဦးခေါင်းထိမှန်ခဲ့သည်၊ ၈ နှစ်အရွယ်ကလေး ခါးထိမှန်သည်၊ ၅ နှစ်အရွယ်ကလေး ပေါင်ထိမှန်သည်၊ ၆ နှစ်အရွယ်ကလေးတစ်ဦး ခြေထောက်ဖြတ်တောက်လိုက်ရသည်ဟု သိရသည်။

“ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်သွားတာ။ ကလေးတွေ ၅ ယောက်က လမ်းပေါ် ဆော့နေတာ၊ ရဟတ်ယာဉ်လာတော့ ထွက်ကြည့်တာမျိုးဖြစ်မှာပေါ့။ အဲ့ဒါကို ပစ်လိုက်တာ” ဟု ဖြစ်စဉ်ကို သိသည့် မတ္တရာမြို့ခံတစ်ဦးက ပြောသည်။

မိုးကုတ်မြို့အနီးမှ တိုက်ပွဲများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ဦးဆောင်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်းများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်မတော် (NSSAA)၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်။

မတ္တရာမြို့နယ်တွင်းတိုက်ပွဲများကို MDY-PDF က ဦးဆောင်ကာ ဒေသတွင်းတော်လှန်ရေးတပ်များ ပါဝင်လျက်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button