ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ထောင်နှင့်ချီသော ဒေသခံများက တပ်မတော်ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၆) တွင်လည်း ထပ်မံဆန္ဒပြခဲ့ကြသည်။
ဖာပွန်ခရိုင်အတွင်း တပ်မတော်က စစ်ရေးတိုးချဲ့ဆောင်ရွက်မှုများ ရှိနေပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒွယ်လိုးမြို့နယ် ဒေသခံ ၁,၀၀၀ ကျော်က ယမန်နေ့တွင် ထပ်မံ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ လေးခေါ်ထီ၊ နားကိုခီး၊ မယ်သူနှင့် မယ်ဝေ ကျေးရွာအုပ်စုများမှ ဒေသခံများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အခက်အခဲများကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့က ဝိုင်းဝန်းဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။
“မြန်မာစစ်တပ်သည် ဒေသတွင်း KNU သတ်မှတ်ထားသည့်နေရာထက် ကျော်လွန်ကာ လှုပ်ရှားသွားလာခြင်း၊ ပုံမှန် တပ်အင်အားဖြည့်တင်းပို့ဆောင်ခြင်း၊ ပဋိပက္ခဖြစ်စေနိုင်သည့် နယ်မြေထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းအပြင် စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ရန် လမ်းများဖောက်လုပ် ပြင်ဆင်လာခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း” ဒေသခံများက ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ကလည်း KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ နေရာ ၃ နေရာ၌ ထောင်နှင့်ချီကာ ဒေသခံများက တပ်မတော်ကို ကန့်ကွက်ကြောင်း အလားတူ ဆန္ဒပြခဲ့ကြသည်။
ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ ၂၀၂၀ ၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။
“တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားသင့်တယ်၊ တိုက်ပွဲဖြစ်တယ်ဆိုရင် အဓိက ခံရတာက ဒေသခံတွေပဲ ဖြစ်တယ်။ ဒေသခံတွေပဲ ဒုက္ခရောက်မယ်။ ဒေသခံတွေ ဒုက္ခရောက်ပြီဆိုရင် တိုင်းပြည်ပဲ နစ်နာမယ်” ဟု ကရင်လူငယ်ကွန်ရက် (KYN) အဖွဲ့ဝင် စောအဲလ်ဘတ်ချိုက Myanmar Now ကို ပြောသည်။
စစ်ရေးပြန်လည်တင်းမာလာမှု၏ အဓိကအကြောင်းရင်းမှာ တပ်မတော်အနေဖြင့် ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ရွာ ( ဒေသအခေါ် မယ်ဝေ)အနီး တပ်စခန်းများ ပိုမိုတိုးချဲ့လာခြင်းကြောင့်ဖြစ်ပြီး ယင်းပတ်ဝန်းကျင်နယ်မြေများတွင် KNU နှင့် တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“တပ်စခန်းအသစ်တွေ ထပ်ပြီးတော့ တိုးချဲ့လာနေတာတွေ ရှိတော့ အဲဒါတွေက ထောက်ပြစရာ ရှိလာနေတယ်” ဟု စောအဲလ်ဘတ်ချို က ဆိုသည်။
အဆိုပါ စစ်ရေးတင်းမာမှုများကြောင့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၃,၀၀၀ ခန့် ရှိလာသည်ဟု ကရင်ဒေသခံအဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။
လက်ရှိအချိန်တွင် ဆောင်းရာသီလည်း ဖြစ်သောကြောင့် နေရပ်တိမ်းရှောင်နေရသူများအတွက် အခက်အခဲများ ရှိနေကြောင်း ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ကျောင်းသားကွန်ရက် (KSN) မှ အဖွဲ့ဝင် စောထူးထူးက ဆိုသည်။
“စားဝတ်နေရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း အခက်အခဲတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်အတွင်းကလည်း တပ်မတော်စခန်းများ ရုပ်သိမ်းပေးရေးအတွက် ဖာပွန်မြို့နယ်မှ ဒေသခံ ၄,၀၀၀ ကျော်ခန့်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
တပ်မတော်သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ အချက်အလက်များကို ချိုးဖောက်နေကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။
တပ်မတော်နှင့် KNU တို့ ဆွေးနွေးနိုင်ခြင်း မရှိသေးချိန်တွင် တပ်မတော်က ဖာပွန်ခရိုင်အတွင်း တပ်အင်အားတိုးချဲ့ခြင်း၊ တပ်စခန်းသစ်များ ထပ်မံတည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
အပစ်ရပ် NCA စာချုပ် အခန်း (၃) တွင် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးရမည်ဟု ပါရှိပြီး အပစ်ရပ်နယ်မြေအတွင်း နှစ်ဖက်တပ်များက နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ၊ စစ်အင်အားတိုးချဲ့ခြင်းများနှင့် တိုက်ခိုက်မှုများ မလုပ်ဆောင်ရန် ပါရှိသည်။
ကရင်အမျိုးသားအစည်းအရုံး( KNU) သည် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တွင် အပါအဝင် ဖြစ်သည်။
ကရင်ပြည်နယ်၊ ဖာပွန်ဒေသအတွင်း ၂၀၂၀၊ ဧပြီ ၁ မှ ဇွန် ၃ အတွင်း တပ်မတော်နှင့် KNU တပ်မဟာ (၅) တပ်ဖွဲ့ များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ၈၈ ကြိမ် ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်က သတ်မှတ်နယ်မြေကျော်လွန်ခြင်းနှင့် တပ်စခန်းများ လာရောက်ချထားခြင်းတို့ကြောင့် ဖြစ်ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိ ဖာပွန်ခရိုင်တွင် တပ်မတော် ခြေမြန်တပ်ရင်း ၃၄၀၊ ၃၄၁၊ ၄၃၄ နှင့် ၆၄၂ တို့ ရှိပြီး အခြေချစစ်ဗျူဟာတစ်ဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ရင်း ( BGF) ၁၀၁၃ နှင့် ၁၀၁၄ တို့ ရှိနေသည်။
ပြန်လည်ဖြစ်ပွားလာသော စစ်ရေးတင်းမာမှုများနှင့်ပတ်သက်ပြီး တပ်မတော်နှင့် KNU တို့မှ တာဝန်ရှိသူများထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
“တာဝန်ရှိသူတွေအနေနဲ့ ဒေသခံပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့ လိုတယ်၊ သူတို့ခံစားနေရတဲ့ ခံစားချက်၊ သူတို့ရဲ့ စိုးရိမ်ချက်တွေအပေါ်မှာ နားလည်စာနာပြီးတော့ သူတို့အသံကို သူတို့နေရာကနေဝင်ပြီး ကိုယ်ချင်းစာနာပေးဖို့ လိုတာပေါ့” ဟု ကရင်လူငယ်ကွန်ရက် ( KYN ) အဖွဲ့ အတွင်းရေးမှူး စောကျော်လင်းက ဆိုသည်။