သတင်း

စစ်တွေမြို့အနီး ဒေသခံအမျိုးသား ၆၀ ခန့်ကို စစ်တပ်ဖမ်းထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အနီးရှိ အမြင့်ကျွန်းကျေးရွာမှ ဒေသခံအမျိုးသား ၆၀ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အနီးရှိ အမြင့်ကျွန်းကျေးရွာမှ ဒေသခံအမျိုးသား ၆၀ ခန့်ကို စစ်ကောင်စီတပ်က ဇွန်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) ၏ ထိုးစစ် အချိန်မရွေး ရောက်လာနိုင်သည့် အခြေအနေတွင် စစ်တပ်က ရန်ကုန်−စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသည့် ထိုရွာအတွင်း အမျိုးသားများကို ကွင်းပြင်တွင် စုဝေးစေပြီး အမျိုးသမီးများကို ဘုန်းကြီးကျောင်းတွင် စုဝေးစေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အမျိုးသားများကို ဖမ်းသွားခြင်းမှာ စစ်တပ်ထဲတွင် ခိုင်းစေရန်အတွက် ဖြစ်နိုင်သည်ဟု သူက ယူဆသည်။

“ကျွန်တော့်ရွာက ၇ တန်း၊ ၈ တန်း ကလေးတွေလည်း ပါသွားတယ်။ ထိုင်နေတာထဲမှာ လုံးဝ အငယ်တွေကိုတော့ လွှတ်ပေးခဲ့တယ်၊ စစ်ပွဲမှာ သုံးဖို့အတွက် စစ်သားအင်အား ဖြည့်ဖို့အတွက်လို့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများတွင် ခြေတစ်ဖက်ပြတ်နေသည့် အမျိုးသားတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

ထိုသူများကို စစ်တွေမြို့ ခြေမြန်တပ်ရင်း ခမရ ၃၄၄ သို့ ခေါ်ဆောင်သွားသည်ဟု ကြားရသော်လည်း အဆက်အသွယ်မရ၊ ပြန်လည်လွတ်မြောက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်တွေ ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) သို့ သွားရောက်စုံစမ်းခဲ့သော်လည်း အဖြေမရကြောင်း၊ ထိုရွာတွင် နေသူများ စစ်တွေမြို့သို့ ပြောင်းရွှေ့နေရန်သာ ဖိအားပေးခံရသည်ဟု ကြားသိရကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“ဒကစက ခင်ဗျားတို့ အဲဒီလူတွေ (ဖမ်းဆီးခံထားရတဲ့လူတွေ)ကို မစဉ်းစားနဲ့။ ကျန်တဲ့လူတွေကို (ဇွန်) ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ရွာက ထွက်ရမယ်။ ရွာက ထွက်ရာမှ တခြားနေရာမသွားရ။ အားလုံး စစ်တွေကို လာရမယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ယခင်က လူဦးရေ ၂,၄၀၀ ကျော်နေထိုင်ခဲ့သည့် အမြင့်ကျွန်းကျေးရွာတွင် စစ်ဘေးရှောင်ရန် ရွာကို စွန့်ခွာသွားသူများရှိသည်၊ ယခုအခါ လူဦးရေ ၂၀၀ ခန့်သာ ရွာတွင် ကျန်တော့သည်ဟု သိရသည်။

စစ်တပ်က ဖိအားပေးပြောင်းရွှေ့ခိုင်းနေသော်လည်း စစ်တွေမြို့သည် တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်သည့်အတွက် ဒေသခံများက မသွားလိုကြပေ။ ထို့ကြောင့် AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေသို့ အခက်အခဲများစွာဖြင့် ခိုးထွက်နေကြရသည်။ ခရီးစရိတ် မတတ်နိုင်သူတချို့မှာ မတတ်သာ၍ မြို့ထဲသို့ သွားနေထိုင်နေကြရသည်ဟု သိရသည်။

စစ်တပ်သည် စစ်တွေမြို့အစွန်ရှိ ကျေးရွာများတွင် ဒေသခံတို့ကို နှင်ထုတ်ကာ ထိုရွာများတွင် စခန်းချနေကြသည်၊ AA ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတချို့က ယုံကြည်နေသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်ကလည်း စစ်တွေမြို့နယ် အောင်တိုင်၊ ပလ္လပြင်၊ အုန်းရေဖော်၊ ကျတ်တော်ပြင် စသည့်ကျေးရွာများမှ ဒေသခံများကို ရွာမှ ဖယ်ခိုင်းခဲ့သည်။

အလားတူ မေ ၂၉ မှ ၃၁ ရက်များအတွင်း ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသားအများအပြားကို ဖမ်းဆီးကာ ထိုအထဲမှ လူ ၇၆ ဦးကို အများရှေ့တွင် သတ်ဖြတ်ကာ ဒေသခံများကို ရွာမှ နှင်ထုတ်ခဲ့သည်။

လတ်တလောတွင် စစ်တွေမြို့သို့ ကုန်စည်စီးဆင်းမှုမရှိတော့ဘဲ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်တက်နေသည်။ ဓာတ်ဆီတစ်လီတာကို ၃၀,၀၀၀ မှ ၄၀,၀၀၀၊ ပေါ်ဆန်းဆန် တစ်အိတ်ကို ၂၀၀,၀၀၀ အထိ စျေးရှိသည်။ မီးသွေး ဝယ်လိုသော်လည်း ရှာရခက်သည့်အခြေအနေ ဖြစ်နေသည်ဟု မြို့နေဒေသခံတစ်ဦးက ပြောသည်။

“မြို့ကနေထွက်လို့လည်း မရတော့ဘူး။ မြို့ထဲမှာတောင် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲဘူး။ အလုပ်အကိုင်လည်းမရှိတော့ဘူး။ စားဝတ်နေရေး တအားခက်ခဲနေတယ်” ဟု သူက ပြောသည်။

စစ်တွေမြို့တွင်းတွင်မူ စစ်တပ်က ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း၊ ၎င်းတို့နှင်ထုတ်ထားသည့် ရွာများတွင် တပ်စခန်းများချထားကြောင်း သိရသည်။

စစ်တွေမြို့တွင်းရှိ ကြွီတဲ၊ ပါဒလိတ်၊ မင်းချောင်းတံတားအနီးတို့တွင် စစ်စခန်းများ တိုးချဲ့ထားပြီး အမြင့်ကျွန်းရွာမြစ်အတွင်းတွင်လည်း စစ်ရေယာဉ်များ ဖြန့်ကြက်ထားကြောင်း သိရသည်။

AA သည် ဇွန် ၂၃ က သံတွဲ (ငပလီ) လေဆိပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့နယ်၏ စစ်ရေးအရအရေးပါသော တောဟိန်းတောင်ဗျူဟာကို သိမ်းပိုက်လိုက်သည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။

အလားတူ မောင်တောမြို့နယ်၊ နခခ ၂ ကိုလည်း ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ မောင်တောမြို့ရှိ လက်ကျန်တပ်စခန်းများကို တိုက်ခိုက်တော့မည်၊ အသက်အန္တရာယ်ကျရောက်နိုင်သဖြင့် ဒေသခံများ ဇွန် ၁၆ ညပိုင်းမှစတင် ထွက်ခွာရမည်ဟု AA က အသိပေးထားသည်။

AA သည် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။ လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာကာ စစ်တွေကိုလည်း AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်သည်ဟု ဒေသခံများက ယူဆထားသည်။

Show More

Related Articles

Back to top button