ယနေ့ (ဇွန် ၂၅) သည် စစ်ထဲမဝင်မနေရစနစ်ဖြင့် ခေါ်ယူထားသည့် အရပ်သားများ၏ တတိယအသုတ် စစ်သင်တန်းစသည့်နေ့ဖြစ်ပြီး တအာင်းတပ်မတော် (TNLA) ၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း စတင်သည့်နေ့လည်းဖြစ်သည်။
ခြိမ်းခြောက် စုဆောင်းပြီး ရလာသည့် စစ်သားသစ်များကို နိုင်ငံအနှံ့မှ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ကာ ပြုလုပ်မည့် သင်တန်းအပတ်စဉ် (၃) တွင် လူငယ် ၅၀၀၀ ကို စစ်သင်တန်းပေးမည်ဖြစ်ရာ ရှမ်းမြောက်နှင့် မန္တလေးတွင်လည်း ရာနှင့်ချီသည့် တပ်သားသစ်များ၏ စစ်သင်တန်း စတင်ခဲ့သည်။
ရှမ်းမြောက်မှ စစ်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်အတွင်းရှိ အမှတ် (၈) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ထိုစစ်သင်တန်းနေရာသည် TNLA ထိုးစစ်ဆင်နေသည့် ကျောက်မဲမြို့နှင့် ငါးနာရီခန့်သာ ကွာသည့် ကားလမ်းခရီးတွင်ရှိနေသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ဝန်းကျင်၊ နောင်ချိုမြို့နယ် အုမ္မသီး၊ အုမ္မခါး ကျေးရွာများအနီးတွင် စစ်ကောင်စီကို ထိုးစစ်ဆင်နေသည်။
အလားတူ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းစတင်သည်နှင့် TNLA က မန္တလေးတိုင်း မိုးကုတ်မြို့ ညောင်ကုန်းကျေးရွာအနီး၊ မတ္တရာမြို့နယ်အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းလိုက်ပြီးကတည်းက စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်လိုက်ရသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းတွင်မူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့ တပ်စခန်းများကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်၊ တအာင်းတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့က အလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအမည်ရ ထိုးစစ်တွင် အရေးနိမ်ခဲ့ပြီးနောက် စစ်သည်အင်အားလိုအပ်နေသည့် စစ်ခေါင်းဆောင်သည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်ထဲဝင်ရမည့် စစ်မှုထမ်းဥပဒေကို ယခုနှစ်ဆန်းပိုင်းတွင် တက်သုတ်ရိုက်အသက်သွင်းထားခြင်းသည်။
စစ်သားသစ်စုဆောင်းခံရသူများ တက်ရောက်သည့် ပထမအသုတ်နှင့် ဒုတိယအသုတ်စစ်သင်တန်းများကို ဧပြီနှင့် မေတို့တွင် ဖွင့်လှစ်ခဲ့ပြီးသည်။
စစ်မှုမထမ်းမနေရဥပဒေကြောင့် စစ်ထဲဝင်လိုက်ရသည့် ပထမအသုတ်စစ်သင်တန်းဆင်း တပ်သားသစ် ၅၀၀၀ ကျော်မှာ ယခုလကုန်တွင် သင်တန်းပြီးဆုံးမည်ဖြစ်ပြီး မကြာမီ သက်ဆိုင်ရာတပ်စခန်းများဆီ စေလွှတ်တာဝန်ထမ်းဆောင်ခိုင်းတော့မည်ဟု AFP သတင်းဌာနက ရေးသားထားသည်။
သို့သော် စုဆောင်းခံရသူများအား လုပ်ဆောင်ရမည့်တာဝန်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်မှူးများက ဆုံးဖြတ်မည်ဟု စစ်တပ်သတင်းအရင်းမြစ်ကို ကိုးကား၍ AFP က ရေးသားထားသည်။
ဒေသအသီးသီးရှိ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်မီးရှို့မှု ကျူးလွန်နေသည့် စစ်ကောင်စီတပ်ထဲသို့ ဝင်ရောက်ရမည်ကို စိုးရိမ်သဖြင့် လူငယ်အများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည်။