သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ “ပန်းသပိတ်” တွင် ပါဝင်သူ အများအပြား ဖမ်းဆီးခံရ

နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့တွင် ပန်းပန်သူအများအပြားကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသူ နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းပန်သည့် “ပန်းသပိတ်” လှုပ်ရှားမှုတွင် ပါဝင်သူအများအပြားကို စစ်တပ်က ဖမ်းဆီးထားသည်။

ယမန်နေ့ (ဇွန် ၁၉) တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်သူများကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများက အမည်နှင့်တကွ ဖော်ပြထားပြီး ဖမ်းဆီးရန် လှုံ့ဆော်ရေးသားခဲ့ကြရာ တစ်ရက်တည်းတွင် တစ်ဒါဇင်ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းလည်း ရေးသား ဖော်ပြနေကြသည်။

ဖမ်းဆီးခံထားရစဉ် ဒူးထောက်လက်မြောက်ထားရသည့် ပန်းပန်ထားသူ အမျိုးသမီး ၁၁ ဦး၏ ဓာတ်ပုံများကို ဖော်ပြထားသည်။

မန္တလေးမြို့ ၃၁ လမ်းနှင့် ၈၁ လမ်းကြားရှိ ရွှေယမင်းလက်ဖက်ရည်ဆိုင်တွင် အမျိုးသမီး ၃ ဦး၊ မန္တလေးမြို့ရှိ ဂီတာဆိုင်တစ်ဆိုင်မှ အမျိုးသမီး ၃ ဦး၊ ထိတ်တုံးခတ် ဖမ်းဆီးခံထားရသူ ၅ ဦး အပါအဝင် ၂၀ ကျော် ဖမ်းဆီးထားသည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများ၏ ဖော်ပြချက်အရ သိရသည်။

ပန်းပန်ထားသူမြင်သမျှကို ကြောက်ရွံ့စွာဖြင့် ဥပဒေမဲ့ဖမ်းဆီးနေခြင်းမှာ အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်မှ ရှုံးနိမ့်နေမှုကို ဖော်ပြနေသည်၊ ပြည်သူလူထုကို အကြောက်တရားရိုက်သွင်းနေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ပြောသည်။

“သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်နိုင်ဖို့ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းနေတာပဲ ဖြစ်ပါတယ်။ သေနတ်ကိုင်တာ မပြောနဲ့၊ ပန်းပန်ရင်တောင်မှ ဖမ်းဆီးလို့ရတယ်ဆိုတဲ့၊ တကယ်မရှိတဲ့ ဥပဒေတွေကို ဥပဒေလုပ်ပြီးမှ နိုင်ငံရေးပုဒ်မတွေနဲ့ ဆွဲတာမျိုးက တကယ်တော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ” ဟု သူက ပြောသည်။

“ပန်းသပိတ်” လှုပ်ရှားမှုတွင် ပါဝင်၍ ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ရန်ကုန်အခြေစိုက် Eleven Media သတင်းဌာန သတင်းတစ်ပုဒ်တွင် “ပန်းသပိတ်” လှုပ်ရှားမှုအတွင်း ပါဝင်သူ ၂၂ ဦး ဖမ်းဆီးခံထားရသည်ဟု အမည်မဖော်လိုသည့် အရာရှိတစ်ဦးကို ကိုးကားဖော်ပြထားသည်။

ရန်ကုန်မြို့ အနောက်တိုင်းသံရုံးတချို့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ၊ “ပန်းသပိတ်” လှုပ်ရှားမှု၏ သင်္ကေတဖြစ်သည့် နှင်းဆီပန်းပုံများကို ဖော်ပြထားပြီး ထိုလှုပ်ရှားမှုကို ထောက်ခံကြောင်း ဖော်ပြကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ကျင်းပခဲ့ပြီး သူ၏ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဆုတောင်းစကား ပေးပို့ခဲ့သည်။

သူ၏ မိခင်ဖြစ်သူကို စစ်ကောင်စီက စွပ်စွဲထားသည့် စွပ်စွဲချက်များအားလုံးမှာ မတရားသည့် စွပ်စွဲချက်များသာဖြစ်သည်၊ နေအိမ်အကျယ်ချုပ်ကျခံခဲ့သည့် အချိန်ကစပြီး အရာအားလုံးကို ပြင်ဆင်ထားသည်ဟု ယုံကြည်သော်လည်း အသက် ၇၉ နှစ်အရွယ်ဖြစ်၍ မိခင်ဖြစ်သူ၏ ကျန်းမာရေးကို စိုးရိမ်သည်ဟု ကင်မ်အဲရစ်က ဆိုသည်။

Show More

Related Articles

Back to top button