ကချင်ပြည်နယ်တွင် ခုခံစစ်ဆင်နေရသည့် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့အဝင် အကျဲရွာရှိ ကျေးရွာချင်းဆက်လမ်းကို ဇွန် ၁၇ ရက်တွင် မြေတူးစက်ဖြင့် ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။
မြို့တောင်ဘက် မိုင်အနည်းငယ်အကွာ ဧရာဝတီမြစ်ကမ်းနံဘေးတွင်ရှိသည့် အကျဲရွာနှင့် ဖရောရွာကြားရှိ ကျေးရွာချင်းဆက်လမ်းကို အကျဲရွာအနီး တပ်စွဲထားသည့် တပ်က ဖျက်ဆီးသွားခြင်းဖြစ်သည်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ထိုးစစ်ကို ဟန့်တားရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လုံခြုံရေးအပြည့်နဲ့ လာလုပ်သွားတာ၊ ကားတွေဘာတွေ သွားလို့မရတော့ဘူး။ အဲဒီလမ်းကို သူတို့ဖျက်မယ်ဆိုပြီး ကြားနေတာကြာပြီ။ ဘာလို့ ဖျက်ချင်လဲမသိပေမဲ့ ဖြစ်နိုင်တာက သူတို့ကို ဟိုဘက်က လာတိုက်မှာစိုးလို့နေမှာ” ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အကျဲကျေးရွာမှာ မြစ်ကြီးနား ရွှေဘိုလမ်းမကြီးနံဘေးနှင့် ဧရာဝတီမြစ်ကြားတွင်ရှိပြီး မြစ်ကြီးနားမြို့တွင်းနှင့် ၁၀ မိုင်ခန့်ဝေးသည်။ စစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၇ မိုင်ခန့်သာ ဝေးသည်။
လမ်းကို ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဖျက်ဆီးခံရသည့် လမ်းသည် စစ်ရေးအတွက်လည်း အရေးပါသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
“အကျဲရွာဆိုတာက မြစ်ကြီးနားတိုးဂိတ်ရှိတဲ့ရွာ၊ ရွာထိပ်မှာ ကုန်းလေးတစ်ခုရှိတယ်။ အဲဒီကုန်းမှာ စစ်တပ်ထိုင်ထားတာ။ အဲဒီကုန်းနားမှာ လမ်းခွဲနှစ်ခုရှိတယ်။ တစ်ခုက မိုးညှင်းဘက်ကို သွားတဲ့ ပြည်ထောင်စုလမ်းမကြီး၊ နောက်တစ်ခုက အကျဲကျေးရွာချင်းဆက်လမ်း၊ အဲဒီလမ်းနှစ်ခုရဲ့ ခွမှာကို စစ်တပ်က ထိုင်ထားတာ” ဟု အသက် ၃၀ ခန့်အရွယ် မြစ်ကြီးနားမြို့ခံက ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက မြစ်ကြီးနားမြို့နှင့် မိုင် ၄၀ ကျော်ဝေးသည့် ဆင်ဘိုမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။ ယခုဖျက်ဆီးခံရသည့် ကျေးရွာချင်းဆက်လမ်းမှာ KIA သိမ်းပိုက်ထားသည့် ဆင်ဘိုမြို့သို့ တိုက်ရိုက်သွားနိုင်သည့် လမ်းဖြစ်သည်။
KIA တပ်များ မြစ်ကြီးနားမြို့ကို ချဉ်းကပ်ရာတွင် အသုံးပြုနိုင်သည့် ထိုလမ်းကို ဖျက်ဆီးလိုက်ခြင်းဖြင့် မြို့အဝင်တွင်ရှိသည့် စစ်ကောင်စီ၏ စခန်းများ၊ လေဆိပ်နှင့် စစ်ရေးဆိုင်ရာ ပစ်မှတ်များ ပိုမို လုံခြုံစေမည်ဟု အထက်ပါ အသက် ၃၀ ကျော်အရွယ် အမျိုးသားက ပြောသည်။
“လမ်းဖျက်တာကတော့ဗျာ ရှင်းရှင်းပြောရမယ်ဆိုရင် အခုက ဆင်ဘိုမြို့က သိမ်းလိုက်ပြီဆိုတော့ အဲဒီဘက်က တပ်တွေ မြစ်ကြီးနားကို ဝင်လာမှာစိုးလို့ အကျဲထိပ်က စစ်တပ်ကုန်းက လမ်းဖြတ်တောက်လိုက်တဲ့ သဘော” ဟု သူက ဆိုသည်။
မတ် ၂၈ ရက်နေ့က အကျဲရွာအနီးရှိ စစ်တပ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တချို့ပျက်စီးကာ ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သည်။
စစ်ရေးအရ အရေးပါနေသည့် အကျဲရွာမှ ဒေသခံများကို KIA က ရွာမှ တိမ်းရှောင်ကြရန် တိုက်တွန်းထားသည်။ ထိုရွာခံအများစုမှာ မြစ်ကြီးနားမြို့နှင့် နီးစပ်ရာကျေးရွာများတွင် သောင်တင်နေပြီး ရွာခံတချို့သာ အိမ်စောင့်အဖြစ် ကျန်ရစ်နေခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း KIA နှင့် ပူးပေါင်းတပ်များက မတ်လဆန်းမှစတင်ကာ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်၊ မံစီ၊ ဖားကန့်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ကန်ပိုက်တည်၊ ချီဖွေ စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲများမှာ ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့အနီးသို့ပင် နီးကပ်လာသည့်အတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအပြင် မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ကြီးများပစ်ကူပေးနေသည်။
KIA က ထိုးစစ်ကြီးတစ်ခုဆင်နွှဲခဲ့ရာ နှစ်လကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။