သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဒေသခံများ ရက်ဆက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းကြောင့် လယ်ယာမြေများပျက်စီးနိုင်သည်ဟု ဒေသခံများက ပြောပြီး ထိုစီမံကိန်းကို ကန့်ကွက်နေကြသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လမ်းသစ်ဖောက်လုပ်ရာတွင် ဒေသခံတို့၏လယ်ယာမြေများပျက်စီးနိုင်ခြင်းကြောင့် လမ်းဆက်မဖောက်ရန် ဒေသခံများက ဇွန်လ ၁၆ ရက်မှ ယနေ့ (ဇွန်လ ၁၈ ရက်) အထိ ရက်ဆက်ဆန္ဒပြတောင်းဆိုနေသည်။

မြို့မြောက်ဘက် ၁၀ မိုင်အကွာ ဆူးပုတ်ချောင်ရွာမှ ရွှေဘို-မြစ်ကြီးနားလမ်းသို့ ချိတ်ဆက်သည့် လမ်းသစ်ဖောက်လုပ်မှုသည် လယ်မြေ ၅ ဧကကျော် ပျက်စီးနိုင်သည်ဟု ဒေသခံများက ဆိုသည်။

ရာနှင့်ချီသည့်ဒေသခံများက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပသုံးလုံး) အဖွဲ့အလိုမရှိ၊ ပြည်သူပိုင်နယ်မြေ၊ လမ်းဖောက်လို့ စပါးမရ လယ်စိုက်မှ စပါးရမည်ဆိုသည့် စာသားပါဆိုင်းဘုတ်များ ကိုင်ကာ ဆန္ဒပြနေကြသည်။

ဇွန်လ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ရဲလုပ်ငန်းတာဝန်ယူကြသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များက ဆန္ဒပြသူ ၄ ဦးကို ဖမ်းဆီးထားသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောသည်။

“ဓာတ်ပုံတွေ ဗီဒီယိုရိုက်တဲ့သူတွေရှိတဲ့အချိန်မှာ ပလဖက ပြည်သူတွေကြားထဲ လက်နက်တွေနဲ့ ဝင်လာပြီး ဖမ်းတော့တာပဲ၊ နည်းနည်း ရုန်းရုန်းရုန်းရုန်းဖြစ်သွားတာပေါ့၊ ပြေးတဲ့သူကပြေး နောက်လူပြန်စုပြီး တစ်နေကုန်ပြကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရိုက်နှက်တာတော့မရှိဘူး။ ရှေ့မတိုးနဲ့ဆိုပြီး ကြိုးတန်းထားတယ်၊ ဒီစည်းမကျော်နဲ့ ဒီစည်းကို ကျော်တာနဲ့ ပစ်မယ်၊ ပစ်မိန့်ပါပြီးသားလို့ ပြောတယ်၊ ပြည်သူကလည်း မကျော်ဘူး၊ ဆိုင်းဘုတ်တွေ ကိုင်ပြီးပြတယ်”

ဖမ်းဆီးသွားသူများထဲမှ ၃ ဦးကို ညနေပိုင်းတွင် ပြန်လွှတ်ပေးသည်၊ တစ်ဦးကို ဆက်ဖမ်းထားဆဲ ဖြစ်သည်ဟု သိရသည်။ ထိုလုပ်ဆောင်ချက်သည် စစ်ကောင်စီလုပ်ရပ်နှင့် ခြားနားမှုမရှိကြောင်း ထီးချိုင့်ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သည်။

“သပိတ်ကို ဖြိုခွင်းတာနဲ့ ဓာတ်ပုံရိုက်တဲ့သူတွေဖမ်းတယ်၊ ဖုန်းတွေသိမ်းတယ်ဆိုတော့ ပြည်သူ့အစိုးရ တော်လှန်ရေးသမားတွေဖြစ်နေပြီးတော့ စစ်အစိုးရလိုဖြစ်နေတယ်” ဟု သူက ပြောသည်။

ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ကိုအောင်မှူးကမူ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းမရှိ၊ ဆန္ဒပြပွဲဦးဆောင်သူကို ဖမ်းဆီးထားသည်ဟု ဆိုသည်။

“လှုံ့ဆော်သူဖြစ်လို့ ဥပဒေရေးရာတာဝန်ခံနဲ့ တိုင်ပင်ပြီး တရားစွဲဖို့ရှိတယ်၊ (အခြားသူတွေ) ခေါ်ပြီး စစ်ဆေးတာ ဟုတ်တယ်၊ သံသယရှိတဲ့သူနဲ့တူလို့ ခေါ်ပြီးစစ်ဆေးတာတွေရှိတယ်” ဟု ကိုအောင်မှူးက ပြောသည်။

မေလ ၃၀ ရက်နေ့က လမ်းဖောက်လုပ်မှုကို ပထမဆုံးအကြိမ် ကန့်ကွက်နေသည့် ဒေသခံများ (ဓာတ်ပုံ − ပေးပို့)

ဒေသခံများနှင့် ထီးချိုင့်အုပ်ချုပ်ရေးအဖွဲ့တင်းမာမှု

ထီးချိုင့်အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ဖောက်လုပ်နေသည့် လမ်းသစ်သည် အိမ်ခြေ ၇၀ ခန့်ရှိသည့် ဆူးပုတ်ချောင်ရွာနှင့် အနောက်တည့်တည့် မိုင်ဝက်ကျော်ရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကို ဆက်သွယ်ဖောက်လုပ်နေခြင်းဖြစ်သည်။ ယခင်က ဖောက်ပြီးသားလမ်းတစ်ခုလည်းရှိပြီး အနောက်တောင် တစ်မိုင်အကွာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းဘေးရှိ အင်းတိန်ရွာသို့ ပေါက်သည့်လမ်းဖြစ်သည်။

ဒေသခံများကန့်ကွက်သည့်ကြားမှ မြို့နယ်ပအဖအဖွဲ့က လမ်းဖောက်လုပ်ရန် ကြိုးစားသဖြင့် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ပထမအကြိမ်ဆန္ဒပြခဲ့သေးသည်။ ထိုစဉ်က ဦးဆောင်သူနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထို့နောက် ယခုလ ၁၅ ရက်နေ့တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပအဖ) များနှင့် တောင်သူများ ထပ်မံဆွေးနွေးခဲ့သော်လည်း မပြေလည်ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အလယ်တောတိုက်နယ် ပအဖခေါင်းဆောင်က ဆိုသည်။

“လယ်သမား ၃ ဦးက ဘိုးဘွားအမွေဖြစ်တဲ့အတွက် မပေးနိုင်ဘူး ပြောတယ်၊ ပိုက်ဆံနဲ့ညှိတာ၊ သူတို့ကလည်း ဘိုးဘွားအမွေဆိုတော့ မပေးနိုင်ဘူးပြောတယ်၊ ကျန်တဲ့လမ်းရှိလျက်နဲ့ ဒီလမ်းဖောက်တာ လက်မခံနိုင်ဘူး“

ဒေသခံများ၏ ဆန္ဒကို လျစ်လျူရှုသည့်အတွက် ဆွေးနွေးပွဲပါဝင်ခဲ့သည့် အလယ်တောတိုက်နယ် ပအဖခေါင်းဆောင်နှင့် အင်းတိန်ကျေရွာ ပအဖခေါင်းဆောင်နှစ်ဦး နုတ်ထွက်စာတင်ထားသည်ဟုလည်း သိရသည်။

လမ်းဖောက်ခြင်းသည် ဒေသခံများ၏ အကျိုးစီးပွားအတွက်ဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျပ်ငွေ တစ်ဘီလီယံခွဲခန့်ထိပင် သုံးစွဲခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပအဖတာဝန်ခံက ဆိုသည်။

“ကုန်ထုတ်လမ်း နံပါတ်တစ်ဖောက်ပေးတယ်၊ ရွာချင်းဆက်လမ်းကို ဖောက်ပေးတယ် (နွေစပါးအတွက်) ရေဖန်တီးပေးတယ်၊ တော်လှန်ရေး ဒီနေ့ပြီးရင် ဒီနေ့ ထီးချိုင့် မြောက်ပြင်ရိုးနဲ့ မဲဇာရိုးက (စီးပွားရေး) ထောင်းထောင်းထနေအောင် စီမံတာ၊ ဒုတိယက လျှပ်စစ်မီးလုပ်နေတာ၊ တချို့က အမြင်တူမှာမဟုတ်ဘူး” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေးတိုင်းတို့နှင့် ထိစပ်နေသည့် ထီးချိုင့်မြို့ကို ထိမ်းချုပ်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ် PDF၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်များက ယမန်နှစ် နိုဝင်ဘာလက အင်အားအလုံးအရင်းနှင့် တိုက်ခိုက်ခဲ့ဖူးသည်။

မြို့သိမ်းတိုက်ပွဲ မအောင်မြင်သဖြင့် ပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရပြီးနောက် မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံထားရကာ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်သည်။

ပြန်လည်ထူထောင်ရေးကာလ မရောက်သေးချိန်တွင် ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ဆောင်ချက်သည် လက်တွေ့နှင့် မကိုက်ညီဟု ထီးချိုင့်ဒေသခံ တက်ကြွလှုပ်ရှားသူက ဆိုသည်။

“တော်လှန်ရေးကာလမှာ ဘာလို့လမ်းတွေဖောက်နေတာလဲ၊ တံတားတွေဆောက်နေတာလဲ။ ထီးချိုင့်မြို့နယ်မှာ မြို့သိမ်းဖြစ်နေတာ၊ မြို့ကြီးကို ပစ်ထားခဲ့ပြီးမှ စစ်ရှောင်တွေ ပြေးလွှားနေရတဲ့အချိန်မှာ လမ်းဖောက်ဖို့ အရေးကြီးတာလား၊ မြို့သိမ်းဖို့အရေးကြီးလား၊ ခေါင်းဆောင်တွေ စဉ်းစားရမယ်” ဟု သူက ဆိုသည်။

ထီးချိုင့်မြို့နယ်သည် စစ်ရေးအရ အရေးပါသည့် မြို့ဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်းမှ ကချင်ပြည်နယ်သို့ ဝင်ရောက်သည့် ဗျူဟာလမ်းမနှစ်ခုနှင့် ရေလမ်းကြောင်းတစ်ခုရှိသည်။ ထိုလမ်းကြောင်းအားလုံး ထီးချိုင့်ကို ဖြတ်သန်းသွားလာရသည်။

Show More

Related Articles

Back to top button