၁၀၂၇ စစ်ဆင်ရေး ရပ်တန့်သွားသည့်နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအများအပြား ခွဲဝေပိုင်ဆိုင်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နယ်မြေထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေးဆိုပိုင်းဆိုင်ရာ အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။
နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့မှလွဲ၍ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့တို့၏ မြောက်ဘက်၊ မန္တလေး -မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ မြောက်ဘက်ရှိ နယ်မြေများနှင့် မြို့များအားလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့ကြသည်။
စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် မိုင်းလုံမြိုနယ်တို့ကို သိမ်းယူခဲ့သည်။
ကိုးကန့်တပ်ဟု လူသိများသည့် MNDAA ကလည်း သိန္နီ၊ ကွမ်းလုံ၊ မုန်းကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော်၊ ကုန်းကြမ်းနှင့် လောက်ကိုင်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) မပါဝင်သော်လည်း ၎င်း၏ တပ်မဟာ ၃ ခု လှုပ်ရှားရာနယ်မြေများရှိ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မန်တုံမြို့နယ်တို့နှင့် အချို့ဒေသများတွင် စစ်ကောင်စီတပ်ကို သီးခြား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
တရုတ်နယ်စပ်တွင် လှုပ်ရှားသည့် TNLA, MNDAA, KIA တို့သည် မဟာမိတ်များဖြစ်ကြပြီး အဖွဲ့ ၇ ဖွဲ့ပါ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်းရေးကော်မတီ (FPNCC) တွင် ပါဝင်ထားကြသည်။ ကျန် ၄ ဖွဲ့မှာ AA, UWSA, SSPP/SSA, မိုင်းလားအဖွဲ့ဟု လူသိများသည့် NDAA တို့ ဖြစ်သည်။
TNLA နှင့် KIA ကြား တင်းမာမှုများ
မေ ၃၁ ရက်နေ့တွင် TNLA က FPNCC ကော်မတီသို့ စာပို့ကာ ၎င်းတို့ သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း KIA က နည်းလမ်းပေါင်းစုံဖြင့် နှောင့်ယှက်နေကြောင်း၊ အခွန်ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများလည်း ပြုလုပ်နေကြောင်း တိုင်ကြားခဲ့သည်။
ထို့ပြင် ၎င်းတို့ လုပ်ကိုင်နေသည့် မန်တုံမြို့နယ် အွည်လော-မိုင်းဘော် ဒေသမှ ဘော်ဟိုကျန့် သတ္ထုတွင်းကို KIA က နည်းမျိုးစုံဖြင့် နှောင့်ယှက်ပိတ်ဆို့နေသလို မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်များရှိ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများတွင်ပါ နှောင့်ယှက်နေသည့်အတွက် မြေပြင်တပ်များအကြား မကြာခဏ ပွတ်တိုက်မှုများ ရှိနေသည်ဟု ဆိုသည်။
KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်ပြီး FPNCC က ဆက်သွယ်လာခြင်းမရှိသေးသလို KIA ဗဟိုကလည်း ညွှန်ကြားခြင်းမရှိသေးဟု ပြောသည်။
အောက်ခြေတပ်အချင်းချင်း တင်းမာမှုဆိုသည်မှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အချင်းချင်း ညှိနိုင်းပြီးမှ ပြေလည်တဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။ ဆိုလိုချင်တာက တကယ့် ရှေ့တန်းမှာ ပွတ်တိုက်မှုကတော့ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဒါပေမဲ့ အခုလိုမျိုး ဗဟိုအဆင့်အချင်းချင်း စာရေးသားတဲ့ အဆင့်ကတော့ ဒီတစ်ခါကတော့ ပထမဦးဆုံးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
TNLA ကို ဖုန်းဆက်မေးမြန်းရာတွင် ပြောခွင့်ရအရာရှိ လွေးယေဦးက တိုင်ကြားစာနှင့် ပတ်သက်ပြီး အထက်က ညွှန်ကြားထားခြင်းမရှိသည့်အတွက် မသိရသေးကြောင်း တုံ့ပြန်သည်။
အဆိုပါ တိုင်ကြားစာ ထုတ်ပြန်သည့်နေ့တွင်ပင် TNLA က ၎င်းတို့ အုပ်ချုပ်သည့် နယ်မြေတွင်းရှိ စစ်ကောင်စီလက်ထက်က ခွင့်ပြုခဲ့သည့် လုပ်ငန်းများအားလုံးကို ဆက်လက်လုပ်ကိုင်ခွင့် မပြုတော့ကြောင်း ကြေညာခဲ့သည်။
သတ္ထုတွင်းပြဿနာမှာ ဧပြီလဆန်းမှ စတင်သည်၊ TNLA သတ္ထုထုတ်လုပ်မှုကို KIA တပ်ဖွဲ့ဝင်များက သွားရောက်တားဆီးရာတွင် TNLA က အင်အားထပ်မံဖြည့်တင်းလာသည့်အတွက် တင်းမာမှု မြင့်တက်လာခြင်း ဖြစ်သည်၊ ပြဿနာမှာ ပြေလည်ခြင်းမရှိသေးဟု ဒေသခံတချို့က ပြောသည်။
KIA က ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်မည်ဟု ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲကတော့ နမ့်ဖတ်ကာပေါ့နော်၊ ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားတွေ ချပါတယ်၊ ကျန်တဲ့နေရာတွေမှာလည်း ကျွန်တော်တို့ ပိုင်တဲ့၊ အုပ်ချုပ်တဲ့ နယ်မြေကိုတော့ အုပ်ချုပ်မှုယန္တရားတွေ ချပါတယ်။ တခြားညီနောင်တိုင်းရင်းသားအဖွဲ့တွေ အုပ်ချုပ်တဲ့နေရာမှာတော့ ကျွန်တော်တို့ ဘာမှ မလုပ်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အုပ်ချုပ်ရေးနယ်မြေတချို့တွင် မန်တုံနှင့် နမ့်ခမ်းမြို့နယ်တို့မှ နယ်မြေတချို့ပါဝင်သည်ဟု သိရသော်လည်း လတ်တလော TNLA တပ်များနှင့်ပတ်သက်ပြီး အငြင်းပွားနေသည့် ဘော်ဟိုးကျန့် သတ္ထုတွင်းကိစ္စနှင့် ပတ်သက်ပြီး ပြောဆိုရန်ကို ဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုသည်။
အဆိုပါ နယ်မြေများသည် KIA ၏ တပ်မဟာ (၄) ထိန်းချုပ်ဒေသများတွင် ပါဝင်နေပြီး TNLA ၏ တပ်မဟာတချို့၏ ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နေသည်။
အဖွဲ့စုံသည့် ကွတ်ခိုင်
ကွတ်ခိုင်မြို့ကို သိမ်းရာတွင် TNLA ဦးဆောင်ကာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်၊ ဇန်နဝါရီ ၇ ရက်နေ့တွင် မြို့ကို သိမ်းပိုက်ပြီးနောက် မြို့ပေါ်တွင် MNDAA, ဆက်ဆံရေးရုံးဖွင့်ထားသည့် KIA တို့ကပါ ဝင်ရောက်တပ်စွဲခဲ့သည်။
ဖေဖော်ဝါရီလက ထိုမြို့ပေါ်တွင် ကချင်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လွှင့်ထူထားသည့် ကချင်အလံများကို TNLA က ဖြုတ်ချခဲ့သည်၊ မြို့ပေါ်ရှိ KIA ၏ ဆက်ဆံရေးရုံးတွင် တပ်မစွဲရန်နှင့် ရုံးထိုင်သူများလည်း အရပ်ဝတ်ဖြင့်သာ နေထိုင်ရန် TNLA က ကန့်သတ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ် နယ်နမိတ်အတွင်း KIA သည် MNDAA နှင့်လည်း တင်းမာမှု ဖြစ်ခဲ့သည်။
ဇန်နဝါရီလအတွင်း KIA က နမ့်ဖတ်ကာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခလရ (၁၂၃) တပ်ရင်း၊ တပ်မ (၉၉) တပ်တချို့နှင့် အမြောက်တပ်တစ်ခုချထားသည့် စခန်းကို သိမ်းပိုက်လိုက်သည်။
ဧပြီ ၂၆ ရက်နေ့တွင် MNDAA တပ်သားများက နမ့်ဖတ်ကာကျေးရွာအနီးရှိ KIA ၏ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာပြီး KIA တပ်သားများကို သေနတ်ဖြင့် ချိန်ရွယ် ရိုက်နှက်ကာ လက်နက်များ သိမ်းယူခဲ့ကြသည်။
ရက်များမကြာမီ နှစ်ဖက်တပ်ဖွဲ့ ညှိနိုင်းပြီး အဆင်ပြေသွားကြသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ကချင်တိုင်းရင်းသားအများအပြားနေထိုင်သည့် မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) စသည့် မြို့နယ်များတွင်လည်း အုပ်ချုပ်သူ MNDAA တပ်ဖွဲ့များနှင့် ဒေသခံများအကြား တင်းမာမှုများကြောင့် KIA နှင့် မြေပြင်တွင် ညှိနိုင်းဖြေရှင်းမှုများရှိနေသည်။
အဆိုပါ နမ့်ဖတ်ကာ တိုက်နယ်ရွာတွင် ဧပြီလအတွင်း TNLA တပ်ဖွဲ့များနှင့် နမ့်ဖတ်ကာဒေသခံများအကြား အုပ်ချုပ်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး အချေအတင်ဖြစ်ပွားခဲ့သည်ဟု ကွတ်ခိုင်ဒေသခံတချို့က ပြောသည်။
လူမျိုးရေးမကြည့်ဘဲ မျှမျှတတသာ အုပ်ချုပ်စေချင်သည်ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“လူမျိုးကိုပဲ ဗဟိုပြုပြီးမှ ပြည်သူကို ဗဟိုမပြုဘူးဆိုရင်တော့ ဒီပဋိပက္ခတွေက ဆက်ရှိမှာပဲ၊ ပြည်သူကို ဗဟိုမပြုတဲ့ အုပ်ချုပ်ရေးကတော့ ပျက်ပြားမှာပဲ” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။
အောက်ခြေတွင် တပ်အချင်းချင်း ညှိနိုင်းပြေလည်မှုရသွားသော်လည်း ဒေသခံ ကချင်လူထုနှင့် TNLA ကြား တင်းမာမှုများမှာ ဆက်လက်ဖြစ်ပေါ်နေသည်။
ဇွန် ၃ ရက်က ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းတွင် စခန်းချထားသည့် TNLA တပ်က ကျောင်းတက်ရန်လာသည့် ကျောင်းသားများ၊ ကျောင်းသားမိဘများကို ကျောင်းဝင်းအတွင်း ဝင်ခွင့်မပြုခဲ့သည့်အတွက် အချေအတင်ဖြစ်ခဲ့ကြသည်။
အဆိုပါ စာသင်ကျောင်းမှာ KIA တိုက်နယ်အုပ်ချုပ်ရေးအောက်ရှိ ပညာရေးဌာနက ဦးဆောင်ဖွင်လှစ်ထားသည့် အလယ်တန်းအဆင့်ကျောင်းတစ်ခုဖြစ်သည်ဟု သိရသည်။ ထို့နေ့က ကျောင်းကော်မတီတာဝန်ရှိသူများသည် TNLA တပ် တားဆီးနေသည့်ကြားမှ အတင်းဝင်ရောက်ကာ ကျောင်းကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ကာလိုက်ကျေးရွာဖြစ်စဉ်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး ဖြေရှင်းဖို့ ကြိုးစားကာ စာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု TNLA ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူ လွေးယေဦးက ပြောသည်။
“ကွတ်ခိုင်တစ်မြို့လုံးမှာတော့ ကျွန်မတို့က စာသင်ကျောင်းဖွင့်နိုင်ဖို့ ကြိုးစားသွားမယ်၊ လူထုတွေနဲ့ နားလည်မှုလွဲနေတာတွေကို ဖြေရှင်းဖို့ ကျွန်မတို့ လူထုနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါမယ်” ဟု လွေးယေဦးက ပြောသည်။
TNLA အုပ်ချုပ်ထားသည့် နယ်မြေများတွင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) က ဦးဆောင်ကာ စာသင်ကျောင်းများဖွင့်လှစ်နေပြီး ကျောင်းဝင်ကြေးအဖြစ် ကျပ် ၁ သိန်းမှ ၂ သိန်းကြား ကောက်ခံသွားမည်ဟု သိရသည်။
TLEC ၏ အုပ်ချုပ်မှုအဖွဲ့က ၎င်းတို့သည် TNLA ၏ အုပ်ချုပ်မှုအောက်တွင် မရှိဟု ဆိုသည်။
TNLA နှင့် တင်းမာမှုများ
ထိန်းချုပ်နယ်မြေတွင် အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နေသည့် TNLA သည် ဒေသတချို့မှ နယ်ခံလူထုအပြင် မဟာမိတ်တချို့နှင့်ပါ ထိပ်တိုက်တွေ့နေသည်။
မေ ၂၁ ရက်က TNLA မှ သင်တန်းဆင်းလာသည့် စစ်သည် ၁၀၀၀ ခန့် ကွတ်ခိုင်မြို့ပေါ်တွင် အင်အားပြခဲ့ကြသည်။
ဧပြီ ၂၇ ရက်နေ့တွင် MNDAA တပ်ဖွဲ့ဝင်တချို့က ကွတ်ခိုင်မြို့၏ ကောင်းခါးလမ်းခွဲတွင် ကင်းစောင့်နေသည့် TNLA တပ်ဖွဲ့ဝင် ၅ ဦးထံမှ လက်နက်များ သိမ်းဆည်းကာ အဆိုပါနေရာမှ ဖယ်ရှားခိုင်းခဲ့သည်။
ထို့နောက် ညှိနိုင်းဖြေရှင်းအပြီး ပြေလည်သွားကာ လက်နက်များပြန်ပေးခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။
TNLA နှင့် MNDAA တပ်ဖွဲ့ဝင်များ ကွတ်ခိုင်မြို့ပေါ် ဌာနဆိုင်ရာအဆောက်အအုံများနှင့် နေရာတချို့တွင် အသီးသီးနေရာယူကာ တပ်စွဲထားကြသည်၊ တင်းမာမှုလည်း လျှော့ချနိုင်ခဲ့သည်ဟု သိရသည်။
မေလကုန်ပိုင်းက တရုတ်နယ်စပ်အနီး နမ့်ခမ်းမြို့ဝန်းကျင် နယ်စပ်ဂိတ်တွင် နေရာယူထားသည့် ရှမ်းပြည်တောင်ပိုင်းတပ်မ တော် (SSPP/SSA) တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLA က အင်အားပြ ဖယ်ရှားကာ မူဆယ်မြို့ဘက်သို့ ပို့ဆောင်ခဲ့သည်။
ထို့သို့ ပို့ဆောင်ခြင်းမှာ နှစ်ဖက်တပ်ဖွဲ့ဝင်များကြား ကြိုတင်ညှိနိုင်းပြီးမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု TNLA ပြောခွင့်ရရုံးမှ လွေးယေဦးက ပြောသော်လည်း SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကမူ ထိုသို့ ညှိနိုင်းခဲ့ခြင်းမရှိကြောင်း သတင်းဌာနတချို့ကို ပြောသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်ဖွဲ့ဝင်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ပေါင်း ၂၀ ဝန်းကျင်ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းစိုးနိုင်ကမူ နယ်မြေအငြင်းပွားမှုပြဿနာမှာ အဆန်းတကြယ်မဟုတ်ဟု ဆိုသည်။
“ပဋိပက္ခတော့ ရှိလိမ့်မယ်၊ အထူးသဖြင့် အကျိုးစီးပွားနဲ့ ပတ်သက်တာ အခွန်ကောက်ခံရေးတို့ ဘာတို့တော့ ရှိလိမ့်မယ်၊ နယ်မြေကိစ္စဘာညာဆိုတာကလည်း ညီနောင်တပ်ဖွဲ့အချင်းချင်း သီးခြားဖြေရှင်းနိုင်တဲ့ အချိန်တစ်ခုတော့ ရောက်လာမှာပါ၊ စစ်ရေးပဋိပက္ခအထိတော့ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုများကို စစ်ရေးအရ ဖြေရှင်းရန် ဆန္ဒမရှိဘဲ သမိုင်းကြောင်းကို အခြေခံပြီး ဆွေးနွေးဖြေရှင်းရန် ဆန္ဒရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သည့် KIA တည်ထောင်ခြင်း ၆၃ နှစ်ပြည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြာခဲ့သည်။
TNLA ၏ ပြောခွင့်ရရုံးမှ တာဝန်ရှိသူ လွေးယေဦးကလည်း KIA နှင့် လတ်တလော တင်းမာမှုများနှင့် ပတ်သက်ပြီး ဗဟိုက သီးခြားညွှန်ကြားမထားကြောင်း ပြောသည်။
“လက်ရှိအထိတော့ (မြေပြင်တပ်တွေကို) ကျွန်မတို့ ညွှန်ကြားထားတာ မရှိသေးပါဘူး၊ တကယ်လို့ နှစ်ဖွဲ့ကြားမှာ တစ်စုံတစ်ရာ အငြင်းပွားမှုရှိတယ်ဆိုရင်လည်း ကျွန်မတို့က နိုင်ငံရေးနည်းလမ်းနဲ့ပဲ တွေ့ဆုံဆွေးနွေးမယ်” ဟု လွေးယေဦးက ပြောသည်။