သတင်း

‌ရွှေကူမြို့နယ်တိုက်နယ်ဆေးရုံ ဗုံးကြဲခံရ ကလေး ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းရွာတိုက်နယ်ဆေးရုံကို မနေ့ညက စစ်ကောင်စီတပ်က တိုက်လေယာယဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းရွာရှိ တိုက်နယ်ဆေးရုံကို ယမန်နေ့ (ဇွန်၂ ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ကလေးငယ်မှာ အဆိုပါ ဆေးရုံတွင် ကလေးမီးဖွားနေသည့် ၎င်း၏ မိခင်ထံ လာရောက်ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အမေက မီးဖွားတဲ့အခါကျတော့ ကလေးက သွားတာလေ၊ သွားတဲ့အခါကျတော့ အဲဒီကလေးက အဲဒီနေရာမှာပဲ ပွဲချင်းပြီးသွားတယ်။ အဖေက ပေါင်ဖြတ်ရတယ် သားကတော့ တစ်ခါတည်းဆုံးသွားတယ်၊ လူနာက အများကြီးရှိတယ် တည့်တည့်မကျလို့ တည့်တည့်ကျရင် တော်တော်ကြီးကို မတွေးဝံ့စရာပဲ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

မီးဖွားထားသည့် ကာယကံရှင် အမျိုးသမီးကို ၎င်း၏ ကလေး သေဆုံးကြောင်း အသိမပေးသေးဘဲ ဆေးရုံမှ လူနာအားလုံးကိုလည်း ဆေးရုံမှ ဆင်းခိုင်းလိုက်ကြသည်ဟု သိရသည်။

ဆေးရုံအနီး ပေ ၁၀၀ ခန့်အကွာတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံအဆောင်များ ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း သိရသည်။

ဆေးရုံမှ လူနာများဆင်းနိုင်ရန်နှင့် အပျက်အစီးများကို ရှင်းလင်းရန် ဒေသခံများက ကူညီပေးခဲ့ကြသည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။ 

အဆိုပါ ဆေးရုံသည် ၁၆ ခုတင်ဆံ့ ဆေးရုံဖြစ်ပြီး ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဆေးရုံဝန်ထမ်းများအားလုံး CDM လှုပ်ရှားမှုတွင်ပါဝင်လာခဲ့သည်၊ ထို့နောက် ထိုဆေးရုံကို CDM ဝန်ထမ်းများဖြင့် ဆက်လက်လည်ပတ်ကာ ဆေးကုသပေးနေသည့် ဆေးရုံဟုလည်း သိရသည်။

ရွှေကူမြို့ အရှေ့မြောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်း ၈ မိုင်ခန့်အကွာတွင်ရှိသည့် မြို့ကုန်းတိုက်နယ်ဆေးရုံတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆေးကုသနေသည်ဟု ယူဆချက်ဖြင့် ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံများနှင့် ရွှေကူ-PDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တို့က ဆိုသည်။

လေကြောင်းမှ တိုက်ခိုက်ခံရသည့် မြို့ကုန်းတိုက်နယ်ဆေးရုံ တည်နေရာပြပုံ။

တိုက်ပွဲဖြစ်ခြင်းမရှိဘဲ သတင်းပေးတချို့ကြောင့် အဆိုပါ ဆေးရုံကို ဗုံးလာကြဲခြင်းဖြစ်နိုင်သည်ဟု ရွှေကူ-PDF တာဝန်ခံ အမျိုးသားက ပြောသည်။

“ဘာမှ တိုက်ပွဲတွေဘာတွေမရှိဘူး၊ ည ၁ နာရီလောက်ကြီး လာချသွားတာ။ စစ်ကြောင်းထိုးတာတွေလည်း ဘာမှမရှိ အဲဒီဘက်မှာ စစ်ကောင်စီတပ်က ကင်းရှင်းနေပြီ” ဟု ရွှေကူ-PDF တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် KIA နှင့် PDF များ၏ ကချင်ပြည်နယ်အတွင်း ထိုးစစ်များကြောင့် မေပြင်စစ်ကြောင်းများ မထိုးနိုင်သည်မှာ လအနည်းငယ် ကြာမြင့်နေပြီး မြို့စောင့်တပ်အနေဖြင့်သာ တပ်စွဲထားနိုင်တော့သည်ဟု သိရသည်။

မြို့ကုန်းရွာမှာ တိုက်နယ်အဆင့် ကျေးရွာတစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃,၀၀၀ကျော် နေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။

မေ ၇ ရက်က ဧရာဝတီမြစ်ကမ်း စင်းခန်းတံတားအနီးတွင် ရှိပြီး ဗျူဟာအရ အရေးပါသည့် စင်းခန်းရွာကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီး အဆိုပါ စင်းခန်းရွာနှင့် မြို့ကုန်းရွာသည် ၁၆ မိုင်ခန့်သာ ဝေးသည်။

ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင်လည်း ဝိုင်းမော်မြို့နယ် တာလောကြီးရွာနှင့် KIA တပ်များ သိမ်းပိုက်ထားသည့် ရွှေညောင်ပင်ရွာကြားရှိ ဒဘတ်ချောင်းကူးတံတားကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သည်ဟု သိရသည်။

KIA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် မံစီနှင့် မိုးမောက်မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

နိုင်ငံအနှံ့တွင် တော်လှန်ရေးတပ်များ၏ ထိုးစစ်များကို တစ်ပြိုင်နက် ခုခံနေရသည့် စစ်ကောင်စီတပ်မှာ မြေပြင်စစ်ကူ စစ်ကြောင်းများ မပို့ပေးနိုင်သည့်အတွက် လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတို့ကိုသာ အားပြုလုပ်ဆောင်နေသည်။

Show More

Related Articles

Back to top button