သတင်း

မတူပီမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းတော်လှန်ရေးအင်အားစု သိမ်းပိုက်

စစ်ကောင်စီတပ်က နိုင်ငံအနှံ့ ခံစစ်ဆင်နေရချိန်တွင် ချင်းပြည်နယ်ရှိ ဌာနဆိုင်ရာရုံးတစ်ရုံးတွင် အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော စခန်း တိုက်ခိုက်ခံရသဖြင့် လက်လွှတ်လိုက်ရသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ (မေ ၃၀) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။

မတူပီမြို့မြောက်ဘက် ၉ မိုင်ခန့်အကွာ ငလိုင်ရွာနှင့် ဖနိုင်ရွာကြားရှိ ထိုရုံးကို နံနက် ၁၀ နာရီဝန်းကျင်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း CDF မတူပီ အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီမနက် စစ်ဆင်ရေးစတင်ပြီးတော့ ၁၀ နာရီလောက်မှာ ရရှိပါတယ်။ ခရိုင်ရုံးနဲ့ အိုးအိမ် အဆောက်အအုံ ၂ ခုစလုံးကို ပေါင်းမယ်ဆိုရင် (စစ်ကောင်စီ) အင်အား ၃၀ နဲ့ ၅၀ ကြား တပ်စွဲထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ဖနိုင်ရွာဘက်သို့ ဆုတ်ခွာသွားသဖြင့် လိုက်လံ တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

မတူပီ-ဟားခါး လမ်းပေါ်ရှိ အသစ်ဆောက်လုပ်ထားသည့် ခရိုင်ရုံးအဆောက်အအုံတွင် စစ်တပ်က ၂၀၂၁ ကတည်းကပင် စတင် တပ်စွဲထားသည်၊ ယခင်ကလည်း ချင်းတော်လှန်ရေးအင်အားစုများက မကြာခဏ သွားရောက် တိုက်ခိုက်တတ်သည်။ 

စစ်တပ်က အာဏာသိမ်းချိန်ကတည်းက နိုင်ငံအနှံ့ အုပ်ချုပ်ရေးမှူးရုံး အများအပြားတွင် စခန်းချ တပ်စွဲထားသည်။

ရခိုင်၊ ကချင်၊ ကရင် စသည့် ဒေသကြီးများတွင် အကြီးအကျယ် စစ်ထိုးခံနေရသည့် စစ်ကောင်စီသည် မတူပီမြို့ တိုက်ပွဲသို့ လေတပ်စေလွှတ်နိုင်ခြင်း မရှိဟု သိရသည်။

သို့သော်လည်း ဖနိုင်ရွာဘက်တွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိကြောင်း သိရသည်။

မတူပီရှိ စခန်းများကို တိုက်ခိုက်ရာတွင် ဦးစားပေး တိုက်ခိုက်ရမည့်နေရာများ ရှိသည်ဟု CDF မတူပီ အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူ အမျိုးသားက ပြောသည်။

“ခရိုင်ရုံးရယ်၊ ဖနိုင်ရွာမှာက ခံစစ်လှိုင်းပြင်ထားတာ ရှိတယ်။ အဲ့ဒီခံစစ်လှိုင်းကို အရင်ဆုံး ရှင်းလင်းရခြင်းဖြစ်ပါတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် မတူပီခရိုင်ရုံးပုံ။

ယနေ့တိုက်ပွဲ၌ ချင်းတော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး မိုင်းကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ် တပ်စွဲထားရာ ခရိုင်ရုံးအနီး ကျေးရွာများဖြစ်သည့် ငလိုင်ရွာနှင့် ဖနိုင်ရွာမှ ဒေသခံများမှာ ၂၀၂၂ ကတည်းက စစ်တပ်၏ ရန်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ထွက်ပြေးခိုလှုံနေသည်။

မတူပီမြို့အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်တွင် ပလက်ဝမြို့နယ်၊ အရှေ့ဘက်တွင် မင်းတပ်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ မကွေးတိုင်းကို ပခုက္ကူ-ကျောက်ထု-မင်းတပ်-မတူပီ ကားလမ်းဖြင့် ဆက်သွယ်ထားသော ခရိုင်မြို့ဖြစ်သည်။

မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ချင်းတော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ထားသည်။

မတူပီမြို့ပေါ်တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၀၄၊ ၁၄၀၊ ဗျူဟာကုန်းနှင့် မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့တွင် စစ်တပ်က အထိုင်ချတပ်စွဲထားသည်။

မေလတတိယပတ်မှစတင်ကာ ချင်းတောင်တန်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်မြောက်ပိုင်း ကျီခါးမြို့နှင့် တွန်းဇံမြို့တို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ချင်းညီနောင်အင်အားစုက ကပ်လျက်တည်ရှိသည့် တီးတိန်မြို့ကို သိမ်းယူရန် ရည်ရွယ်၍ မေ ၂၇ ရက် အရုဏ်ချိန် မှ စတင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ စစ်ကောင်စီစခန်းကုန်းတစ်ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။

“စကစ ဘက်ကလည်း အိမ်တွေမီးရှို့နေတော့ ဗျူဟာတွေ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။.. စစ်ဆင်ရေးအရှိန်ကတော့ ဆက်ပြီးတော့မြှင့်မှာပါ” ချင်းညီနောင်အဖွဲ့နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန် ၂၇ ရက်က စစ်ဘေးရှောင်ရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် လင်မယားနှစ်ဦးမှာ တီးတိန်မြို့ ခလရ ၂၆၉ တပ်က ပစ်သည့် လက်နက်ကြီးထိမှန်ပြီး အသက် ၄၀ အရွယ် အမျိုးသမီး သေဆုံးကာ အမျိုးသားဖြစ်သူမှာ ခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်တပ်က အိမ်မီးရှို့သည်ဟူသော စွပ်စွဲချက်တို့နှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် ချင်းပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဦးအောင်ချို အစည်းအဝေး တက်ရောက်နေသဖြင့် ညနေပိုင်းမှ ပြန်လည်ဆက်သွယ်ရန် ဖြေကြားခဲ့သည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ကျင်ဒွေး၊ ကျီခါးနှင့် တွန်းဇံမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ထားသည်၊ ထို့ပြင် စစ်တပ် စခန်းစွန့်ခွာသွားသည့် ဝေဘူလ၊ နှာရိန်၊ မကွီအိမ်နူးနှင့် ဆူခွာရ်မြို့တို့ကိုလည်း ထိန်းချုပ်ထားသည်။

ဘင်္ဂလား​ဒေရှ့်၊ အိန္ဒိယတို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ပလက်ဝမြို့ကိုမူ အာရက္ခတပ်တော်ဟု အမည်ပြောင်းထားသည့် ရက္ခိုင့်တပ်တော် (AA) က သိမ်းထားသည်။

တီးတိန်မြို့တွင်းတစ်နေရာကို ၂၀၂၄ ခုနှစ် မတ်လဆန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – Khonumthung Media Group)

Show More

Related Articles

Back to top button